သတင်း

ရွေးကောက်ပွဲ အနိုင်မရသည့် ပါတီများ ၂၁ ရာစု ပင်လုံညီလာခံ တက်ရန် မသေချာ

Want create site? Find Free WordPress Themes and plugins.

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် အနိုင်မရခဲ့ကြသည့် နိုင်ငံရေးပါတီ ရ၀ ကို ကိုယ်စားပြု၍ ကိုယ်စားလှယ် ၅ ဦးသာ ၂၁ ရာစု ပင်လုံ ညီလာခံ တက်ရောက်ရန် ဖိတ်ကြားလာသည့်အတွက် ၎င်းတို့အနေဖြင့် တက်ရောက်မည် မဟုတ်ကြောင်း ပါတီ ခေါင်းဆောင်တချို့က ပြောဆိုသည်။

အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက “လွှတ်တော်ထဲရောက်တဲ့ ပါတီတွေကိုပဲ အစည်းအဝေး တက်ရမယ်ဆိုတာက နိုင်ငံရေးပါတီတွေကို နှိမ့်ချတဲ့သဘော၊ ခွဲခြားဆက်ဆံတဲ့ သဘော သက်ရောက် နေလို့ ကျနော့် ပါတီအနေနဲ့ မတက်ရောက်ဘူး၊ ပါတီ ရ၀ မှာမှ ၅ ဦးပဲ ဖိတ်တယ်ဆိုတာ မသင့်တော်ဘူး”ဟု ဧရာဝတီ ကိုပြောသည်။

နိုင်ငံရေးပါတီများအနေဖြင့် ရွေးကောက်ပွဲ အနိုင်ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ညီလာခံသို့ တက်ရောက်ခွင့် ရသင့် ကြောင်း၊ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး စာချုပ် (NCA) ၌ နိုင်ငံရေးပါတီအားလုံး တက်ရောက်ရမည်ဟု ပါရှိဖော်ပြ ထားကြောင်း၊ သို့သော် လက်ရှိအစိုးရ၏ ဖိတ်ခေါ်မှုတွင် လွှတ်တော်ထဲရောက်သည့် နိုင်ငံရေးပါတီများသာ တက်ရောက် ခွင့်ရမည်ဟု ပြောဆိုမှုသည် နိုင်ငံရေးပါတီများ၏ ဂုဏ်သိက္ခာကို ထိခိုက်စေကြောင်းလည်း ဦးခင်မောင်ဆွေ က ဆက်ပြောသည်။

ရွေးကောက်ပွဲအနိုင်မရသည့် နိုင်ငံရေးပါတီ ရ၀ မှ ၅ ဦးသာ ဖိတ်ကြားခြင်းသည် မဖြစ်သင့်မဖြစ်ထိုက်ကြောင်း၊ ထိုသို့ ကိုယ်စားလှယ် ၅ ဦးကို ဖိတ်ကြားရာတွင်လည်း နိုင်ငံရေးပါတီများ ကိုယ်စားပြု ဖိတ်ကြားခြင်းမျိုး မဟုတ်ဘဲ ပါ၀င်သင့် ပါ၀င်ထိုက်သူများ အစုအဖွဲ့အနေဖြင့် ဖိတ်ကြားခြင်းသာ ဖြစ်ကြောင်း၊ အကယ်၍ အစိုးရက နိုင်ငံရေး ပါတီများ အားလုံး ကို ဖိတ်ကြားလာပါက ပါတီကိုယ်စားပြု၍ ဆွေးနွေးခွင့်ပြုမှသာ တက်ရောက်မည် ဖြစ်ကြောင်း ဦးခင်မောင်ဆွေ က ဆို သည်။

အလားတူ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (SNDP) ပြောခွင့်ရပုဂ္ဂိုလ် ဦးစောသန်းမြင့်က “ပင်လုံညီလာခံ ကျင်းပတာကို ကြိုဆိုပါတယ်။ ဒါပေမယ့် အားလုံးပါ၀င်ခွင့် မရတာကိုတော့ ကန့်ကွက်တယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ အားလုံးပါ၀င်ရေးဆိုတဲ့ မူနဲ့လည်း မကိုက်ညီဘူး ဖြစ်နေတယ်”ဟု ဧရာဝတီကို ပြောသည်။

ရွေးကောက်ပွဲ အနိုင်မရသည့် ပါတီများမှ ကိုယ်စားလှယ်များ၏ အစည်းအဝေးကို သြဂုတ်လ ၂၃ ရက်က ရန်ကုန်မြို့၌ ကျင်းပခဲ့ရာ ပါတီ ၃၀ ကျော် တက်ရောက်ခဲ့ကြသော်လည်း ကိုယ်စားလှယ်များအနေဖြင့် အစိုးရ၏ ဖိတ်ကြားချက်ကို သဘောမတူကြသည့်အတွက် ပင်လုံညီလာခံသို့ တက်ရောက်မည့် ကိုယ်စားလှယ် ၅ ဦးကို မရွေးချယ်ခဲ့ကြကြောင်း ဦးစောသန်းမြင့်က ဆက်ပြောသည်။

ရွေးကောက်ပွဲအနိုင်မရသည့် နိုင်ငံရေးပါတီများက ၂၁ ရာစု ပင်လုံညီလာခံကို ထောက်ခံ ကြိုဆိုကြကြောင်း၊ သို့သော် နိုင်ငံရေးပါတီများ အားလုံးကို ပါတီအစုအဖွဲ့ စာရင်းတွင် ထည့်သွင်းမထားခြင်းနှင့် တရားဝင် နိုင်ငံရေးပါတီများ အားလုံး ကို ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ တန်းတူဆက်ဆံရေးနှင့် ကိုယ်စားလှယ် ၅ ဦးသာ ဖိတ်ကြားခဲ့သည့် အပေါ် ကန့်ကွက်သည့်အနေဖြင့် အစိုးရထံ လုံးဝကန့်ကွက်ကြောင်း ကြေညာချက်ထုတ်၍ ပေးပို့ထားသည်ဟုလည်း ဦးစောသန်းမြင့်က ပြောသည်။

ရခိုင်ပြည်နယ်၌ မဲဆန္ဒနယ်အများစု အနိုင်ရရှိထားသည့် ရခိုင်အမျိုးသားပါတီ (ANP)က သြဂုတ်လ ၃၁ ရက်တွင် ကျင်းပ မည့် ၂၁ ရာစု ပင်လုံညီလာခံသို့ အားလုံးပါ၀င် တက်ရောက်ခွင့်ရရေးနှင့် ညီလာခံ တက်ရောက်ရန် ငြင်းပယ် ခြင်း ခံထားရသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၃ ဖွဲ့ကိုပါ တက်ရောက်ခွင့် ပေးသင့်ကြောင်း သြဂုတ်လ ၂၄ ရက်နေ့ ရက်စွဲဖြင့် ကြေညာချက်ထုတ် တောင်းဆိုထားသည်ဟု ဆိုသည်။

၂၁ ရာစု ပင်လုံညီလာခံသို့ နိုင်ငံရေးပါတီများ ကိုယ်စားပြု၍ ကိုယ်စားလှယ် ၁၅၀ တက်ရောက်ခွင့် ရမည်ဖြစ်ပြီး အများ စုမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ပုဂ္ဂိုလ်များကို ရွေးချယ်ထားကြောင်း သိရသည်။

ညီလာခံတက်ရောက်ရန် ငြင်းပယ်ခံထားရသည့် လက်နက်ကိုင်တပ်ဖွဲ့ ၃ ခု မှာ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) ကိုးကန့်တပ်ဖွဲ့၊ ရက္ခိုင့် တပ်မတော် (AA) နှင့် ပလောင်(တအာင်း) လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ ဖြစ်သည်။

ထိုလက်နက်ကိုင် အဖွဲ့များအားလုံး ညီလာခံတက်ရောက်ခွင့် ရရေးအတွက် အစိုးရ ကိုယ်စားလှယ်အဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များကြား ဆွေးနွေး ညှိနှိုင်းနေဆဲ ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading