သတင်း

နာဂတွင် ကူးစက်ရောဂါကြောင့် လူ ၂၀ ဦး ထပ်မံသေဆုံး

Want create site? Find Free WordPress Themes and plugins.

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် ကူးစက်ရောဂါကြောင့် လူ ၂၀ ဦး ထပ်မံ သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသူများသည် ကလေးအများစုဖြစ်ကြောင်း၊ ကူးစက်ရောဂါကြောင့် နာဂဒေသ နန်းယွန်းမြို့နယ် ဒုံဟီးကျေးရွာ၌ လူ ၂၀ ဦး ထပ်မံသေဆုံးကြောင်း စစ်ကိုင်းတိုင်းဒေသကြီး နန်းယွန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးစိမ်းမောင်က ဧရာဝတီကို ပြောသည်။

ကူးစက်ရောဂါကြောင့် ဇွန်လ ၆ ရက်မှ သြဂုတ်လ ၁၃ ရက်အထိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်နှင့် နန်းယွန်းမြို့နယ်တို့တွင် သေဆုံးသူ ၄၂ ဦး အထိရှိခဲ့ပြီး၊ သြဂုတ် ၁၄ ရက်နောက်ပိုင်းမှ သြဂုတ် ၂၃ ရက်အထိ နန်းယွန်းမြို့နယ် ဒုံဟီးကျေးရွာတွင် သေဆုံးသူဦးရေ ၂၀ ဦး ထပ်တိုးသဖြင့် သေဆုံးသူစုစုပေါင်း ၆၈ ဦး အထိရှိလာကြောင်း ၎င်းက ဆိုသည်။

“လဟယ်မြို့နယ်မှာတော့ သေဆုံးတဲ့သူ မတိုးဘူး။ နန်းယွန်းမြို့နယ်မှာ အခုထိ အယောက် ၂၀ ရှိပြီ။ လက်ရှိ ရောဂါဖြစ်နေတဲ့ နေရာမှာ မြို့နယ်ဆရာဝန်တွေ မရှိဘူး။ တိုင်းဆရာဝန် ပြည်ထောင်စုကျန်းမာရေးက လွှတ်မယ်လို့ ပြောတယ်။ နန်းယွန်းမြို့နယ်ကို လာတာတော့ မရှိသေးဘူး” ဟု ဦးစိမ်းမောင်က ပြောသည်။

လက်ရှိအချိန်၌ နာဂဒေသ၊ နန်းယွန်မြို့နယ်ပိုင် ကျေးရွာ ၄ ရွာတွင် ဖြစ်ပွားနေသည့် ကူးစက်ရောဂါသည် မည်သည်ရောဂါ ဖြစ်သည်ကို မသိရှိသေးကြောင်းနှင့် ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်ရန်အတွက် ရောဂါဖြစ်ပွားနေသည့် နေရာများကို စေတနာဆရာဝန်များက လာရောက်စောင့်ကြည့်ပေးစေလိုကြောင်း ဦးစိမ်းမောင် ဆက်ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ကူးစက်ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်ပြီး အကူအညီများပေးနေသော်လည်း ထိရောက်သောကူညီမှု မရရှိကြကြောင်း ဒေသခံတချို့က ပြောသည်။
နာဂအမျိုးသားကောင်စီ အတွင်းရေးမှူးဦးရှုမောင်က “နန်းယွန်းမြို့နယ် ကျေးရွာတချို့မှာ ရောဂါအခြေအနေ တော်တော်ဆိုးနေတယ်။ နန်းယွန်းမှာဖြစ်နေတဲ့ ရောဂါက အသက်ရှုလမ်းကြောင်းနဲ့ဆိုင်တဲ့ ရောဂါလို့တော့ ပြောတယ်။ ချွဲတွေသလိပ်တွေနဲ့ လည်ချောင်းမှာ အသက်ရှုကျပ်တယ်။ ချောင်းဆိုးရင် သွေးပါတယ်လို့ ပြောတယ်” ဟု ဆိုသည်။

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ ရောဂါကူးစက်ခံနေရသည့် ဒေသများတွင် စားနိပ်ရိက္ခာနှင့် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရန် အရေးပေါ်လိုအပ်နေပြီး လက်ရှိအချိန်တွင် လူပေါင်း ၆၀၀ အထိ ကူးစက်ခံနေရသည်ဟု ဦးရှုမောင်က ဆက်ပြောသည်။

ထို့အပြင် ရောဂါဖြစ်ပွားနေသည့် ကျေးရွာများ၌ လိုအပ်နေသည့် အစာအာဟာရနှင့်ဆေးဝါး အချိန်မီ ထောက်ပံ့ပေးနိုင်ရန် အတွက် လမ်းပန်းဆက်သွယ်ရေး အခက်အခဲကို ဖြေရှင်းပေးရန်၊ ရဟတ်ယာဉ်များ အသုံးပြုစီစဉ်ပေးရန် နာဂတိုင်းရင်းသား လူငယ်များအဖွဲ့က သြဂုတ် ၁၆ ရက်တွင် ထုတ်ပြန်ချက်ထုတ် တောင်းဆိုခဲ့ကြသည်။

နာဂဒေသ၌ လက်ရှိဖြစ်ပွားနေသည့် ကူးစက်ရောဂါသည် ဇွန်လဆန်းပိုင်းက စတင်ဖြစ်ပွားခဲ့ဲခြင်းဖြစ်ပြီး ဇူလိုင်လကုန်ပိုင်းမှသာ အစိုးရတာဝန်ရှိသူများ ကြားသိခဲ့ရသည်ဟု ဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading