မန္တလေးမြို့ အမရပူရမြို့နယ်တွင် ကျင်းပမည့် ရတနာ့ဂူနတ်ပွဲ၏ ပွဲတော်ရက်များအတွင်း လိင်တူချစ်သူများကို HIV/AIDS ပညာပေးဆွေးနွေးမှုများနှင့် ဆန္ဒအလျောက် သွေးစစ်ခြင်းများကို နတ်နန်းများအထိ အရောက်သွားကာ ဝန်ဆောင်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ရတနာဂူနတ်ပွဲစတင်မည့် သြဂုတ်လ ၂၆ ရက်နေ့ မှ ၃၀ ရက်နေ့ အထိ HIV/AIDS ကျန်းမာရေး ပညာပေးပြခန်းကို ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း၊ ကွန်ဒုံ အရေအတွက် ငါးသောင်းကျော် ကို အများပြည်သူများအား အခမဲ့ ပေးဝေသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး၊ ခုခံအားကျဆင်းမှု ကူးစက်ရောဂါနှင့် ကာလသားရောဂါ တိုက်ဖျက်ရေး စီမံချက် မှ တိုင်းဒေသကြီးဆရာဝန် ဒေါက်တာသန်းဝင်း က ပြောသည်။
” ပွဲတော်လာသူတွေကို သူတို့သဘောဆန္ဒနဲ့ သွေးစစ်ဆေးပေးပြီး ၁ နာရီအတွင်း မြန်မြန်စစ်ဆေးပေးမယ်။ မြန်မြန် သိ မြန်မြန် ကုသ အဲဒီနည်းလမ်းတွေနဲ့ အခမဲ့ဆောင်ရွက်ပေးသွားပါမယ်”ဟု ဒေါက်တာသန်းဝင်း က ပြောသည်။
” ပွဲတော်အတွင်း နတ်နန်းတွေ အထိသွားပြီး အမျိုးသားချင်း လိင်ဆက်ဆံသူတွေကို နတ်နန်းတွေထိ သွားရောက် အသိပညာပေးခြင်းကို NGOတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်။ လူငယ်လူရွယ်တွေအတွက် အဓိကရည်ရွယ်ပြီး ပြခန်းကနေ ကျန်းမာရေး အသိပညာရရှိပြီး လိုအပ်တဲ့ဝန်ဆောင်မှုတွေ ရနိုင်အောင် ဌာနအနေနဲ့လုပ်ဆောင်ပေးသွားမယ်”
ဟု ၄င်းက ဆက်လက်ပြောသည်။
HIV/AIDS ပညာပေး အစီအစဉ်များကို မာရီစတုတ်အင်တာနေရှင်နယ် အဖွဲ့၊ PSI မှ ကူညီပေးနေသော Top Center အဖွဲ့ တို့နှင့် ပူးပေါင်းကာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ မန္တလေးတိုင်းဒေသကြီး၊ ခုခံအားကျဆင်းမှု ကူးစက်ရောဂါနှင့် ကာလသားရောဂါ တိုက်ဖျက်ရေး စီမံချက် ရတနာ့ဂူနတ်ပွဲတွင် HIV/AIDS ပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လာသည်မှာ ၁၀နှစ်ကျော်ပြီ ဖြစ်ကြောင်းသိရသည်။
၂၀၁၅ ခုနှစ် WHO၏ စာရင်းများအရ မြန်မာနိုင်ငံတွင် HIV ကူးစက်ခံရသူဦးရေမှာ တနှစ်လျှင် ရ၀၀၀ ဦးရေ ခန့် အထိရှိရာ ART ဆေးသောက်သုံးသူ ၁၀၄၀၀၀ ဦးရှိကြောင်း၊ ART ဆေး အလုံအလောက်ရှိသော်လည်း HIV ပိုး ရှိ၊ မရှိ သွေးစစ်ဆေးမှု နည်းခြင်းကြောင့် ကူးစက်ခံရနိုင်သူများ ရှိနေနိုင်သေးကြောင်း သိရသည်။