IS ၏ ခြိမ်းခြောက်မှုကြောင့် နေပြည်တော်တွင် ကျင်းပမည့် ၂၁ ရာစု ပင်လုံ ညီလာခံကို လုံခြုံရေး အထူးတိုးမြှင့်ရန် ပြည် ထဲရေး ဝန်ကြီးဌာနက ပြင်ဆင်လျက် ရှိကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ဒုညွှန်ချုပ် ဦးဇော်ဌေးက ပြော သည်။
“လုံခြုံရေးကို လုံလောက်တဲ့ အင်အား ချထားမယ်။ အာဆီယံ၊ ဆီဂိမ်းထက် ပိုပြီးတော့ လုံခြုံရေးကို အလေးထားတယ်။ ကျနော်တို့မှာ IS ရဲ့ လုံခြုံရေး ခြိမ်းခြောက်တဲ့ Message တွေ ရှိတဲ့အတွက် ဒီကာလကို အရေးကြီးကာလအဖြစ် သတ်မှတ်ပြီးတော့ ပြည်ထဲရေးကနေ အနီးကပ် လုံခြုံရေးပေး ဆောင်ရွက်သွားမှာ ဖြစ်တယ်”ဟု ဦးဇော်ဌေးက ယနေ့ ကျင်းပသည့် အစိုးရ ရက် ၁၀၀ စီမံချက် သတင်းစာ ရှင်းလင်းပွဲ အပြီးတွင် မီဒီယာများသို့ ပြောသည်။
နိုင်ငံတနိုင်ငံ၏ အမျိုးသား လုံခြုံရေး တည်ဆောက်မှုအပိုုင်းကို စဉ်းစား၍ လုံခြုံရေး စီမံချက်များ ရေးဆွဲရာတွင် လက်ရှိ အခြေအနေများပေါ် မူတည်သုံးသပ်ရသဖြင့် IS (အစ္စလမ္မစ် အစွန်းရောက် လက်နက်ကိုင်) ကိစ္စကို ထည့်သွင်း စဉ်းစား ရခြင်း ဖြစ်ကြောင်းလည်း ဦးဇော်ဌေး က ပြောဆိုသည်။
ပင်လုံ ညီလာခံ တက်ရောက်မည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအနေဖြင့် အစိုးရက သတ်မှတ်ပေးထားမည့် ဟိုတယ် ၆ ခုတွင်သာ တည်းခိုရမည် ဖြစ်ပြီး အခြားပုဂ္ဂိုလ်များ အတွက်လည်း နေပြည်တော် အားကစားရွာတွင် လုံခြုံရေး အစောင့်အရှောက်ဖြင့် တည်းခိုခွင့် ပေးမည်ဟု သိရသည်။
ဦးဇော်ဌေးက “နေပြည်တော်မှာ ရှိတဲ့ ဟိုတယ် ၆ ခုကို သတ်မှတ်ပေးမယ်။ ဟိုတယ် ၆ ခုမှာတော့ ပြည်ထဲရေးက လုံခြုံရေး အပြည့်အ၀ ယူထားမယ်။ လုံခြုံရေး ယူရအောင် အဆင်ပြေအောင်လို့ ကျနော်တို့ သတ်မှတ်ထားတဲ့ ဟိုတယ် ၆ ခုမှာ တည်းပေးပါ။ ကျန်းမာရေး စောင့်ရှောက်မှုလည်း ပေးမယ်။ အစားအသောက်ကိုလည်း ဟိုတယ်တွေမှာ ဘူဖေး စီစဉ်ပေး ထားမယ်”ဟု ပြောသည်။
တိုင်းရင်းသား ခေါင်းဆောင်များ တည်းခိုမည့် ဟိုတယ် ၆ ခုတွင် Kamperski ၊ ရွှေစံအိမ် ဟိုတယ်တို့ ပါဝင်သော်လည်း အသေးစိတ် မထုတ်ပြန်နိုင်သေးကြောင်း၊ ပွဲသို့ တက်ရောက်သူများအတွက် ကားအကြိုအပို့ အစီအစဉ် ရှိကြောင်း၊ လုံခြုံရေး ကိုလည်း ပြည်ထဲရေး ဝန်ကြီးဌာနက အပြင်စည်း၊ အတွင်း စည်းဖြင့် လုံခြုံရေး ယူသွားမည်ဖြစ်ကာ ညီလာခံသို့ တက်ရောက် လာသူများအနေဖြင့်လည်း လုံခြုံရေးနှင့် ပတ်သက်၍ လိုက်နာရမည့် စည်းကမ်းများ ရှိကြောင်း သိရသည်။
“လာမယ့်လူတွေအတွက် လိုက်နာရမယ့် စည်းကမ်းတွေမှာ လက်နက်ခဲယမ်းတွေ ယူဆောင်လာခြင်း မပြုဖို့၊ လုံခြုံရေးအရ စစ်ဆေးတာကို အသာတကြည် လက်ခံဖို့ လိုပါတယ်”ဟု ဦးဇော်ဌေးက ပြောသည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ၎င်းတို့ဒေသ ပြင်ပသို့ လက်နက် ကိုင်ဆောင်၍ ထွက်ခွာလိုပါက အစိုးရသို့ တရားဝင် အကြောင်းကြားရန်လိုကြောင်း၊ ယခုတခေါက်တွင်မူ လက်နက် ယူဆောင်လာခွင့် မရှိကြောင်း သိရ သည်။
၂၁ ရာစု ပင်လုံ ညီလာခံကို သြဂုတ်လ ၃၁ ရက်တွင် စတင်ကျင်းပမည်ဖြစ်ရာ ညီလာခံ ဖွင့်ပွဲသို့ တက်ရောက်မည့်သူနှင့် ညစာ စားပွဲ တက်ရောက်မည့်သူများကို နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ဖိတ်ကြား ဖြစ်ပြီး ညီလာခံ ဆွေးနွေးပွဲသို့ တက်ရောက်မည့်သူများကိုမူ ကိုယ်စားလှယ် ၅၀ ပါဝင်သည့် အစိုးရ၊ နိုင်ငံရေး ပါတီနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်း၏ ညီလာခံ ပူးတွဲကျင်းပရေး ကော်မတီမှ ဖိတ်ကြားခြင်း ဖြစ်သည်။