တရုတ်နိုင်ငံ နိုင်ငံခြားရေးဌာန အာရှရေးရာ အထူးသံတမန် Mr. Sun Guoxiang က မြန်မာနိုင်ငံ မြောက်ပိုင်းရှိ ‘ဝ’ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် – မိုင်းလား အဖွဲ့ (NDAA) တို့ထံ လာရောက်ပြီး ၂၁ ရာစု ပင်လုံညီလာခံတွင် ပါဝင်ရန် တိုက်တွန်း သွားသည်ဟု သတင်းရရှိသည်။
NDAA မှ ပြောရေးဆိုခွင့်ရှိသူ ဦးကြည်မြင့်က “မနေ့ကတော့ မစ္စတာ ဆွန်ကော့ရှန်က ဝ နဲ့ သူတို့ သွား တွေ့ဆုံတယ်။ နောက်ပြီး ဒီနေ့ကတော့ ကျနော်တို့နဲ့ လာတွေ့ဆုံတယ် ၊ အဓိက ကတော့ ကျနော်တို့ မြန်မာပြည်ရဲ့ အခုလုပ်နေတဲ့ ၂၁ရာစု ပင်လုံညီလာခံ အပေါ်မှာ အမြင်တွေ ဘယ်လိုလဲ ကျနော်တို့ ပါဝင်သင့်ပါကြောင်း ပြောပါတယ်”ဟု ဧရာဝတီကို ပြောသည်။
Mr. Sun Guoxiang ဦးဆောင်ပြီး ယူနန်ပြည်နယ် နိုင်ငံခြားရေးဌာန အများပြည်သူ လုံခြုံရေး ဆိုင်ရာ ဗျူရို မှ တာဝန်ရှိသူ များက သြဂုတ်လ ၂၃ ရက်တွင် ‘ဝ’ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း၏ မြို့တော် ပန်ဆန်း(ပန်ခမ်း) မြို့တွင် UWSA/UWSP မှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပြီး သြဂုတ်လ ၂၄ ရက်တွင် NDAA မှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
Mr.Sun Guoxiang က UWSA နှင့် NDAA မှ တာဝန်ရှိသူများနှင့် တွေ့ဆုံရာတွင် သြဂုတ်လ ၃၁ ရက်တွင် နေပြည်တော်၌ ကျင်းပမည့် ၂၁ရာစုပင်လုံညီလာခံ ပထမအကြိမ်အစည်းအဝေးသို့ တက်ရောက် သင့်ကြောင်း၊ လက်ရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံး ပါဝင် သင့်ကြောင်း ပြောဆိုခဲ့သည်ဟု သိရ သည်။
ထို့အပြင် Mr.Sun Guoxiang က ၎င်းတို့မှာ မြန်မာနိုင်ငံ ၏ ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စရပ်များကို ဝင်ရောက် စွပ်ဖက် လိုခြင်း မရှိသော်လည်း တရုတ်နယ်စပ်ရှိ ဒေသခံ ပြည်သူများ ဘဝ နှင့် နယ်စပ် အခြေအနေ အေးချမ်းမှုကို လိုချင်ကြောင်း၊ အခြေအနေ ရှုပ်ထွေးမှုများကို မမြင်လိုကြောင်း ၊ ပြည်တွင်းရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံးက ငြိမ်းချမ်းရေး လမ်းကြောင်းတွင် ပါဝင်သင့်ကြောင်း ပြောသည် ဟုလည်း ဦးကြည်မြင့်က ဆိုသည်။
ဆက်လက်ပြီး ဦးကြည်မြင့်က “ကျနော်တို့ကတော့ ဒေသအခြေအနေတွေကို ဝိုင်းတင်ပြပါတယ်။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ၂၁ ရာစုပင် လုံညီလာခံကို အပြည့်အဝ ထောက်ခံပါတယ်။ ကျနော်တို့လည်း အားလုံး ပါဝင် မယ်။ ထောက်ခံ ပါဝင်မယ်ဆိုတာကို ကျနော်တို့ တင်ပြဆွေးနွေးပါတယ်”ဟု ပြောပြသည်။
ထို့အပြင် အစိုးရနှင့် ညှိနှိုင်းနေဆဲ ဖြစ်သည့် မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်-ကိုးကန့်အဖွဲ့ (MNDAA ) ၊ ပလောင်( တအာန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA ) နှင့် ရက္ခိုင့်တပ်မတော် (AA) တို့ကိုလည်း ၂၁ ရာစု ပင်လုံညီလာခံ ပထမအကြိမ် အစည်းအဝေးတွင် ပါဝင်လာနိုင်ရန် မျှော်လင့်ထားသည်ဟု ဦးကြည်မြင့်က ပြောသည်။
“အခုညီလာခံမှာ အားလုံးပါဝင်နိုင်ဖို့ မျှော်လင့်တယ်။ ကြားမှာမပြေလည်တာ ရှိရင်လည်း အစည်းအဝေးထဲမှာ ဆက်လက် ညှိနှိုင်းလို့ ရပါတယ်၊ ရက်က ၁ရက် ၂ရက် မကဘူးလေ”ဟုလည်း ဦးကြည်မြင့်က ပြောဆိုသည်။
တရုတ်နိုင်ငံ နိုင်ငံခြားရေးဌာန အာရှရေးရာ အထူးသံတမန် လာရောက်တွေ့ဆုံခြင်းနှင့် ပတ်သက်ပြီး မေးမြန်းရန် UWSA/UWSP မှ တာဝန်ရှိသူများကို ဧရာဝတီမှ ဆက်သွယ်ခဲ့သော်လည်း မရရှိခဲ့ပါ။
သို့သော် ‘ဝ’ပြည်နယ် သတင်းဌာန၏ သတင်းရေးသားချက်အရ Mr.Sun Guoxiang နှင့် UWSA/UWSP တာဝန်ရှိသူများ တွေ့ဆုံရာတွင်၂၁ရာစုပင်လုံညီလာခံ ကိစ္စများ အပြန်အလှန်ဆွေးနွေးပြီး လက်ရှိ ‘ဝ’ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအတွင်း လုပ်ဆောင်နေသည့် လယ်ယာစိုက်ပျိုးရေး၊ ဆောက်လုပ်ရေး၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ အခန်းကဏ္ဍများ နှင့် ဒေသဖွံ့ဖြိုးရေး ဆိုင်ရာ ကိစ္စရပ်များကို ပြောပြခဲ့သည်ဟု သိရသည်။
Mr.Sun Guoxiang မှာ ဇူလိုင်လကုန်ပိုင်းက ကချင်ပြည်နယ် မိုင်ဂျာယန်မြို့တွင် ပြုလုပ်ခဲ့သည့် တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့များ မျက်နှာစုံညီ အစည်းအဝေးသို့လည်း တက်ရောက်ခဲ့သူ ဖြစ်သည်။
မိုင်ဂျာယန် အစည်းအဝေးတွင်လည်း ၎င်းက တရုတ်နိုင်ငံ ကိုယ်စားလှယ် တဦးအနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ထောက်ခံကြောင်း ပြောဆိုထားသည်။
ထို့အပြင် Mr.Sun Guoxiang က “ မြန်မာနိုင်ငံပြည်တွင်း ငြိမ်းချမ်းရေးရရှိဖို့အတွက် ထောက်ခံတဲ့ လူ အားလုံးကို ထောက် ခံပါတယ်။ အားပေး ပါတယ်။ (၂၁ ရာစုပင်လုံ) တိုင်းရင်းသား အဖွဲ့အစည်း အားလုံး က ပါဝင်မယ်လို့ ကျနော်တို့ မျှော်လင့် ပါ တယ်”ဟုလည်း ဧရာဝတီကို ပြောဆိုထားသည်။
၂၁ရာစု ပင်လုံညီလာခံကို ဦးစီးဆောင်ရွက်နေသည့် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် မစ္စတာ လီခကျင်း ၏ ဖိတ်ခေါ်မှုအရ သြဂုတ်လ ၁၇ ရက်မှ ၂၀ ရက်အထိ တရုတ်နိုင်ငံသို့ သွားရောက်ကာ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်အပြီး Mr.Sun Guoxiang က UWSA/UWSP နှင့် NDAA တို့ကို လာရောက်တွေ့ဆုံကာ ငြိမ်းချမ်းရေးတွင် ပါဝင်ကြရန် တိုက်တွန်းခြင်း ဖြစ်သည်။
UWSA သည် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအနက် အင်အားအကြီးဆုံး လက်နက်ကိုင် အဖွဲ့ ဖြစ်ပြီး အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) ချုပ်ဆိုထားခြင်း မရှိပါ။
သို့သော် ယခင် အပစ်အခတ်ရပ်စဲရေး စာချုပ်ဟောင်းကို ၁၉၈၉ ခုနှစ် မေလ ၉ ရက်က ချုပ်ဆိုထားသည်မှာ ၂၇ နှစ်ခန့် ရှိပြီဖြစ်သည်။
ထို့အပြင် သမ္မတဟောင်း ဦးသိန်းစိန် လက်ထက် ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်တွင်လည်း ပြည်ထောင်စုအဆင့် ပဏာမ အပစ်ရပ်စာချုပ် ချုပ်ဆိုထားသည်။
UWSA သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ရှမ်းပြည်နယ် အတွင်းရှိ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်း၊ နားဖန် ၊ မက်မန်း၊ ပန်ဆန်း(ပန်ခမ်း) မြို့နယ်များကို ‘ဝ’ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် အစိုးရက သတ်မှတ် ပေးထားသည်။
UWSA /UWSP မှာ အစိုးရကို ၎င်းတို့အား ‘ဝ’ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း အဆင့်မှ ပြည်နယ်အဆင့် တိုးမြှင့် ပေးရန် တောင်းဆိုထားသည်။
NDAA သည်လည်း NCA စာချုပ် ချုပ်ဆိုထားခြင်း မရှိပါ။
၁၉၈၉ ခုနှစ် ဇွန်လ ၃၀ ရက်တွင် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေးစာချုပ် ချုပ်ဆိုထားပြီး သမ္မတဟောင်း ဦးသိန်းစိန် လက်ထက် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်တွင် ပြည်ထောင်စု အဆင့် ပဏာမ အပစ်အခတ်ရပ်စဲရေး စာချုပ် ချုပ်ဆို ထားသည်။
NDAA သည် ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ မိုင်းလားမြို့၊ မိုင်းယန်းမြို့ရှိ ဆီလူးဒေသ နှင့် မိုင်းယောင်းမြို့ရှိ နမ့်ပန်း ဒေသတို့ကို အထူးဒေသ အဖြစ်သတ်မှတ်ကာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရထားသည်။
သြဂုတ်လ ၃၁ရက်တွင် ကျင်းပမည့် ၂၁ရာစု ပင်လုံညီလာခံ ပထမအကြိမ် အစည်းအဝေးသို့ အစိုးရက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၂၁ ဖွဲ့အနက် ၁၈ ဖွဲ့ကို ဖိတ်ခေါ်ထားပြီး ဖြစ်ကြောင်း သိရသည်။