သတင်း

ဧရာဝတီတိုင်းရှိ လမ်းတံတားများပျက်စီးမှုကြောင့် ကျပ်သန်း ၂၀၀၀ ကျော်ဖိုး ဆုံးရှုံး

ဧရာဝတီတိုင်းဒေသကြီးအတွင်း ဖြစ်ပွားခဲ့သည့် ရေကြီးနစ်မြုပ်မှုများကြောင့် ပုသိမ်၊ ဟင်္သာတ၊ မအူပင်နှင့် မြောင်းမြခရိုင်အတွင်းရှိ တံတားပေါင်း ၄၂ စင်းနှင့် လမ်းပေါင်း ၁၀၁ လမ်း ထိခိုက် ပျက်စီးခဲ့ပြီး တန်ဖိုးငွေကျပ်သန်း ၂၀၀၀ ကျော်ဖိုး ပျက်စီးဆုံးရှှုံးခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက သတင်းထုတ်ပြန်သည်။

“တံတားပျက်တဲ့အထဲမှာ ကျေးလက်ဌာနကဆောက်တာ တံတား ၂ စင်းပဲ ပါတယ်။ ကျန်တာတွေ ကတော့ ဟိုးတုန်းက တံတားဟောင်းတွေ ဖြစ်ပါတယ်။ ယခင် ကိုယ့်အားကိုယ်ကိုးဆောက်ကြတဲ့ သစ်သားတံတား၊ ၀ါးတံတားတွေဆိုတော့ ရေစီးနဲ့ အစင်းလိုက် ကျွတ်ပါ သွားတာမျိုးတွေ ဖြစ်ပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းစိုးက ဧရာဝတီကို ပြောသည်။

တံတားများပျက်စီးမှုကြောင့် ငွေကျပ် ၁၆၇၂ သန်း ဆုံးရှုံးခဲ့သလို လမ်းများပျက်စီးမှုကြောင့် ငွေကျပ် ၄၈၃ သန်း ဆုံးရှုံးခဲ့ရာ ငွေကျပ်စုစုပေါင်း ၂၁၅၅ သန်း ပျက်စီးဆုံးရှုံးခဲ့သည်။

ရေကြီးနစ်မြုပ်မှုကြောင့် ပုသိမ်ခရိုင်အတွင်း လမ်းပေါင်း ၆၇ လမ်းနှင့်တံတားပေါင်း ၁၆ စင်း၊ ဟင်္သာတခရိုင် တွင် လမ်းပေါင်း ၂၃ လမ်းနှင့် တံတားပေါင်း ၁၄ စင်း၊ မအူပင်ခရိုင်တွင် လမ်းပေါင်း ၁၁ လမ်းနှင့် တံတားပေါင်း ၈ စင်းနှင့် မြောင်းမြခရိုင်တွင် တံတားပေါင်း ၄ စင်းစသည်ဖြင့် ပျက်စီးခဲ့ကြကြောင်း ဧရာဝတီတိုင်းဒေသကြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန စာရင်းများအရ သိရသည်။

ထိခိုက်ပျက်စီးသွားသည့် လမ်းတံတားများထဲမှ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ရွေးချယ် ပေးသည့် အရေးအပါဆုံး လမ်းတံတားများကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ သဘာဝဘေး မွမ်းမံရန်ပုံငွေ ကျပ်သန်း ၁၉၀၀ ကိုအသုံးပြုကာ ပြန်လည်တည်ဆောက် ပေးသွားမည်ဖြစ်ကြောင်း ညွှန်ကြားရေးမှူး ဦးသန်းစိုးက ပြောသည်။

“ဧရာဝတီတိုင်းအတွက် သဘာဝဘေးဖြစ်ခဲ့လို့ ပျက်စီးခဲ့ရင် အသုံးပြုဖို့ မွမ်းမံရန်ပုံငွေ သန်း ၁၉၀၀ ချန်ထားတာ ရှိပါတယ်။ ပျက်စီးတဲ့လမ်းတံတားစာရင်းတွေကို တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တင်ပြ ထားပြီးတော့ သူတို့က ဦးစားပေးသတ်မှတ်တဲ့လမ်းတံတားတွေကို ပြုပြင်တည်ဆောက်တာတွေ လုပ်သွားမှာပါ။ တတိယရေကြီးမှုကာလဖြစ်တဲ့ စက်တင်ဘာလအကုန် အောက်တိုဘာလောက်မှာ ပြန်လည်တည်ဆောက်မှုတွေ စတင်မှာပါ”ဟု သူက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး၌ သြဂုတ်လအတွင်း စံချိန်တင်ရေကြီး နစ်မြုပ်ခဲ့ခြင်းကြောင့် အိမ်ခြေပေါင်း
၁ သိန်း ၆ သောင်းကျော် ရေနစ်မြုပ်ခဲ့သလို လူပေါင်း ၆ သိန်း ရ သောင်းကျော် ရေဘေးဒုက္ခ ခံစားခဲ့ရကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး စာရင်းများအရ သိရသည်။

Loading