သတင်း

၂၀၁၆ ခုနှစ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှု ပိုမိုများပြားလာ

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများမှာ ၂၀၁၆ ခုနှစ် ပထမနှစ်ဝက်အတွင်းမှာပင် ၉၈ မှုရှိပြီး ၂၀၁၅ နှစ်ထင် ပိုမိုများပြားသည်ကိုတွေ့ရကြောင်း လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) ND-Burma ၏ မြန်မာ နိုင်ငံလူ့အခွင့်အရေးအခြေအနေ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယင်းအစီရင်ခံစာကို သြဂုတ် ၂၄ ရက်တွင် တရားဝင် ထုတ်ပြန်လိုက်ပြီး ၂၀၁၆ ခုနှစ် ပထမ ၆ လအတွင်း ပိုမိုများပြားလာသည့် သတ်ဖြတ်မှုနှင့် ညှဉ်းပန်းနှိပ်စက်မှုများကို မီးမောင်းထိုး တင်ပြထားခြင်းဖြစ်သည်။

ND-Burma ၏ စည်းရုံးလှုံ့ဆော်ရေးအရာရှိ မစုစုဆွေက “လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ စစ်တပ်နဲ့ပတ်သက်ရင် ဘယ်သူမှကိုင်တွယ်လို့မရဘူး။ လုပ်လို့မရဘူး။ အထူးသဖြင့် လူ့အခွင့်အရေးကော်မရှင်တောင် စစ်တပ်နဲ့ပတ်သက်ရင် လက်ရှောင်လာတာတွေ့ရတယ်။ မကိုင်တွယ်ဘူး။ ဒါကြောင့်မို့ အစိုးရသစ်တက်လာတဲ့အခါမှာ အရပ်ဘက်အုပ်ချုပ်ရေးအောက်မှာ စစ်တပ်ကိုရှိစေချင်တယ်။ နောက်ပြီး စစ်တပ်ကကျူးလွန်တဲ့အမှုတွေကိုလည်း အရပ်သားတရားရုံးမှာအမှုရင်ဆိုင်ပြီး တရားမျှတမှုရဖို့လုပ်ဆောင်ပေးတာတွေလိုချင်တယ်” ဟု ပြောသည်။

၂၀၁၆ ဇန်နဝါရီမှ ဇွန်လအတွင်း သတ်ဖြတ်မှု ၁၅ မှုနှင့် ညှဉ်းပန်းနှိပ်စက်မှု ၄၀ အပါအဝင် စုစုပေါင်း ၉၈ မှုကို မှတ်တမ်းတင် နိုင်ခဲ့ပြီး နှိုင်းယှဉ်ချက်အရ ၂၀၁၅ ခုနှစ် တနှစ်လုံးအတွင်းတွင် သတ်ဖြတ်မှု ၁၁ မှု၊ ညှဉ်းပန်းနှိပ်စက်မှု ၂၆ မှု အပါအဝင် စုစု ပေါင်း ၈၄ မှုထက် ပိုမိုများပြားနေကြောင်း တွေ့ရကြောင်း ဖော်ပြထားသည်။

လူ့အခွင့်အရေးချိုးဖောက်မှုများကို ပဋိပက္ခများဖြစ်ပွားနေသည့် တိုင်းရင်းသားဒေသများတွင် အများဆုံးတွေ့ရပြီး မြန်မာ့ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ကျူးလွန်နေကြောင်း အစီရင်ခံစာတွင် ထောက်ပြထားသည်။

Equality Myanmar မှ ဦးအောင်မျိုးမင်းက “လူ့အခွင့်အရေးအရ ပြောမယ်ဆိုရင် တချို့နေရာမှာ တိုးတက်လာတာရှိသလို တချို့နေရာတွေမှာတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေဆဲပဲ။ အထူးသဖြင့် လက်နက်ကိုင် ပဋိပက္ခတွေ ဆက်လက် ဖြစ်နေတဲ့ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်ဘက်မှာ လက်နက်ကိုင်အဖွဲ့လှုပ်ရှားမှုနဲ့ပတ်သက်သောအကြောင်း အရာကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်ရှိနေတုန်းပဲ။ ရွာသွားတွေကို မသင်္ကာလို့ ဖမ်းဆီးမှုတွေ၊ အဲဒီကတဆင့် သတ်ဖြတ်မှုတွေ ဖြစ်လာတယ်ဆိုတာကို မိုင်းယော်ရွာသား ၅ ဦးကိစ္စက သက်သေပြနေတယ်” ဟု မှတ်ချက်ပြုသည်။

ND-Burma က အစီရင်ခံစာကို နိုင်ငံတကာလူ့အခွင့်အရေး NGO အဖွဲ့အစည်းများ၏ အကူအညီကိုရယူကာ ဆောင် ရွက်ခဲ့ခြင်းဖြစ်ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၀ ခု အတွင်း တွေ့ဆုံမေးမြန်း၍ ကောက်ယူ စုဆောင်းခဲ့ခြင်းဖြစ်ကြောင်း၊ စစ်ပွဲဖြစ်ပွားနေသည့် ကချင်နှင့် ရှမ်းပြည်နယ်ကဲ့သို့သော ဒေသများမှ သတင်းအချက်အလက်များကိုမူ တင်ပြနိုင် ခြင်းမရှိကြောင်း သိရသည်။

တအာင်းအမျိုးသမီးအစည်းအရုံး (TWO)၏ မှတ်တမ်းများအရ ပဋိပက္ခများကြောင့် ရွာသားများ နေရပ်ရင်းမှ ရွှေ့ပြောင်းရမှု များဖြစ်ပေါ်စေပြီး ၂၀၁၆ ခုနှစ် ပထမ ၃ လအတွင်း ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်မှ ရွာသား ၅၀၀၀ ကျော် နေရပ် စွန့်ခွာ ရွှေ့ပြောင်းခဲ့ကြရကြောင်း သိရသည်။

NLD ဦးဆောင်သည့် အစိုးရသစ်တက်လာပြီးနောက် ရက်ပေါင်း ၁၀၀ အတွင်း သမ္မတ၏လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဖြင့် နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးခြင်း၊ ဥပဒေပြုမှုဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတခုအနေဖြင့် နိုင်ငံတော်အားနှောင့် ယှက်လိုသူများ၏လက်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေအား ရုပ်သိမ်းခြင်းအပါအဝင် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်း လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေများအား ပြင်ဆင်ရန်ဆောင်ရွက်နေခြင်းအပေါ် အသိအမှတ်ပြုကြောင်း လူ့အခွင့်အရေးလှုပ် ရှားသူများက ပြောသည်။

ယင်းသို့တိုးတက်မှုများ ဖြစ်ပေါ်နေသော်လည်း တိုင်းရင်းသားဒေသများတွင် ပဋိပက္ခများဖြစ်ပေါ်နေသည့်အတွက် လူ့အခွင့် အရေးချိုးဖောက်မှုများ များပြားလာခြင်းက ဆောင်ရွက်ရန်တာဝန်အများအပြားရှိနေသေးသည်ကို ညွှန်းဆိုနေကြောင်း၊ အစီရင်ခံစာပါ လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ်တွင်လည်း မည်သည့်အခါကမျှ တရားဝင်စုံစမ်း၊ စစ်ဆေးခြင်းမရှိသကဲ့ သို့ ချိုးဖောက်မှုအပေါ်တာဝန်ရှိသူများသည်လည်း လုံးဝအပြစ်ပေးအရေးယူခံရခြင်း တစုံတရာမရှိဘဲ လွတ်မြောက်နေကြ သည်ဟု ၎င်းတို့က ထောက်ပြသည်။

“အစိုးရသစ်ဖြစ်လာသည့်တိုင်အောင် အစိုးရနဲ့စစ်တပ်ရဲ့ကြားမှာ အားပြိုင်မှုတွေ ရှိနေတာတွေ့ရတယ်။ အထူးသဖြင့် စစ် တပ်နဲ့ပတ်သက်တဲ့ အစီရင်ခံမှုတွေ၊ စစ်တပ်နဲ့ပတ်သက်တဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လုပ်ဆောင်မယ်ဆိုလို့ရှိရင် ခွင့်မပြုသေးတဲ့အရာတွေက သိပ်ပြီးတော့မိုးလေဝသကောင်းတယ်လို့ပြောလို့မရဘူး” ဟု ဦးအောင်မျိုးမင်းက ပြောသည်။

ယခုအစီရင်ခံစာပါအချက်အလက်များကို သမိုင်းမှတ်တမ်းအဖြစ်သိမ်းဆည်းထားမည်ဖြစ်ပြီး ဒီမိုကရေစီအသွင်ကူးပြောင်း ရေးကာလအတွင်း တာဝန်ယူမှု၊ တာဝန်ခံမှုများ ဖော်ထုတ်သည့်ယန္တရားများရှိလာလျှင် အသုံးပြုနိုင်စေရန် စီစဉ်ဆောင်ရွက် ထားကြောင်း အစီရင်ခံစာပြုလုပ်ခဲ့သူများက ပြောသည်။

ပြီးခဲ့သည့် ၆ လအတွင်း ဖြစ်ပွားခဲ့သည့် ညှဉ်းပန်းနှိပ်စက်မှုနှင့် ဥပဒေမဲ့သတ်ဖြတ်မှုများ တိုးပွားလာသည့်အပေါ် ယခင် သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်တွင် လက်မှတ်ထိုးရန် ဆုံးဖြတ်ထားသည့် ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် အခြား ရက်စက်၊ လူမဆန်၊ ဂုဏ်သိက္ခာနှင့် မလျော်ညီသည့် ဆက်ဆံ ပြစ်ဒဏ်ပေးခြင်းများအား ဆန့်ကျင်သည့် ကုလသမဂ္ဂ သဘောတူစာချုပ် (UNCAT) နှင့် နောက်ဆက်တွဲ လိုက်နာစောင့်ထိန်းအပ်သည့် လုပ်ထုံးလုပ်နည်းကျင့်ဝတ် (OPCAT) တို့အား အစိုးရသစ်အနေဖြင့် လက်မှတ်ရေးထိုးရန် ND – Burma က တိုက်တွန်းထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading