ထိလွယ်ရှလွယ် ဖြစ်နေသည့် ရခိုင်ပြည်နယ်အရေးကို ဖြေရှင်းရန် ပြည်တွင်း ပုဂ္ဂိုလ်များဖြင့် ကော်မရှင်များ ဖွဲ့စည်း ဆောင်ရွက်ခဲ့သော်လည်း ထိရောက်မှု မရှိဘဲ ဖြစ်ပေါ်လာသည့် နိုင်ငံတကာ ဖိအားများကြောင့် အသစ်ဖွဲ့စည်းမည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်တွင် ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်ဟောင်း ကိုဖီအာနန်ကို ဥက္ကဋ္ဌ အဖြစ် တာဝန်ပေးခြင်း ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။
မနေ့က နေပြည်တော်ရှိ အစိုးရ ရက် ၁၀၀ စီမံချက် ရှင်းလင်းပွဲတွင် မီဒီယာတချို့၏ မေးမြန်းချက်ကို ဦးဇော်ဌေးက အထက်ပါအတိုင်း ရှင်းလင်းပြောဆိုခြင်း ဖြစ်သည်။
“ဒီကော်မရှင်မှာ ပါတဲ့သူတွေသည် ဘက်လိုက်မှု ကင်းရမယ်။ လူအများက လေးစားတဲ့သူ ဖြစ်ရမယ်။ အတွေ့အကြုံ ရင့်ကျက်တဲ့သူ ဖြစ်ရမယ်။ ပြည်ပက ၃ ဦး၊ ပြည်တွင်းက ၆ ဦး ပေါင်း ၉ ဦးနဲ့ ဒီကော်မရှင်ကို ဖွဲ့ဖို့ လုပ်နေတယ်။ ပြည်ပ ပညာရှင် ၃ ဦးကလည်း တကယ်အတွေ့အကြုံ ရှိတဲ့သူတွေပဲ ရွေးချယ်ထားတာပါ” ဟု ဦးဇော်ဌေးက ပြောသည်။
အတိုက်အခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) နှင့် အမျိုးသားရေး အင်အားစုများက ပြည်တွင်း ပြဿနာကို ပြည်တွင်း ပုဂ္ဂိုလ်များဖြင့် မဖြေရှင်းဘဲ နိုင်ငံတကာ ပါဝင် ပတ်သက်လာမှုအတွက် အမျိုးသား လုံခြုံရေးကို လျစ်လျူရှုသကဲ့သို့ ဖြစ်နေကြောင်း သတိပေးကြသည်။
“ပြည်တွင်းရေးရာ ကိစ္စကို နိုင်ငံတကာ ရေးရာ ကိစ္စတခုအဖြစ် ဦးတည်နေသကဲ့သို့ ဖြစ်နေကြောင်း” ဟု USDP က ထုတ်ပြန်သည်။
ဦးဇော်ဌေးကမူ ရခိုင်ပြည်နယ် အရေးကိစ္စသည် ပြည်တွင်းရေးဟု မည်သို့ပင် ငြင်းဆန်စေကာမူ OIC အပါအဝင် နိုင်ငံတကာ၏ ပါဝင်ပတ်သက်မှုများ ရှိနေကြောင်း၊ ယခုကော်မရှင်၏ လုပ်ပိုင်ခွင့်မှာလည်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်မှတဆင့် အစိုးရကို အကြံပြုတင်ပြရုံသာ ဖြစ်ကြောင်း ပြောဆိုသည်။
“ရခိုင် ကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတကာရဲ့ ပါဝင်ပတ်သက်မှုက ရှိနေပါတယ်။ မည်သို့ပင် ငြင်းဆန်စေကာမူ နိုင်ငံတကာရဲ့ ဖိအား ရှိပါတယ်။ နိုင်ငံတကာရဲ့ ပါဝင်ပတ်သက်မှု ရှိပါတယ်။ OIC အပါအဝင်ပေါ့နော်။ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ပါဝင်ပတ်သက်မှုက ပြီးခဲ့တဲ့ Boat People ကိစ္စမှာ အထင်အရှား တွေ့နိုင်ပါတယ်။ အဲဒါကြောင့် ဒီအဖွဲ့ရဲ့ Mandate က အကြံပြုတင်ပြရုံပါပဲ” ဟု သူက ပြောသည်။
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဖွဲ့စည်းရေးနှင့် ပတ်သက်၍ နိုင်ငံရေးပါတီများ၏ ထုတ်ပြန်ချက်အရ ၎င်းတို့သည် အမျိုးသား လုံခြုံရေး ကိစ္စနှင့် ပတ်သက်၍ စိတ်ပူခြင်း ဖြစ်ကြောင်း၊ အစိုးရအနေဖြင့်လည်း ယင်းအကြံပြုချက်များကို လက်ခံကြောင်း၊ ထို့ကြောင့် ယင်းကော်မရှင်၏ လုပ်ပိုင်ခွင့်ကို သေချာနားလည်ပါက စိတ်ပူရန် မလိုကြောင်းလည်း ဦးဇော်ဌေးက ပြောသည်။
ရခိုင်ပြည်နယ် ပြဿနာကို အစိုးရသစ် တက်လာသည့် အချိန်တွင် မည်ကဲ့သို့ ဖြေရှင်းမည်ကို တကမ္ဘာလုံးက စောင့်ကြည့်နေကြကြောင်း၊ ယခင် အစိုးရများက ပြည်တွင်းမှ လူများဖြင့် ကော်မရှင်ဖွဲ့ စစ်ဆေးခဲ့သော်လည်း အဖြေမထုတ်နိုင်ခဲ့သဖြင့် ယခုနည်းလမ်းကို စဉ်းစားရခြင်း ဖြစ်ကြောင်း သိရသည်။
“အရင် ကော်မရှင်ရဲ့ သုံးသပ်ချက်ထဲမှာ ပြင်ပနိုင်ငံများတွင် ဒုက္ခသည်အဖြစ် ခံယူသည့် ပင်ရင်းနိုင်ငံ နှင့် နောက်ခံအကြောင်းအရာ ဆက်နွယ်မှုများကို သုံးသပ်ရန် ဆိုတာ ပါတယ်။ Refugee အဖြစ် ပြည်ပနိုင်ငံကို သွားနေတဲ့သူတွေရဲ့ Background ။ ပြီးရင် သူတို့ရဲ့ Country of Origin ။ အခုဝေဖန်တဲ့ အချိန်မှာ ဒီအချက်တွေကို ထောက်ပြတာ မရှိဘူး။ ရခိုင် သမိုင်း ပညာရှင် ဒေါက်တာအေးချမ်း ရှိတယ်။ သူဝေဖန် ထောက်ပြတာတွေ၊ တခြား ရခိုင် သမိုင်းပညာရှင်တွေ ထောက်ပြတာတွေ ရှိပေမယ့် အဖြေမထွက်ဘူး” ဟု ဦးဇော်ဌေးက ပြောသည်။
ထို့အပြင် ကော်မရှင် ဖွဲ့သည့်အခါတွင်လည်း နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာနနှင့် ကိုဖီအာနန် ဖောင်ဒေးရှင်းတို့ကြား နားလည်မှု စာချွန်လွှာ(MOU) လက်မှတ်ထိုးရဦးမည်ဖြစ်ကြောင်း၊ MOU ကိုလည်း ရှေ့နေချုပ်ရုံးသို့ တင်ပြ၍ ဥပဒေအကြံဉာဏ်များ ရယူထားကြောင်း သိရသည်။
“ကိုဖီအာနန်နဲ့ ပတ်သက်ပြီး ပြောနေတာတွေလည်း ရှိပါတယ်။ ဖတ်ကြည့်ပြီးပါပြီ။ ထောင်စုနှစ် ဖွံ့ဖြိုးရေး ရည်မှန်းချက်တွေကို သူချခဲ့တာပါ။ ငြိမ်းချမ်းရေး နိုဗဲလ်ဆုကိုလည်း သူရခဲ့တာပါ။ ကုလသမဂ္ဂနဲ့ မဆိုင်ပါဘူး။ ဆီရီးယား ကိစ္စတွေ ဖြေရှင်းမှုတွေနဲ့ ပဋိပက္ခတွေကို အများကြီး ဖြေရှင်းနိုင်ခဲ့တဲ့သူပါ” ဟု ဦးဇော်ဌေးက ပြောသည်။
ထို့ပြင် ယင်းကော်မရှင်က ၁၉၈၂ နိုင်ငံသား ဥပဒေနှင့် မညီဘဲ နိုင်ငံသားပေးဖို့ ပြောလာရင် ဘယ်လိုလုပ်မလဲဆိုသည့် မေးခွန်းများလည်း ရှိကြောင်း၊ အုပ်ချုပ်ရေး အစိုးရ တရပ် အနေဖြင့် လိုက်နာရမည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရှိကြောင်း၊ တည်ဆဲ ဥပဒေများ ရှိကြောင်း၊ ဥပဒေနှင့် မညီဘဲ မည်သူ့ကိစ္စမျှ လုပ်ချင်တိုင်း လုပ်၍ မရဟုလည်း ဆိုသည်။ “သူရဲ့ အကြံပြုချက်တိုင်းကို လုပ်ရမယ်ဆိုတာမျိုး အစိုးရမှာ မရှိပါဘူး။ လုပ်ချင်လည်း လုပ်မယ်။ မလုပ်ချင်လည်း မလုပ်ဘူး။ ကျနော်တို့ ပြည်တွင်းမှာ ရှိတဲ့သူတွေနဲ့ ကော်မရှင် ဖွဲ့ပြီး ဆောင်ရွက်ပြီးပြီ။ သို့သော် ဒီကိစ္စက နိုင်ငံတကာ Issues တော့ မဟုတ်ဘူး။ သို့သော် နိုင်ငံတကာရဲ့ စိတ်ဝင်စားမှုက အရမ်းကြီးမားတဲ့ ကိစ္စ ဖြစ်နေတယ်။ နိုင်ငံရေးအရလည်း ထိလွယ်၊ ရှလွယ် ရှိနေတယ်” ဟု ဦးဇော်ဌေးက ပြောဆိုသည်။