သြဂုတ်လ ၃၁ ရက်နေ့ နေပြည်တော်တွင် စတင်ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ အဖွင့်မိန့်ခွန်း ပြောကြား လိုကြောင်း UNFC က တောင်းဆိုရာ အစိုးရက ခွင့်မပြုကြောင်း ယနေ့ ကျင်းပသည့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပရေး လုပ်ငန်း ကော်မတီ အစည်းအဝေး မှတ်တမ်းအရ သိရသည်။
“သူတို့(UNFC) က တောင်းဆိုပေမယ့် တိုင်းရင်းသား ကိုယ်စားပြုတဦးပဲ မိန့်ခွန်းပြောခွင့်ရမှာ ဖြစ်လို့ NCA ထိုးထားတဲ့ အဖွဲ့ထဲက တဦးပဲ ပြောလိမ့်မယ်”ဟု နိုင်ငံတော် အတိုင်ပင်ခံရုံး ဒု ညွှန်ကြာရေးမှူးချုပ် ဦးဇော်ဌေးက မီဒီယာများသို့ ပြောသည်။
ယနေ့ နေပြည်တော်တွင် ကျင်းပသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစု ပင်လုံ ပထမ အစည်းအဝေး ပူးတွဲ ကျင်းပရေး ကော်မတီ အစည်းအဝေးသို့ အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များ တက်ရောက်လျက် ရှိသည်။
ညီလာခံ အဖွင့်မိန့်ခွန်းကို အစိုးရဘက်က နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ လွှတ်တော် ဥက္ကဋ္ဌ ၂ ဦးတို့ ပြောကြားမည်ဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များထဲမှ ခေါင်းဆောင်တဦး၊ နိုင်ငံရေးပါတီများထဲမှ ခေါင်းဆောင်တဦးတို့ ၁၅ မိနစ်စီ မိန့်ခွန်း ပြောကြားခွင့် ရမည်ဖြစ်ပြီး ကုလသမဂ္ဂ အထွေထွ အတွင်းရေးမှူးချုပ် ဘန်ကီးမွန်း လည်း တက်ရောက် မိန့်ခွန်း ပြောကြားမည်ဟု သိရသည်။
သို့သော် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ(UNFC)တွင် ပါ၀င်သည့် တိုင်းရင်းသား လက်နက် ကိုင် ၉ ဖွဲ့အနေဖြင့် ဖွင့်ပွဲနေ့ နေ့လယ်ပိုင်း အစီအစဉ်တွင် တဖွဲ့လျှင် ၁၀ မိနစ်စီဖြင့် အစီရင်ခံစာ တင်ပြသည့် ပုံစံမျိုးဖြင့် ပြောဆိုခွင့် ရရှိမည်ဖြစ်ကြောင်း ဦးဇော်ဌေးက ပြောသည်။
၂၁ ရာစု ပင်လုံ ညီလာခံ နောက်ဆုံးနေ့တွင် ခေါင်းဆောင်များ ပြောကြားခဲ့သည့် မိန့်ခွန်းများကို မှတ်တမ်းတင်ခြင်း၊ ၆ လ လျှင် တကြိမ် ကျင်းပမည့် ညီလာခံကိစ္စကို မှတ်တမ်းတင်ခြင်း၊ အစုအဖွဲ့အလိုက် အစီရင်ခံစာ တင်သွင်းခြင်းကို မှတ်တမ်း တင်ခြင်း၊ အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်ပသွားရန် မှတ်တမ်းတင်ခြင်းတို့ ပြုလုပ်ရန် ယနေ့ နိုင်ငံရေး ဆွေးနွေးပွဲသို့ တက်ရောက်သူများက သဘောတူခဲ့ကြသည်ဟု အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် – မိုင်းလား အဖွဲ့(NDAA) မှ ကိုယ်စားလှယ် ဦးသန်းစိုးနိုင်က ဧရာဝတီကို ပြောပြသည်။
“ကိစ္စတွေ အားလုံးကို အတည်ပြုတယ်လို့ သုံးထားတဲ့အစား မှတ်တမ်းတင်မယ်ဆိုပြီး ပြောင်းလိုက်ကြတယ်”ဟုလည်း ဦးသန်းစိုးနိုင်က ပြောသည်။
ညီလာခံ သဘာပတိကိုမူ အစိုးရအဖွဲ့၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် နိုင်ငံရေး ပါတီ များမှ ၁ ဦးစီ စုစုပေါင်း ၅ ဦး ပါ၀င်၍ နေ့အလိုက် အဖွင့်နှင့်အပိတ် မိန့်ခွန်းများ ပြောကြားရန် သဘောတူညီခဲ့ကြသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံသို့ တက်ရောက်မည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည်လည်း ယနေ့မှ စတင်၍ နေပြည်တော်သို့ ရောက်ရှိလာကြပြီး UNFC အဖွဲ့ဝင်တချို့လည်း ရောက်ရှိနေပြီ ဖြစ်သည်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံးသည် နေပြည်တော် သင်္ဂဟဟိုတယ်တွင် တည်းခိုကြမည်ဖြစ်ကြောင်း သိရ သည်။
NDAA မိုင်းလားအဖွဲ့သည် လူ ၈၀ ခန့် ပါ၀င်သဖြင့် Royal ACE ဟိုတယ်တွင် တည်းခိုခွင့် ပြုထားကြောင်း၊ ညီလာခံဖွင့်ပွဲ တက်ရောက်မည့်သူများမှာ အားကစားရွာနှင့် Sky Palace ဟိုတယ်တွင် တည်းခိုကြမည် ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများက ရွှေနန်းတော် ဟိုတယ်တွင် တည်းခိုကြမည် ဖြစ်ကြောင်း ကိုယ်စားလှယ် တချို့က ပြောသည်။
ညီလာခံတွင် ဒုတိယနေ့မှစ၍ နိုင်ငံခြားသားများနှင့် နိုင်ငံခြား အဖွဲ့အစည်းများကို တက်ရောက်ခွင့် မပြုကြောင်း၊ ညီလာခံ တွင် ဓာတ်ပုံ၊ မှတ်တမ်းတင်ရေး ကိစ္စနှင့် ပတ်သက်၍ လက်နက်ကိုင် အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီ များအတွက် မှတ်တမ်းတင်သူ ၂ ဦးစီ ခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။
ညီလာခံ တက်ရောက်ရန် ဖိတ်ကြားမခံရသည့် မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ ဖြစ်သော မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်-ကိုးကန့်အဖွဲ့ (MNDAA) ၊ ပလောင် (တအာန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ရက္ခိုင့် တပ်မတော်(AA) တို့က ယင်းညီလာခံ တက်ရောက်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်ရေး အတွက် တရုတ်နိုင်ငံ အကူအညီကို ယူ၍ ဆွေးနွေးညှိနှိုှု်းမှု ပြုလုပ်နေကြောင်း တိုင်းရင်းသား ကိုယ်စားလှယ် တဦးက ပြောသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်မရသည့် ပါတီ ရ၀ ထဲမှ ပါတီ ၄ ပါတီက ၂၁ ရာစုပင်လုံ ညီလာခံ တက်ရောက်ရန် သက်ဆိုင်ရာသို့ စာတင်ထားကြောင်းလည်း သိရသည်။