ပြန်ကြားရေး ၀န်ကြီးဌာနက ရုပ်သံလိုင်း ၅ ခုကို ပုဂ္ဂလိကသို့ လွှဲပြောင်း လုပ်ကိုင်ခွင့်ပြုရန် ဆုံးဖြတ်ထားကြောင်း ယမန်နေ့ နေ့လယ်ပိုင်းက နေပြည်တော်တွင် ကျင်းပသည့် ရုပ်သံလွှင့် မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရုပ်သံလွှင့် လုပ်ငန်း လုပ်ကိုင်ရန် စိတ်ဝင်စားသူများနှင့် ဒုတိယအကြိမ် တွေ့ဆုံပွဲတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(MRTV) ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးက ပြောသည်။
ပြန်လည် ပြင်ဆင်ရန် ကြိုးပမ်းနေသည့် ရုပ်သံလွှင့် ဥပဒေ မပေါ်ပေါက်မီ ရုပ်သံလုပ်ငန်းကို လုပ်ကိုင်လိုသည့် ပုဂ္ဂလိက လုပ်ငန်းရှင်များအတွက် MRTV ၏ လိုင်း ၁၆ ခု အနက်မှ ၅ ခုကို New Content Provider များသို့ ခွင့်ပြုသွားမည် ဖြစ်ကြောင်း၊ သို့သော် လက်ရှိ ရုပ်သံလုပ်ငန်း လုပ်ကိုင်လျက်ရှိသည့် ရွှေသံလွင် ကုမ္ပဏီနှင့် Forever မီဒီယာတို့အား ယခု လိုင်းအသစ်များကို ထပ်မံလျှောက်ခွင့် ပြုတော့မည် မဟုတ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သိရသည်။
“ကျနော်တို့ မြန်မာအသံနဲ့ ရုပ်မြင်သံကြားမှာရှိတဲ့ အခြေခံ အဆောက်အဦတွေကို သုံးပြီးတော့ လုပ်ငန်း လုပ်ကိုင်လိုသူတွေကို လုပ်ပိုင်ခွင့်ပေးဖို့အတွက် စီစဉ် ဆောင်ရွက်မှာပါ” ဟု ဦးမြင့်ထွေးက အခမ်းအနားတွင် ပြောကြားသည်။
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားရှိ MRTV News ၊ တိုင်းရင်းသား လူမျိုးများ ရုပ်သံလိုင်း၊ လွှတ်တော် ရုပ်သံလိုင်း၊ တောင်သူလယ်သမား ကဏ္ဍ ရုပ်သံလိုင်း၊ MITV ၊ MRTV Entertainment ၊ MRTV – 4 ၊ Channel – 7 ၊ 5 Plus ၊ MNTV ၊ Channel – 9 တို့ကို ပြန်ကြားရေး ၀န်ကြီးဌာနက ဆက်လက် လုပ်ကိုင် သွားမည် ဖြစ်ပြီး MRTV Sport ၊ Readers Channel နှင့် For Edu Channel ၃ ခုကို ပုဂ္ဂလိကသို့ လွှဲပြောင်းပေးသွားမည်ဟု သိရသည်။
“ကျနော်တို့ရဲ MRTV Sport အရန် လုပ်ထားတဲ့လိုင်း ဖြစ်ပါတယ်။ သူ့ကို အသစ်တွေကို ထုတ်ပေးပါမယ်။ Readers နဲ့ Edu ချန်နယ်တွေကိုလည်း သက်ဆိုင်ရာ ကုမ္ပဏီဖြစ်တဲ့ Forever ကိုပဲ ပြန်ပေးလိုက်မှာပါ။ သူ့ဖာသာ လွှင့်ရမှာ ဖြစ်ပါတယ်။ ဒီ Channel ၂ ခုကို ပြန်သိမ်းထားပါတယ်။ နောက် ၂ ခုကတော့ ကျနော်တို့မှာ ရှိနေတဲ့ Infrastructure နဲ့ အသစ် ၂ လိုင်း ထပ်ထုတ်ထားပါတယ်။ အဲဒီ စုစုပေါင်း ၅ လိုင်းကို အသစ် လုပ်ကိုင်လိုသူတွေကို စိစစ်ပြီးတော့ လုပ်ပိုင်ခွင့် ပေးသွားမှာ ဖြစ်ပါတယ်” ဟု ဦးမြင့်ထွေးက ပြောသည်။
ထို့အပြင် ရုပ်သံရွေးချယ်မည့် ကုမ္ပဏီကို ပြန်ကြားရေး ၀န်ကြီးဌာနက တိုက်ရိုက်ရွေးချယ်မည် မဟုတ်ဘဲ Tun Group Asia ဟု ဆိုသည့် အကြံပေး ကုမ္ပဏီတခုကို ငှားရမ်းထားကြောင်း၊ ယင်းကုမ္ပဏီက ရွေးချယ်၍ စိစစ်တင်ပြလာမှုကိုသာ ပြန်ကြားရေးဝန်ကြီးဌာန ၀န်ကြီးပါ၀င်သည့် စီမံခန့်ခွဲမှု ကော်မတီ အစည်းအဝေးတွင် ထပ်ဆင့် တင်ပြကာ ရွေးချယ်သွားမည်ဟုလည်း သိရသည်။
ရုပ်သံ လုပ်ပိုင်ခွင့် ရရှိသူများသည် မိမိ၏ အစီအစဉ်ဖြင့် စတူဒီယိုများ တည်ဆောက်ရမည် ဖြစ်ပြီး ဆောက်လုပ်ပြီးပါက ရုပ်သံထုတ်လွှင့်မှုများကို မြန်မာ့ အသံနဲ့ ရုပ်မြင်သံကြား (ရန်ကုန်) ပြည်လမ်းရှိ Station သို့ ဖိုက်ဘာ ဆက်ကြောင်းမှတဆင့် ပေးပို့ရမည်ဖြစ်ကြောင်း၊ ပေးပို့ရမည့် ဖိုင်ဘာဆက်ကြောင်းများကိုု မိမိကုန်ကျစရိတ်ဖြင့် တည်ဆောက်သွားရမည်ဖြစ်ကြောင်း သိရသည်။
“ရန်ကုန်ကို ရောက်လာတဲ့ အစီအစဉ်တွေကို ဂြိုဟ်တုဆက်ကြောင်းကနေတဆင့် အခု MRTV တပ်ကုန်းကို ပို့ရမှာ ဖြစ်ပါတယ်။ တပ်ကုန်းရောက်လာတဲ့ အချိန်ကျရင် နဂိုမူလက တင်ပြခဲ့တဲ့ ၁၁ လိုင်းနဲ့ အခုဒီဘက်က ပို့လိုက်တဲ့ ၅ လိုင်းနဲ့ ပေါင်းပြီး ကျနော်တို့ အစီအစဉ်နဲ့ ကျနော်တို့ ဂြိုဟ်တုကို ပို့မယ်။ ပို့ပြီးရင် နယ်ထပ်ဆင့်လွှင့်စက်ရုံ ၁၄၅ ရုံကို ပို့လိုက်မှာ ဖြစ်ပါတယ်။ ၁၄၅ ရုံက User တွေကို လွှင့်မှာ ဖြစ်ပါတယ်” ဟု ဦးမြင့်ထွေးက ပြောသည်။
ရုပ်သံ လုပ်ငန်း လုပ်ပိုင်လိုသူများ အနေဖြင့် ထုတ်လွှင့်လိုသည့် ရုပ်သံအမျိုးအစားကို တပါတည်း လျှောက်ထားရမည် ဖြစ်ပြီး ပြန်ကြားရေး ၀န်ကြီးဌာနက တည်းဖြတ်ခြင်း လုံးဝ မလုပ်ဘဲ လွတ်လပ်စွာ ထုတ်လွှင့်ခွင့် ရှိမည် ဖြစ်ကြောင်း၊ သို့သော် အရက်၊ ဘီယာ ကြေညာ ထည့်သွင်းခွင့် မရှိသည့် သတ်မှတ်ချက် စည်းကမ်းများကိုမူ လိုက်နာရမည်ဟု သိရသည်။
လျှောက်လွှာများကို Tun Group Asia လီမိတက်ထံတွင် ထုတ်ယူနိုင်ပြီး လျှောက်လွှာပိတ်ရက်မှာ စက်တင်ဘာလ ၂၂ ရက်နေ့ ဖြစ်ကြောင်း သိရသည်။
ကုန်ကျစရိတ် အနေဖြင့် ကနဦး ကုန်ကျစရိတ်သည် ရန်ကုန်မြို့တွင် ဖိုက်ဘာဆက်ကြောင်း တပ်ဆင်ခအတွက် အမေရိကန် ဒေါ်လာ ၆၆၀၀၀ ကုန်ကျမည် ဖြစ်ပြီး နေပြည်တော် တပ်ကုန်းတွင် တပ်ဆင်ခ ဒေါ်လာ ၈၇၂၀ နှင့် လုပ်ငန်းစဉ်တခုလုံးအတွက် အကြံပေးဝန်ဆောင်ခ မြန်မာကျပ်ငွေ သိန်း ၈၀ စုစုပေါင်း အမေရိကန် ဒေါ်လာ ရ၄၀၀၀ နှင့် မြန်မာ ကျပ်ငွေ သိန်း ၈၀ ကျော် ကုန်ကျမည် ဖြစ်ကြောင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား အင်ဂျင်နီယာချုပ် ဦးလှိုင်မိုးက ပြောသည်။
နှစ်စဉ် ကုန်ကျစရိတ် အနေဖြင့် Transformer ငှားရမ်းခကို ပေးသွင်းရမည် ဖြစ်ပြီး လက်ရှိ ငှားရမ်းထားသည့် စျေးနှုန်းသည် အမေရိကန် ဒေါ်လာ ၂၇၀၀၀ ရှိသဖြင့် ၅ ဦးခွဲတမ်းချပါက တဦးလျှင် အမေရိကန် ဒေါ်လာ ၅၄၀၀ ကျသင့်မည်ဟု သိရသည်။
“လစဉ် ကုန်ကျစရိတ် က MRTV ကို ပေးသွင်းရမယ့် ထုတ်လွှင့်ခပါ။ အဲဒါကတော့ ကျပ် သိန်း ၂၀၀ ဖြစ်ပါတယ်”ဟု ဦးလှိုင်မိုးက ပြောသည်။
ယခု လုပ်ငန်း လုပ်ပိုင်ခွင့် ရသူများသည်လည်း ရုပ်သံ ဥပဒေပေါ်ပေါက်လာပါက လိုင်စင် ထပ်မံ လျှောက်ရမည်ဖြစ်ပြီး နိုင်ငံခြားသားများ ရင်းနှီး မြှပ်နှံမှုအတွက် မြန်မာ့ ရင်းနှီးမြှပ်နှံမှု ကော်မရှင်၏ ဥပဒေလုပ်ထုံး၊ လုပ်နည်းများကို လေ့လာ၍ လုပ်ကိုင်ကြရန် ပြန်ကြားရေး ၀န်ကြီးဌာနက ပြောသည်။
ထို့အပြင် လျှောက်လွှာတင်ပြီးကာလ အပိုင်းအခြား၊ လုပ်ပိုင်ခွင့် ပြုပြီးနောက် ဆက်လက် ထုတ်လွှင့်နိုင်မည့် အချိန် အပိုင်းအခြားများ၊ လွတ်လပ်စွာ ထုတ်လွှင့်ခွင့် ရှိ၊ မရှိတို့နှင့် ပတ်သက်၍ တက်ရောက်လာသူများက ဆက်လက် ဆွေးနွေးခဲ့ကြပြီး ထပ်မံ သိရှိလိုသည်များကို အကြံပေး ကုမ္ပဏီတခုဖြစ်သည် Tun Group Asia သို့ ဆက်သွယ် မေးမြန်းနိုင်ကြောင်း သိရသည်။
ယနေ့ပွဲသို့ တက်ရောက်လာသူ တဦးဖြစ်သူ ဦးဝင်းဝင်းဆွေကမူ “အခု လုပ်ငန်းက ဒေါ်လာသိန်းနဲ့ချီပြီး ရင်းရမှာ။ ပြီးတော့ အကျိုးအမြတ်က သိပ်မသေချာဘူး။ ရေရှည်မှာတော့ အကျိုးရှိကောင်း ရှိနိုင်တယ်။ ပြီးရင် ရုပ်သံ ဥပဒေ ပေါ်ပေါက်လာရင် တခြား Chennal တွေလည်း ရှိနိုင်သေးတာဆိုတော့ အဲဒီအခါကျမှပဲ စဉ်းစားတော့မယ်” ဟု ပြောသည်။