ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က အစိုးရက ယခုလကုန်တွင် ပြည်လုပ်မည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစုပင်လုံ ပထမအကြိမ် အစည်းအဝေးသို့ တက်ရန် ဆုံးဖြတ်လိုက်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ယခုလ ၂၄ ရက်နေ့မှ ၂၅ ရက်နေ့အထိ UNFC တပ်ပေါင်းစု အရေးပေါ် အစည်းအဝေးတရပ် ပြုလုပ်ပြီး အစည်းအဝေးသို့ တက်ရောက်လာကြသည့် တပ်ပေါင်းစု ခေါင်းဆောင်အားလုံးက သဘောတူ ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်ကြောင်း UNFC ပြောခွင့်ရပုဂ္ဂို်လ်က အစည်းအဝေး ဒုတိယမြောက်နေ့တွင် သတင်းမီဒီယာများကို ပြောသည်။
UNFC တွဲဖက် အတွင်းရေးမှူး (၁) ဦးထွန်းဇော် က “၂၁ ရာစု ပင်လုံညီလာခံကို တက်ရောက်ဖို့အတွက် အများရဲ့ ဆန္ဒ သဘောထားအရ ဆုံဖြတ်ချက် ချနိုင်ခဲ့ပါတယ်။ ပြီးရင် တက်ရောက်တဲ့ အခါမှာ ကျနော်တို့အားလုံး လုပ်ငန်းစဉ်တွေမှာ အပြည့်အဝ ပူးပေါင်း ဆောင်ရွက်သွားမယ်ဆိုတဲ့ သဘောထားတွေ ချမှတ်ပါတယ်” ဟု ပြောသည်။
UNFC ၏ ၂ ရက်ကြာ အစည်းအဝေးတွင် ၂၁ ပင်လုံ တက်ရောက်ရေး ကိစ္စအပြင် မြေပြင်တွင် လက်ရှိ ဖြစ်ပေါ်နေသည့် အနေအထားများနှင့် ညီလာခံ ကျင်းပရေး လုပ်ဆောင်နေသည့် ဆောင်ရွက်ချက်များကို သုံးသပ်ခြင်းများ ပြုလုပ်ခဲ့ကြသည်ဟု ဆိုသည်။
ယင်းသို့သုံးသပ်ရာတွင် ယခုလ ၂၄ ရက်နေ့က အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့နှင့် အစိုးရဘက်မှ ကိုယ်စားလှယ်များ အကြား တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် အကောင်အထည် ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) ပြုလုပ်ခဲ့ပြီး ထိုအစည်းအဝေးတွင် ၂၁ ရာစုပင်လုံ အတွက် သဘာပတိအဖွဲ့ကိစ္စနှင့် ပတ်သက်ပြီး UNFC ဘက်က သဘောမတွေ့ဟု ဆိုသည်။
“အဲဒီအစည်းအဝေးမှာ လာမယ့် ၂၁ ရာစု ပင်လုံမှာ လုပ်မယ့် သဘာပတိအဖွဲ့နဲ့ ပတ်သက်ပြီးတော့မှ ဆုံးဖြတ်ချက် သဘောထားတွေ ချတဲ့ဟာ ရှိပါတယ်။ အမှန်တော့ အဲဒီလိုမျိုးချလိုက်တဲ့ ဆုံးဖြတ်ချက် သဘောထားဟာ ကျနော်တို့ ကျင်းပရေး ပူးတွဲကော်မတီ ကနေတဆင့် အားလုံးပါဝင်ရမယ့် အခင်းအကျင်းမှ ချမှတ်ရမယ့် ကိစ္စတွေဖြစ်ပါတယ်။ ဒါပေမယ့် JICM မှာပဲ ချမှတ်သွားတဲ့ အခါကျတော့ နည်းနည်း လက်ဦး ကျွံသလိုဖြစ်ပါတယ်။ ကျနော်တို့ လိုက်ပါရတဲ့ သူတွေအတွက် ဆောင်ရွက်ရတဲ့သူတွေ အတွက် ဒီအခင်းအကျင်းမှာ နည်းနည်း စိတ်စနိုးစနောင့် ဖြစ်စေပါတယ်” ဟု ဦးထွန်းဇော် က ပြောသည်။
၂၁ ရာစု ပင်လုံအတွက် သဘာပတိရွေးချယ်မှုနှင့် ပတ်သက်ပြီး ၂၁ ရာစု ညီလာခံ ကျင်းပရေး ပူးတွဲကော်မတီ အကြား ယခုလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ နေပြည်တော်တွင် အစည်းအဝေးပြုလုပ်၍ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
နေပြည်တော်တွင် ၃ ရက်အကြာ ပြုလုပ်မည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစု ညီလာခံ ကျင်းပရေးပူးတွဲ ကော်မတီ UNFC ဘက်မှ ဗိုလ်ချုပ် စိုင်းထူး (SSPP/SSA)၊ ဗိုလ်ချုပ် ဂွန်မော် (KIO/KIA) တို့ ဦးဆောင် တက်ရောက်မည် ဖြစ်ပြီး စုစုပေါင်း ရ ဦး ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
၂၁ ရာစု ပင်လုံ ပထမအကြိမ် အစည်းအဝေးကို ယခုလကုန် ၃၁ ရက်နေ့၌ နေပြည်တော် တွင် ကျင်းပမည်ဖြစ်ပြီး အဖွင့်ပွဲနေ့တွင် စုစုပေါင်း လူဦးရေ ၁၆၀၀ ကျော်တက်ရောက်မည်ဖြစ်ကြောင်းသိရသည်။
ကျန်ရက်များတွင် ရ၅၀ ဦး တက်ရောက်ကြမည်ဖြစ်ပြီး ထိုအထဲတွင် အစိုးရမှ ရ၅ ဦး၊ လွှတ်တော်မှ ရ၅ ဦး၊ တပ်မတော်မှ ၁၅၀ ဦး၊ နိုင်ငံရေးပါတီများမှ ၁၅၀ ဦး၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ ၂၀၀ ဦး၊ တိုင်းရင်းသား ကိုယ်စားလှယ်များမှ ၅၀ ဦးနှင့် ပါဝင်သင့် ပါဝင်ထိုက်သူများ ၅၀ ဦးတို့ တက်ရောက်ကြမည်ဟု သိရသည်။