သြဂုတ်လ ၃၁ ရက်တွင် ကျင်းပမည့် ၂၁ ရာစု ပင်လုံညီလာခံ ပထမအကြိမ် အစည်းအဝေးတွင် မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ ပါဝင်တော့မည် မဟုတ်ဟု နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ၏ ဒု ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ယနေ့ သတင်း မီဒီယာများကို ပြောဆို လိုက်သည်။
မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့မှာ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်-ကိုးကန့်အဖွဲ့ (MNDAA) ၊ ပလောင် (တအာန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ရက္ခိုင့် တပ်မတော်( AA) တို့ ဖြစ်သည်။
အဆိုပါ MNDAA ၊ TNLA နှင့် AA တို့ကို တပ်မတော်က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်လိုလျှင် “လက်နက်ကိုင် လမ်းစဉ်/နည်းလမ်း ကို အပြီးတိုင် စွန့်လွှတ်/ချုပ်ငြိမ်းလိုသည့် ဆန္ဒအပြည့်အဝ ရှိပါသည်” ဟူသည့် စာသားပါ ထုတ်ပြန် ချက် တစောင်ကို ထုတ်ပြန်ရမည်ဟု ပြောဆိုထားသည်။
ထို ၃ ဖွဲ့က တပ်မတော်က ပြောဆိုသည့် ထုတ်ပြန်ချက် ထုတ်ပေးရန် သဘောတူညီသော်လည်း “လက်နက်ကိုင် လမ်းစဉ်/နည်းလမ်း” ဟူသည့် နေရာတွင် “လက်နက်ကိုင် ပဋိပက္ခ”ဟု အစားထိုးကာ “လက်နက်ကိုင် ပဋိပက္ခကို အပြီးတိုင် စွန့်လွှတ်/ချုပ်ငြိမ်း လိုသည့် ဆန္ဒအပြည့်အဝရှိပါသည်”ဟူ၍ ထုတ်ပြန်မည်ဟု ပြောဆိုခဲ့သဖြင့် ဆွေးနွေးမှု သည် သဘောတူညီမှု မရခဲ့ပါ။
ဦးဇော်ဌေးကလည်း အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ညှိနှိုင်းမှု မပြီးပြတ်သဖြင့် ထို ၃ ဖွဲ့ကို ဖိတ်စာ ပေးပို့တော့မည် မဟုတ်ဟု ပြောသည်။
ဆက်လက်ပြီး ဦးဇော်ဌေးက “ဒီပင်လုံညီလာခံကိုတော့ ဒီအဖွဲ့တွေ တက်ဖြစ်မှာ မဟုတ်တော့ဘူး။ ဘာ့ကြောင့် လဲ ဆိုတော့ ညှိရမယ့် အပိုင်းလေးတွေ မပြတ်လို့။ ဒါပေမယ့် ကျနော်တို့က တံခါးဖွင့် ထားပါ တယ်”ဟု ပြောသည်။
တပ်မတော်က မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ကို “လက်နက်ကိုင် လမ်းစဉ်ကို စွန့်ပါသည်”ဟူသည့် စာသားပါ ကြေညာချက် ကို ထုတ်ပြန်ရန် ပြောဆိုသည်မှာ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်က စပြီး MNDAA က တပ်မတော်ကို တဖက်သတ် စစ် ကြေညာပြီး တိုက်ခိုက်ခဲ့ခြင်းကြောင့် ဖြစ်သည်ဟု သတင်းမီဒီယာများကို ပြောဆိုထားသည်။
ကိုးကန့်တိုက်ပွဲသည် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း ၃လကြာ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပြီး တပ်မတော် ဘက် က တပ်မတော်သား အရာရှိများ၊ တပ်ဖွဲ့ဝင်များ အကျအဆုံး များခဲ့ကြောင်း သိရသည်။ အဆိုပါ တိုက်ပွဲဖြစ်ပွားနေစဉ် TNLA နှင့် AA တို့သည်လည်း ကိုးကန့်တိုက်ပွဲတွင် မဟာမိတ်အဖြစ် ပါဝင် ကူညီနေကြောင်း ထုတ်ပြန် ပြောဆိုခဲ့သဖြင့် တပ်မတော်က ထို ၃ ဖွဲ့ကို အခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနည်းတူ တိုက်ပွဲဖြစ်ပွား ခြင်းမျိုး မဟုတ်ဘဲ နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို ခြိမ်းခြောက်ပြီး တိုက်ခိုက်သည်ဟု သတ်မှတ်ထားသည်ဟု ဆို သည်။
TNLA မှ ဒုဗိုလ်မှူးကြီး တာဘုန်းကျော်က “မဖိတ်တော့ဘူးဆိုတော့ ကျနော်တို့က မတက်နိုင်တော့ဘူးပေါ့ ။ ကျနော်တို့က ၂၁ ရာစု ပင်လုံကို တက်ဖို့ ဆန္ဒရှိပါတယ်။ အစိုးရက မဖိတ်တော့ ကျနော်တို့ တက်လို့ မရတော့ဘူးပေါ့”ဟု ပြောသည်။
၂၁ ရာစု ပင်လုံညီလာခံ အစည်းအဝေးသည် ၆ လတကြိမ် ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ဒုတိယ အကြိမ် အစည်းအဝေး မတိုင်ခင် ညှိနှိုင်းမှုများ ပြုလုပ်ကြမည်ဟုလည်း အစိုးရ နှင့် TNLA နှစ်ဘက်လုံး က ဧရာဝတီကို ပြောသည်။
TNLA သည် လက်ရှိတွင် ရှမ်းပြည်နယ် နမ့်ခမ်းမြို့နယ်အတွင်း တပ်မတော်နှင့် တိုက်ပွဲပြန်လည် ဖြစ်ပွားလျက် ရှိသည်။
ဆက်လက်၍ ဒုဗိုလ်မှူးကြီး တာဘုန်းကျော်က “ဒီလိုပုံစံအတိုင်း ဆိုရင်တော့ တိုက်ပွဲက လျော့နိုင်စရာ အကြောင်းမရှိဘူး။ တိုက်ပွဲ ဆက်တိုးလာနိုင်တဲ့ အနေအထားရှိတယ်။ ဘာလို့လဲဆိုတော့ အစိုးရဘက်က မဖိတ်နိုင်ဘူး ဆိုတာ မြန်မာ့ တပ် မတော် ကြောင့်၊ ပြီးတော့ ထိုးစစ်ဆင်နေတယ်။ တပ်မတော်က အစိုးရ ဦးဆောင်နေတဲ့ ငြိမ်းချမ်းရေးကို အောင်မြင်ဖို့ ဆန္ဒ သဘောရိုးမရှိလို့ပဲ”ဟု ပြောဆိုသည်။
ယခုအပတ်အတွင်းတွင် MNDAA ၊ TNLA နှင့် AA တို့သည် တရုတ်နိုင်ငံ နိုင်ငံခြားရေးဌာန အာရှဆိုင်ရာ အထူးသံတမန် မစ္စတာ ဆွန်ကော့ရှန်နှင့်လည်း အလွတ်သဘော တွေ့ဆုံခဲ့သည်။
မစ္စတာ ဆွန်ကော့ရှန် ထို ၃ ဖွဲ့ကို တွေ့ဆုံစဉ်က ၂၁ရာစု ပင်လုံညီလာခံကို တက်ရန် တိုက်တွန်းကြောင်း သိရသည်။
မစ္စတာ ဆွန်ကော့ရှန်ကလည်း ၎င်းအနေဖြင့် MNDAA ၊ TNLA နှင့် AA တို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွင်း ပါဝင်နိုင်ရန် ၊ ညီလာခံ တက်နိုင်ရန် မြန်မာအစိုးရကို တိုက်တွန်းပေးမည်ဟု ပြောဆိုသွားကြောင်း ဒုဗိုလ်မှူးကြီး တာဘုန်းကျော်က ပြော သည်။
MNDAA ၊ TNLA နှင့် AA တို့သည် မြန်မာနိုင်ငံ မြောက်ပိုင်းတွင် အခြေစိုက်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ဖြစ်ပြီး အစိုးရနှင့် အပစ်ရပ်စာချုပ် တစုံတရာ ချုပ်ဆိုထားခြင်း မရှိသေးပေ။
အစိုးရက သြဂုတ်လ ၃၁ရက်တွင် ပြုလုပ်မည့် ၂၁ ရာစု ပင်လုံညီလာခံ ပထမအကြိမ် အစည်းအဝေးကို ပြည်တွင်းရှိ တိုင်းရင်းသား လက်နက်ကိုင် ၂၁ ဖွဲ့ ရှိသည့် အနက် ၁၈ ဖွဲ့ကို ဖိတ်ကြားထားသည်။
အဆိုပါ ၁၈ ဖွဲ့အနက် ၁၇ ဖွဲ့က တက်ရောက်ရန် သဘောတူထားပြီး ဖြစ်သည်။
ဖိတ်ကြားခံထားရသည့် နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ-ကပ်ပလန် (NSCN-K) မှာ ၎င်းတို့ ဗဟိုကော်မတီ အတွင်း တက်ရေး မတက်ရေး ညှိနှိုင်းနေဆဲ ဖြစ်ကြောင်း သိရသည်။