၂၁ ရာစု ပင်လုံညီလာခံ ကြိုဆိုထောက်ခံပွဲနှင့် ကူကီး တိုင်းရင်းသားဖိုရမ် ဖိုရမ်ဖြစ်မြောက်ရေးဦးဆောင်သူများကို တရားစွဲမည်ဖြစ်ကြောင်း သိရသည်။
၂၁ ရာစုပင်လုံညီလာခံကြိုဆိုထောက်ခံပွဲနှင့် ကူကီးတိုင်းရင်းသားဖိုရမ်သည် တရားဥပဒေစိုးမိုးရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို ထိခိုက်မည်ကို စိုးရိမ်သဖြင့် ပွဲမိန့်မပေးခဲ့သော်လည်း ဖိုရမ်ဖြစ်မြောက်ရေးဦးဆောင်သူများက တားမြစ် ထားသည့် ကြားက ကျင်းပခဲ့သဖြင့် တရားစွဲဆိုရခြင်းဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးက အတည်ပြုပြောသည်။
“တရားစွဲမယ်ဆိုတဲ့အဆင့်ကို ရောက်နေပြီ။ တရားစွဲဆိုမှုကို သက်ဆိုင်ရာဌာနက လုပ်မှာဖြစ်တဲ့အတွက် အသေးစိတ် သိချင်ရင် တရားစွဲဆိုမယ့် အဖွဲ့ကိုမေးပါ။ ချင်းလူမျိုးကတောင် သူတို့ကို အသိအမှတ်မပြုဘူး။ သူတို့ကို အသိအမှတ် ပြုခြင်းအားဖြင့် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို သွားပြီးတော့ ထိခိုက်နိုင်တဲ့ အခြေအနေကိုရောက်သွားနိုင်ပါတယ်။ တားရတဲ့နောက်ဆုံး ရည်ရွယ်ချက်ကြီးကတော့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ထိခိုက်သွားနိုင်လို့” ဟု ၎င်းက ရှင်းပြသည်။
ယင်းဖိုရမ်ကို တမူးမြို့နယ်ရှိ ကူကီးတိုင်းရင်းသားတို့၏ ဘုရားကျောင်းတွင် သြဂုတ် ၁၉ ရက်မှ ၂၀ ရက်အထိ ၂ ရက် ပြုလုပ်ခဲ့ကြောင်း၊ ပွဲမိန့်ကို သြဂုတ် ၁၂ ရက်က တင်ထားခဲ့သော်လည်း ပွဲအချိန်နီးကပ်မှ ခွင့်မပြုသည်ကို သိခဲ့ရကြောင်း၊ ပွဲကိစ္စအတွက် စီစဉ်ပြီးသားဖြစ်နေ၍ ဆက်လက် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေး ဦးဆောင်သူတဦးဖြစ်သည့် ဦးထန်ခိုဆေးက ပြောသည်။
တမူးခရိုင် အုပ်ချုပ်ရေးမှူးက ပွဲစီစဉ်သူများကို တရားဥပဒေအရ ရင်ဆိုင်ရမည် ဖြစ်ကြောင်း သြဂုတ် ၂၂ ရက်နေ့တွင် ခေါ်ယူသတိပေးခဲ့သော်လည်း ယနေ့အချိန်ထိ ခေါ်ယူ စစ်ဆေးမှုမရှိသေးကြောင်း သိရသည်။
ဦးထန်ခိုဆေးက “ဒီကိစ္စဟာ ကျနော်တို့လူနည်းစုတွေရဲ့အခွင့်အရေးကို တားဆီးပိတ်ပင်တာဖြစ်တယ်။ လူနည်းစုတွေကို ဖိနှိပ်တာဖြစ်တယ်။ ဒီဟာကို တနိုင်ငံလုံး၊ တကမ္ဘာလုံးသိအောင် ရန်ကုန်မှာ သတင်းစာရှင်းလင်းပွဲလုပ်ပါမယ်။ တရားစွဲဆို မယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ ဘာမှမပြောလိုပါဘူး။ သက်ဆိုင်ရာက ဒါကို တရားစွဲမယ်ဆိုလည်း ကျနော်တို့ကတော့ ရင်ဆိုင်ရုံကလွဲလို့ ဘာမှ ပြောစရာမရှိပါဘူး” ဟု ဆိုသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ တမူးမြို့နယ်ရဲစခန်းသို့ ဖုန်းဆက်မေးမြန်းရာ သြဂုတ် ၂၅ ရက်အထိ အမှုဖွင့်ဆိုထားခြင်း မရှိသေးကြောင်း ခရိုင်ရဲမှူး ဦးတင့်ဝေက ဧရာဝတီသို့ ပြောသည်။
ယင်းဖိုရမ်သည် အဓိကအားဖြင့် ၂၁ ပင်လုံညီလာခံကို ကြိုဆိုထောက်ခံသည့်ပွဲဖြစ်ပြီး ကူကီးတိုင်းရင်းသားအရပ်ဘက်အဖွဲ့ အစည်းများစုပေါင်းကာ ကူကီးတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများဖော်ထုတ်ရန်နှင့် ယင်းပွဲမှအစပြု၍ ၂၁ ရာစုပင်လုံတွင် တက်ရောက်ခွင့်ရရေး တောင်းဆိုရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ကြောင်း ဖိုရမ်ဦးဆောင်သူ များက ပြောသည်။
သန်းခေါင်စာရင်း အကြိုကောက်ခံထားသည့် စာရင်းများအရ မြန်မာနိုင်ငံတွင် ကူကီးတိုင်းရင်းသားဦးရေ ၄ သောင်းကျော် ရှိပြီး အဓိကအားဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ချင်းတွင်းမြစ်အထက်ပိုင်း လေရှီး၊ ခန္တီး၊ ဟုမ္မလင်း၊ တမူး၊ ချင်းပြည်နယ် မြောက်ပိုင်းရှိ တွန်းဇံမြို့နယ်နှင့် ဟားခါး စသည့်ဒေသများတွင် နေထိုင်ကြကြောင်း သိရသည်။
“သန်းခေါင်စာရင်းအကြိုကောက်ခံပွဲတုန်းက လူဦးရေ ၄ သောင်းကျော် ကောက်ယူထားတာရှိပါတယ်။ သို့သော်လည်း ကျနော်တို့မှာက ကူကီးတိုင်းရင်းသားဆိုတဲ့ အမည်ကိုခံယူဖို့ရာ ကြောက်ရွံ့မှုတွေ ဖိနှိပ်မှုတွေကြောင့် မပြောမဆိုရဲဘဲနေတဲ့ လူတွေအများကြီးရှိပါတယ်။ လူမျိုးအမည်ကို ပွင့်ပွင့်လင်းလင်းနဲ့ ဖိနှိပ်မှု ကြောက်ရွံ့မှုမရှိဘဲ အမည်မှန်ကိုဖော်ထုတ်ခွင့်ရှိခဲ့ မယ်ဆိုရင် သိန်းဂဏန်းအထိရှိပါတယ်” ဟု ဦးထန်ခိုဆေးက ပြောသည်။
ကူကီးတိုင်းရင်းသားများသည် တိုင်းရင်းသား ၁၃၅ မျိုးတွင် ခေါင်ဆိုင်၊ ထာဒို၊ ဂွီးသဲ စသည့်မျိုးနွယ်စုငယ် အမည် ၃ မျိုးဖြင့် ပါ၀င်ကြောင်း၊ ယင်းကို စုစည်းပြီး ကူကီးဟူသော အမည်ဖြင့် ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ ပြည်လုံးကျွတ်သန်းခေါင်စာရင်းတွင် နံပတ် ၉၁၄ ကူကီးဟူသော အမည်ဖြင့် ၎င်းတို့အမည်မှန်ကို ဖော်ထုတ်ခဲ့ကြကြောင်း ဖိုရမ်ဖြစ်မြောက်ရေးကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။