မြန်မာနိုင်ငံ မြစ်ကြောင်းများ အတွင်း ပြေးဆွဲလျက်ရှိသော ရေယာဉ်များ သက်တမ်းတိုးခြင်း၊ ကျင်းတင်စစ်ဆေးခြင်းများ ပြု လုပ်ရာတွင် ခေတ်မီစက်ကိရိယာများ အသုံးပြု၍ စစ်ဆေးခြင်း မပြုလုပ်နိုင်းသေးဘဲ မိရိုးဖလာနည်းများသာ အသုံးပြုနေရဆဲဖြစ်ကြောင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ဧရာဝတီဌာနခွဲမှ သိရသည်။
“ရေယာဉ်တွေကြံ့ခိုင်ရေးနဲ့ ပြေးဆွဲရာမှာ မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်ပေါ်စေဖို့ စစ်ဆေးတဲ့အခါ မိရိုးဖလာနည်းတွေဖြစ်တဲ့ ရေယာဉ်ကိုယ်ထည် ကို တူထုစမ်းသပ်တာ၊ သံချောင်းနဲ့ ရိုက်ခတ်ကြည့်ပြီး အထူအပါးကို မှန်းဆတွက်ချက်တာ၊ မျက်မြင်ပျက်စီးမှုတွေကို အသေးစိတ် စစ်ဆေးခြင်း စတဲ့ နည်းလမ်းတွေနဲ့ စစ်ဆေးပေးနေပါတယ်။ မဖြစ်မနေ ပြင်ဆင်ရမယ့် အပိုင်းတွေဆိုရင် ပြင်ဆင်ပြီးမှသာ ပြန်လည်ပြေးဆွဲခွင့်ပြုပေးပါတယ်။ စစ်ဆေးမှု တွေကို စက်ကိရိယာနဲ့ နည်းပညာ ပူးပေါင်းပါဝင် စစ်ဆေးပေးနိုင်ရင်တော့ ပိုပြီးကောင်းတယ်”ဟု ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ဧရာဝတီဌာနခွဲမှ လက်ထောက်အထွေထွေမန်နေဂျာ ဦးဝင်းနိုင်ကပြောသည်။
ဧရာဝတီမြစ်ကြောင်းအတွင်း သွားလာနေသည့် ရေယာဉ်များမှာ လုပ်ငန်းလိုင်စင်သက်တမ်းများကို ၁ နှစ် တကြိမ် သက်တမ်းတိုးရကြောင်း၊ လိုအပ်ချက် ၃ ချက် ထက်ကျော်လွန်ပါက သက်တမ်းတိုး ခွင့်မပြုဘဲ ၂ နှစ်ခွဲ တကြိမ် မဖြစ်မနေ ကျင်းတင်စစ်ဆေးခြင်း၊ စစ်ဆေးတွေ့ရှိလာသည့် ပြင်ဆင်ရမည့် အပိုင်းများကို ပြင်ဆင်ပြီးမှ သက်တမ်းတိုးခွင့်ကို ခွင့်ပြုပေးကြောင်း ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
နိုင်ငံတကာသငေ်္ဘာကျင်းများတွင် ရေယာဉ်များ ကျင်းတင်ပြင်ဆင်ခြင်းအတွက် စစ်ဆေးဆောင်ရွက်ခြင်းလုပ်ငန်းများကို X Ray ရိုက်ခြင်း၊ ရေထိပိုင်း သံကိုယ်ထည်အပိုင်းများကို စက်ကိရိယာများဖြင့် စမ်းသပ်စစ်ဆေးဖြင်း၊ ခေတ်မီနည်း ပညာရပ်များ ပူးပေါင်းပါဝင်စစ်ဆေးခြင်းများဖြင့် ဆောင်ရွက်ပေးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။
၎င်းက “ ရေယာဉ်တစ်စီးမှာ မော်တော်ကားတွေလိုသက်တမ်းကုန်ဆုံးတာမျိုးသတ်မှတ်ထားခြင်းမရှိသေးပါဘူး။ ရေယာဉ်တစ်စီမှာ ရှိတဲ့ ရေထိအပိုင်းတွေကို သက်တမ်းတိုးချိန်၊ကျင်းတင်စစ်ဆေးချိန်တွေမှာ လိုအပ်ချက်ရှိတဲ့ အပိုင်းတွေကိုပြင်ဆင်ခိုင်းတယ်။ စက်ကိရိယာတွေနဲ့ စမ်းသပ်စစ်ဆေးပေးနိုင်ရင်ပိုပြီးကောင်းပါတယ်။ စမ်းသပ်စစ်ဆေးတဲ့စက်ကို ပြည်တွင်းရေကြောင်းအတွက် ဝယ်ယူနိုင်ဖို့လည်း လိုအပ်နေပါတယ်” ဟု ဆက်လက်ပြောသည်။
မြန်မာနိုင်ငံတွင် ရေယာဉ်များကြံ့ခိုင်ရေးအတွက် စစ်ဆေးဆောင်ရွက်ခြင်းများကို တိတိကျကျဖြင့် ခေတ်မီနည်းပညာများ ပေါင်းစပ်မှုဖြင့် နိုင်ငံတကာသငေ်္ဘာကျင်းများကဲ့သို့ ခေတ်မီစက်ကိရိယာများဖြင့် စမ်းသပ်စစ်ဆေးဆောင်ရွက်ခြင်းများ လုပ် ဆောင်ပေးနိုင်ပါက ယခုထက်ပို၍ လုံခြုံစိတ်ချရမှုများ ရှိလာနိုင်မည်ဖြစ်ကြောင်း သိရသည်။