သတင်း

ဂျပန်က မြန်မာကို ယန်း ဘီလျံ ၁၀၀ ချေးမည်

မြန်မာနိုင်ငံရဲ့ အခြေခံအဆောက်အအုံ ဖွ့ံဖြိုးတိုးတက်ရေးအတွက် ဂျပန်နိုင်ငံက ချေးငွေ ဂျပန်ယန်း ၁၀၀ ဘီလျံ ပေးအပ်သွားရန် စီစဉ်နေကြောင်း ဂျပန်အစိုးရ သတင်းအရင်းအမြစ်တခုက ယနေ့ပြောဆိုသည်။

ထိုအစီအစဉ်ကို လာမည့်လ လာအိုနိုင်ငံတွင် ကျင်းပမည့် ဂျပန်နှင့် အာဆီယံဒေသတွင်းနိုင်ငံများ တွေ့ဆုံ ဆွေး နွေးပွဲများ၌ ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အဘေးက ကြေညာရန် စီစဉ်နေကြောင်းလည်း အဆိုပါ သတင်းရင်းမြစ်က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရ တက်လာပြီးနောက် ဂျပန်နိုင်ငံ က ပထမဆုံးအကြိမ် ကမ်းလှမ်းခြင်းဖြစ်သည်။

အဆိုပါ ချေးငွေကို ရန်ကုန်၊ မန္တလေး မီးရထားလမ်းများ ပြန်လည်ပြုပြင်ရေးကဲ့သို့ စီမံကိန်းများတွင် အသုံးပြု သွားမည်ဖြစ် ကြောင်း ထိုသတင်းအရင်းအမြစ်ကပြောသည်။

ဂျပန်နိုင်ငံက တရုတ်၏ သြဇာလွှမ်းမိုးမှု  အလျင်အမြန်တိုးတက်လာခြင်းကို တုံ့ပြန်ရန် မြန်မာနိုင်ငံသို့ ကူညီရန် စိတ်အား ထက်သန်နေခြင်းဖြစ်သည်။

ပြီးခဲ့သည့် ရက်သတ္တပတ်က နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ တွေ့ဆုံဆွေးနွေးရာတွင် မြန်မာ့အခြေခံအဆောက်အုံ ဖွံဖြိုးတိုးတက်မှုအတွက် အကူအညီပေးအပ်ခဲ့သည်။

မနေ့ကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုုင်ငံတွင် ရောက်ရှိနေသည့် ဂျပန်နိုင်ငံ၊ ဝန်ကြီးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ်ဖြစ်သူ Mr. Hiroto Izumi တို့ တွေ့ဆုံကာ ရန်ကုန်မြို့ပြ မဟာစီမံကိန်း၊ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ သီလဝါ စီးပွားရေးဇုန် ဖွံဖြိုးတိုးတက်ရေး၊ ရေသုတေသနလုပ်ငန်းများ အပါအဝင် နိုင်ငံဖွံဖြိုးရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရန် ဆွေးနွေးခဲ့သည်။

Loading