သတင်း

အစိုးရတပ်နှင့် TNLA အကြား တိုက်ပွဲကြောင့် ဒေသခံ ၂ ဦး ကျည်ဆံထိမှန်

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်း အစိုးရတပ်မတော်နှင့် တအာန်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ ဒေသခံအမျိုးသား ၂ ဦး ကျည်ဆံထိမှန်ခဲ့ကြောင်း သိရသည်။

နှစ်ဘက်အကြား ဖြစ်ပွားခဲ့သည့်တိုက်ပွဲသည် သြဂုတ် ၂၅ ရက် ညနေပိုင်း၌ ဖြစ်ပွားခဲ့ကြောင်းနှင့် ကျည်ဆံထိမှန်ခဲ့သည့် ဒေသခံ ၂ ဦးကို မူဆယ်ဆေးရုံသို့ တင်ပို့ထားကြောင်း စုံစမ်းသိရသည်။

မူဆယ်ဆေးရုံတွင် တာဝန်ကျနေသည့်ဆရာဝန်က “ မနေ့က မူဆယ်ဆေးရုံကို ည ၁၀ နာရီ ရောက်လာပါတယ်။ အမျိုးသားတယောက်က ညာပေါင်မှာ ကျည်ဆံစထိမှန်ပြီး၊ တယောက်ကတော့ ဘယ်ခြေဖမိုး ထိမှန်တယ်။ အရိုးခွဲစိတ်ရမယ်ဆိုတော့ လားရှိုးဆေးရုံကို ပို့လိုက်ပါပြီ” ဟု ဧရာဝတီကို ပြောသည်။

လူနာအားကုသမှုပေးရန် မူဆယ်ဆေးရုံတွင် အရိုးအထူးကု ဆရာဝန်မရှိသဖြင့် လားရှိုးဆေးရုံသို့ လွှဲပြောင်းခဲ့ကြောင်းနှင့် ကျည်ဆံထိမှန်ခံရသည့် ဒေသခံအမျိုးသား ၂ ဦးစလုံး အသက်အန္တရာယ် စိုးရိမ်စရာမရှိကြောင်း ထိုတာဝန်ကျဆရာဝန်က ပြောသည်။

တိုက်ပွဲအခြေအနေနှင့် ပတ်သတ်ပြီး တပ်မတော်ဘက်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်အောင်ရဲဝင်းကို ဧရာဝတီက ဆက်သွယ်မေးမြန်းရာ ခရီးသွားနေသဖြင့် ဖြေဆိုနိုင်ခြင်း မရှိသေးကြောင်း ပြန်လည်ပြောဆိုသည်။

နှစ်ဘက်အကြား တိုက်ပွဲဖြစ်ပွားရာ၌ ကျေးရွာအတွင်းသို့ လက်နက်ကြီးတချို့ကျရောက်သဖြင့် ဒေသခံများ နမ့်ခမ်းမြို့သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း တအာင်းကျောင်းသားလူငယ်များအဖွဲ့မှ မိုင်းမျိုးအောင်က ဧရာဝတီကို ပြောသည်။

“တိုက်ပွဲက ဟိုနားကျေးရွာနဲ့ ကောင်းတပ်ကျေးရွာကြားမှာ ဖြစ်တာပါ။ ကျည်ထိမှန်တဲ့ သူ ၂ ဦး လားရှိုးဆေးရုံကို ဒီနေ့မနက် ၄ နာရီမှာ ရောက်သွားပါပြီ။ လောလောဆယ် ရွာသားတွေကတော့ နမ့်ခမ်းမြို့ပေါ် တိမ်းရှောင်နေရတယ်” ဟု မိုင်းမျိုးအောင်က ဆိုသည်။

အစိုးရတပ်နှင့် TNLA အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲသည် နမ့်ခမ်းမြို့နှင့်တမိုင်အကွာတွင် ဖြစ်ပွားခဲ့သဖြင့် နမ့်ခမ်းမြိုပေါ် နေထိုင်သူများပါ ထိတ်လန့်ခဲ့ရသည်ဟု နမ့်ခမ်းဒေသခံများက ပြောသည်။

Loading