သြဂုတ်လ ၂၄ ရက်နေ့ ညနေက မကွေးတိုင်း၊ ချောက်မြို့နယ်မှာ ဗဟိုပြုပြီး လှုပ်သွားတဲ့ ၆.၈ ပြင်းအား ငလျင်ကြောင့် ပုဂံဘုရား ၁၈၅ ဆူ ထိခိုက်ပျက်စီးခဲ့ပါတယ်။ မြေခ ပျက်စီးတဲ့ ဘုရားစေတီများအနက် ထိခိုက်မှုအများဆုံးကတော့ စူဠာမဏိနဲ့ ထီးလိုမင်းလို စေတီဘုရားများ ဖြစ်ပါတယ်။
စူဠာမဏိ စေတီတော်
စူဠ – သျှောင်ထုံး၊ မုနိ – ဘုရား လို့ အဓိပ္ပာယ်ရတဲ့ စူဠာမဏိ စေတီတော်ကို AD ၁၁၈၃ ခုနှစ်မှာ နရပတိစည်သူမင်းက တည်ခဲ့ပါတယ်။ ခရစ်နှစ် ၁၅ ရာစုက ရေးထိုးတဲ့ မင်စာမှာတော့ ဘုရားဘွဲ့တော်ကို “ဇောတမဏိ၊ ပတ္တမြား ရောင်လျံ” လို့ ဖော်ပြထားကြောင်း သိရပါတယ်။
သမိုင်းကို ပြန်လှန်ရရင် နရပတိ စည်သူမင်းဟာ ၁၁၈၃ မှာ ပုဂံ အရှေ့ဘက် တုရင်းတောင်မှာ မီးရောင်သဖွယ် မြင်မိတာကြောင်း မှူးမတ်တို့ကို မေးရာမှာ ‘မီး’ လို့ လျှောက်တင်ခဲ့ကြပါတယ်။ အဲဒီ မီးအရောင် ထွက်ပေါ်တဲ့နေရာကို မြတ်စွာဘုရားကို ရည်မှန်း၍ ဂူတည်ဆောက်ရန် မိန့်မှာခဲ့ပြီး လိုဏ်နှစ်ဆင့်ဂူဘုရား တည်ဆောက်ခဲ့ပါတယ်။
နရပတိ စည်သူမင်း ရေစက်သွန်းချ အမျှဝေတဲ့ စူဠာမဏိစေတီမှာ လယ်မြေများ လှူဒါန်းပြီး နံရံဆေးရေး ပန်းချီများ၊ အင်္ဂတေပန်း လက်ရာများ၊ စဉ့်ကွင်းလက်ရာများ ရှိပါတယ်။
စူဠာမဏိ ဘုရားမှာ ပုဂံခေတ်၊ အင်းဝခေတ်၊ ကုန်းဘောင်ခေတ် နံရံပန်းချီ လက်ရာများလည်း ရှိပါတယ်။ ပုဂံခေတ် ခြူးပန်း ခြူးနွယ်၊ ကနုတ်ပန်းများ၊ မြတ်စွာဘုရား ဝါဆိုစဉ်၊ နှစ်ကျိပ်ရှစ်ဆူ၊ ဧတဒဂ်ရ ပုဂ္ဂိုလ်များနဲ့ တပည့်သာဝက ပုံတွေ ရှိပါတယ်။ သက္ကတဘာသာ၊ ရှေးမြန်မာ အက္ခရာနဲ့ နံရံကမ္ပည်းစာများလည်း ရှိပါတယ်။
စဉ့်ဝါ၊ စဉ့်စိမ်း၊ စဉ့်ကွက်၊ စဉ်းပန်းများနဲ့ ဂူဘုရား ပစ္စယာ အဆင့်ဆင့်မှာလည်း တန်ဆာဆင်ထားပါတယ်။
စူဠာမဏိ ဘုရားဟာ လာရောက်လည်ပတ်သူအများဆုံး ရှိတဲ့ ဘုရားဖြစ်ပြီး ၁၉၇၅ ခုနှစ်တုန်းကလည်း ငလျင်ဒဏ်ကြောင့် ထိန်းသိမ်းပြုပြင်မှုတွေ လုပ်ခဲ့ရပါသေးတယ်။ ၁၉၉၄ မှာ စစ်အစိုးရကလည်း ပြုပြင်မှုတွေလုပ်ခဲ့လို့ ဝေဖန်မှုတွေ ခံခဲ့ရပါတယ်။
သြဂုတ် ၂၄ ရက်နေ့ ငလျင်မှာတော့ ပုဂံဘုရားတွေထဲ စူဠာမဏိစေတီတော်ဟာ အပျက်အစီး အများဆုံးဖြစ်ပါတယ်။
ပုဂံဘုရားတွေကို စစ်အာဏာရှင်လက်ထက် ပြင်ဆင်ခဲ့ကြတဲ့အထဲ မူရင်းမပျက်တဲ့အထဲမှာ စူဠာမဏိလည်း ပါဝင်ပေမယ့် အခုငလျင်ကြောင့် စူဠာမဏိ ပုထိုးတော်ကြီး ကွမ်းတောင်တခုလုံး ပြိုကျခဲ့ရပါတယ်။
ထီးလိုမင်းလို ဘုရား
ထီးလိုမင်းလိုဘုရားကို ၁၂၀၈ တွင်မှာ ဇေယျသိင်္ခ နားတောင်းများမင်းခေါ် ထီးလိုမင်းလိုက တည်ခဲ့ပါတယ်။
နရပတိစည်သူမင်း နတ်ရွာစံချိန် သားတော် ၅ ပါးအလည် ထီးဖြူစိုက်စေပြီး မင်းဖြစ်မယ့်သူဘက် ထီးတော်ညွတ်စေဖို့ အဓိဋ္ဌာန်ပြုရာက ထီးကလည်းလို မင်းကလည်းလိုလို့ အစွဲပြုပြီး ထီးလိုမင်းလိုလို့ ဘွဲ့အမည်ပေးခဲ့ကြောင်း အမှတ်အသား ရှိပါတယ်။
နားတောင်းများဟု ကျောက်စာတွင် ရေးသော်လည်း တိလောက မင်္ဂလာဟူသော ရှေးမွန်ဘာသာကို အဖတ်မှားရာက ထီးလိုမင်းလိုလို့ ဖြစ်လာခြင်း ဖြစ်ကြောင်းလည်း ပညာရှင်များက ဆိုကြပါတယ်။
ခမည်းတော် နရပတိစည်သူမင်းကြီး တည်ခဲ့တဲ့ စူဠာမဏိ ဘုရားပုံစံအတိုင်း ထီးလိုမင်းလို ဘုရားကို တည်ခဲ့ပါတယ်။ ပုံဂံသားတွေရဲ့ မွေးသက္ကရာဇ်ကိုလည်း နံရံမင်စာတွေ ရှိပါတယ်။
ထီးလိုမင်းလိုဘုရားမှာ နံရံဆေးရေးပန်းချီ၊ အင်္ဂတေ ပန်းတော့လက်ရာ၊ စဉ့်ကွင်းလက်ရာ၊ ဘီလူးပန်းဆွဲများ၊ တိုင်ဖုံးပန်းများ၊ အင်္ဂတေပန်းများ ရှိပါတယ်။
၁၉၇၅ တုန်းက ငလျင်ဒဏ် ခံခဲ့ရဖူးတဲ့ ထီးလိုမင်းလို ဘုရားဟာ သြဂုတ် ၂၄ ငလျင်ကြောင့် ပုဂံဘုရား အပျက်အစီး ထိခိုက်မှု ရှိရာမှာ ထီးလိုမင်းလို ဘုရားဟာလည်း ဒုတိယအများဆုံး ဖြစ်ကြောင်း သိရပါတယ်။
ကိုးကား
-မြန်မာ့ယဉ်ကျေးမှု အမွေအနှစ် ပုဂံစေတီပုထိုးများ – ဦးမောင်မောင် (ဘီအေ) သမိုင်း၊ ရန်ကုန်တက္ကသိုလ်
-မြန်မာပြည်ရှိ ရှေးဟောင်းဘုရား စေတီပုထိုးများ – မြတ်မင်းလှိုင်