အတိုက်အခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ(USDP) ဒုတိယအကြိမ် ညီလာခံက ရွေးချယ် တာဝန်ပေး ခံရ သည့် ဥက္ကဋ္ဌသစ် ဦးသန်းဌေးကို USDP ပါတီက ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီးတွင် သမ္မတ ဖြစ်လာရန် မျှော်မှန်း ထားကြောင်း သတင်းရရှိသည်။
ပါတီ ဥက္ကဋ္ဌသစ် ဦးသန်းဌေးသည် ပါတီကြီးတခုလုံးကို ဦးဆောင်နိုင်သည့် အရည်အချင်း ရှိသူဖြစ်ခြင်း၊ ၂၀၁၅ ရွေးကောက် ပွဲ ရလဒ်အပေါ်မှာ မူတည်၍ ပါတီတွင်း ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရာတွင် ဥက္ကဋ္ဌ အဖြစ် အသင့်လျော်ဆုံးသူ ဖြစ်ခြင်း တို့ကြောင့် မည်သည့် တာဝန်မျိုးကိုမဆို ထမ်းဆောင်နိုင်သူ တဦး ဖြစ်ကြောင်း USDP ပါတီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးခင်ရီက ယနေ့ နေ့လယ်ပိုင်း ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် မီဒီယာများသို့ ပြောသည်။
“ပါတီမှာလည်း အကြီးဆုံး ပုဂ္ဂိုလ်ဖြစ်တဲ့အတွက် ဒီပုဂ္ဂိုလ်ဟာ ပါတီနဲ့ ပတ်သက်ပြီး ခံစားရမယ့် ကိစ္စတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို အရနိုင်ဆုံး ပုဂ္ဂိုလ်လို့ ပြောလို့ရပါတယ်”ဟုလည်း သူက ပြောဆိုသည်။
သို့သော် နေပြည်တော် USDP ပါတီ အသိုင်းအဝိုင်း၏ အဆိုအရ ယခင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းကြီး ကို တည်ထောင်ခဲ့သူ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေက ပါတီမှ လက်ရှိ တာဝန်ရှိသူအားလုံး အနားယူ၍ လူသစ်များ မြင်လိုကြောင်း ပါတီထိပ်ပိုင်း ခေါင်းဆောင်တချို့ကို ခေါ်ယူပြောကြားခဲ့သဖြင့် ယခု အစီအစဉ် ပေါ်ပေါက်လာခြင်း ဖြစ် သည် ဟုလည်း ဆိုသည်။
ယင်း ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ နှင့် ပတ်သက်သည့် အချက်အလက်ကိုမူ ဧရာဝတီက သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။
ပါတီ ဥက္ကဋ္ဌသစ် ဖြစ်လာသူ ဦးသန်းဌေး ကလည်း“ကိုယ်သာ အစိုးရဖြစ်လာရင် နိုင်ငံရဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ လုံခြုံရေးတွေမှာ အကောင်းဆုံး ဖြစ်အောင် လုပ်ပေးဖို့ ဆန္ဒရှိသူပါ။ နိုင်ငံရေးဆိုတာ ပရဟိတ စိတ်ဓာတ် ရှိသူတွေမှ လုပ်လို့ ရတဲ့ လုပ်ငန်းတခုပါ။ လုပ်မယ့် လုပ်ငန်းတွေ အားလုံးဟာ တိုင်းပြည်အတွက် လူမျိုးအတွက် မှီတင်းနေထိုင်သူ တိုင်းရင်း သား အားလုံးအတွက် ကောင်းရာကောင်းကျိုး အားလုံးကို ရည်မှန်းပြီးတော့ လုပ်သွားရမှာ”ဟု မီဒီယာများသို့ ပြောသည်။
USDP ပါတီသည် ၂၀၁၅ ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သော်လည်း တိုင်းပြည်၏ အင်အားစုကြီး တရပ်အဖြစ် ရှိနေသေး ကြောင်း၊ တချိန်က ခေါင်းဆောင်ခဲ့သည့် ပုဂ္ဂိုလ်များသည် အသက်အရွယ်၊ ကျန်းမာရေးနှင့် အကြောင်းကြောင်းကြောင့် ဆက်၍ ခေါင်းဆောင်မှု တာဝန်ကို ရှေ့တန်းမှ မလုပ်နိုင်သည့်အခါ အရည်အချင်း၊ အရွယ်ရှိသူများကို ပါတီတွင်း ရွေးချယ် မှုဖြင့် အေးအေးချမ်းချမ်း လက်လွှဲပေးခဲ့ခြင်း ဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုသည်။
“နိုင်ငံတော် အာဏာရဖို့ ရွေးကောက်ပွဲ နိုင်ဖို့ဆိုရင် ကျနော့်ရဲ့ ရှေ့လုပ်ငန်းစဉ်က ရွေးကောက်ပွဲ နိုင်အောင် ကျနော် ကြိုးစား ပါမယ်။ သဘာ၀ အရလည်း အရှုံးတို့ အနိုင်တို့ဆိုတာ အမြဲတမ်းရှိနေတာ မဟုတ်ပါဘူး။ ဒီတချိန်မှာ နိုင်ချင် နိုင် ပေမယ့် နောက်တကြိမ်မှာ ရှုံးချင်ရင် ရှုံးမှာပါ။ ကျနော်တို့ ပါတီ ၂၀၂၀ ရွေးကောက်ပွဲမှာ ထိုက်သင့်တဲ့ ရည်မှန်းချက်ကို ရအောင် လုပ်ဆောင်မှာပါ”ဟု ဦးသန်းဌေးက ပြောသည်။
ယခု လက်ရှိအချိန် လွှတ်တော် ဒီမိုကရေစီတွင်လည်း တဦးတဖွဲ့တည်းက အာဏာကို ချုပ်ကိုင်ထားခြင်းသည် ကောင်း၊ မကောင်းဆိုသည်ကို ဝေဖန် ဆန်းစစ်သင့်ကြောင်းလည်း ၎င်းက ပြောဆိုသည်။
ဧရာဝတီက ပါတီ၏ ပိုင်ဆိုင်မှု အခြေအနေ၊ နိုင်ငံပိုင် အသင်းကြီး အဖြစ်မှ ပါတီအဖြစ် ပြောင်းလဲသည့်အခါ ပိုင်ဆိုင်မှု လွှဲပြောင်းမှု အခြေအနေများကို မေးမြန်းရာ ပါတီ၏ စီးပွားရေး တာဝန်ခံကိုသာ မေးမြန်းရန် ဦးခင်ရီက ပြောဆိုပြီး စီပွားရေး တာဝန်ခံကို ဆက်သွယ်လိုကြောင်း မေးမြန်းသည့်အခါ မခန့်ရသေးဟု ပြန်လည် ဖြေကြားသည်။
USDP ဥက္ကဋ္ဌ သစ် ဦးသန်းဌေးကမူ “၂၀၁၀ ပြည့်နှစ်ကတည်းက ရှင်းရှင်းလင်းလင်း ပါတီပိုင် ဖြစ်ထား ပြီးပါပြီ။ အသေးစိတ် ကတော့ ဥက္ကဋ္ဌ အနေနဲ့ In Detail တော့ ဘယ်လိုပြောမလဲ မရှင်းတတ်သေးဘူး။ ဘာမှလည်း အရှုပ်အရှင်း မရှိဘူး။ အားလုံး သည် ပါတီပိုင် စာရင်းပေါက်ပြီးသားတွေ ဖြစ်ပါတယ်။ ဒီလိုပဲ ကျနော် ဖြေကြားချင်ပါတယ်”ဟု ဧရာဝတီသို့ ပြောဆို သည်။