သြဂုတ်လကုန် နေပြည်တော်၌ ကျင်းပမည့် ၂၁ရာစုပင်လုံညီလာခံ ပထမအကြိမ် အစည်းအဝေးသို့ နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ – ကပ်ပလန် (NSCN-K) က တက်ရောက်နိုင်မည် မဟုတ်ကြောင်း ယနေ့ ဆုံးဖြတ်လိုက်သည်ဟု သတင်းရရှိသည်။
NSCN-K က ၎င်းတို့သည် ၁၂ ရာစု ပင်လုံညီလာခံသို့ တက်ရောက်ရန် ဆန္ဒရှိသော်လည်း ဒုတိယအကြိမ် ထပ်မံ ကျင်းပ မှ သာ တက်ရောက်တော့မည် ဖြစ်ကြောင်း၊ ယခု ပထမအကြိမ် အစည်းအဝေးတွင် တက်ရောက်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ တင်ပြချက်၊ ဆွေးနွေးချက်များကို အစိုးရဘက်က မည်သို့ တုံ့ပြန်မည်ကို စောင့်ကြည်မည်ဖြစ် ကြောင်း ဗဟို ကော်မတီ အစည်းအဝေးတွင် ဆုံးဖြတ်လိုက်သည်ဟုလည်း NSCN-K အထောက်အကူပြု ပုဂ္ဂိုလ်က ဧရာဝတီကို ပြောသည်။
NSCN-K ဆက်ဆံရေးရုံး အထောက်အကူပြု ပုဂ္ဂိုလ်က ယခုသတင်းတွင် ဗဟိုကော်မတီ၏ ခွင့်ပြုချက်ဖြင့် ဖြေဆိုခြင်း ဖြစ်သော်လည်း ၎င်း၏ အမည်ကို မဖော်ပြရန်လည်း ဧရာဝတီကို ပြောဆိုသည်။
၎င်းက “ ဒီ ပထမ ၆ လကတော့ ညီလာခံ လာတက်တဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေ တင်ပြတာတွေကို အစိုးရက ဘယ်လို တုံ့ပြန်လဲ ဘယ်လိုပံ့ပိုးလဲ ဆိုတာကို ကျနော်တို့ လူကြီးတွေက ကြည့်နေမယ့် သဘောပါ။ လုံးဝမပါဘူးတော့ မဟုတ်ပါဘူး။ နောက် ၆ လတော့ တက်မှာပါ”ဟု ဧရာဝတီကို ပြောသည်။
ထို့အပြင် အစိုးရက ၂၁ရာစု ပင်လုံ ညီလာခံအတွက် ဖိတ်ကြားသည်ဟု သတင်းကြား ရသော်လည်း NSCN-K ဗဟို ကော်မတီ ထံသို့ ယနေ့အထိ ဖိတ်စာ ရောက်မလာကြောင်းလည်း ပြောဆိုသည်။
၂၁ ရာစု ပင်လုံအကြိုပြင်ဆင်ရေး ကော်မတီမှ ဦးလှမောင်ရွှေက “သူတို့ (NSCN-K) က ဒီနေ့မနက် ကျနော့်ကို ဖုန်းဆက် ပါတယ်။ သူတို့လည်း လောလောဆယ် သူတို့ဆီမှာရှိတဲ့ အခြေအနေတွေကြောင့် ဒီတခေါက် တက်ရောက်နိုင်ဖို့ ခက်တယ် လို့ မနက်က ပြောပါတယ်”ဟု ဧရာဝတီကို ပြောသည်။
ဖိတ်စာမှာ အစိုးရဘက်က NSCN-K ကို စာရွက်စာတမ်းဖြင့် ဖိတ်ကြားခြင်း မဟုတ်ဘဲ အီးမေးလ်ဖြင့် ဖိတ်ကြားထားခြင်း ဖြစ်သည်ဟုလည်း ဦးလှမောင်ရွှေက ပြောပြသည်။
နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် တချို့နေရာများတွင် လမ်းပန်းဆက်သွယ်ရေး နှင့် ဖုန်းလိုင်း အခက်အခဲများ ရှိနေ သည့် ဒေသဖြစ်သည်။
ယခင်အစိုးရ လက်ထက်က ငြိမ်းချမ်းရေးပွဲ ဖိတ်စာများ ဖိတ်ကြားရာတွင် ငြိမ်းချမ်းရေး ကိုယ်စားလှယ်များ ကိုယ်တိုင် (သို့) တပ်မတော် ကိုယ်စားလှယ်များက တဆင့် ဖိတ်စာပေးပို့ခဲ့သည်ဟု NSCN-K ထံမှ သိရသည်။
NSCN-K မှာ ၂၀၁၂ ခုနှစ် ဧပြီလ ၉ ရက်တွင် အစိုးရနှင့် ပြည်နယ်အဆင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုထား ပြီး စစ်ကိုင်း တိုင်း ဒေသကြီး အတွင်းရှိ လေရှီး၊ လဟယ်၊ ခန္တီး ၊ နန်းယွန်းမြို့များ ၊ အိန္ဒိယ-မြန်မာ နယ်စပ် များတွင် လှုပ်ရှားသည့် အဖွဲ့ ဖြစ်သည်။
သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်ကလည်း NSCN-K ကို တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ချုပ်ဆိုရန် ဖိတ်ကြားထားသော်လည်း ချုပ်ဆိုခဲ့ခြင်း မရှိပေ။
NSCN-K က အစိုးရကို နိုင်ငံရေး ဆွေးနွေးခြင်းထက် ၎င်းတို့ ဒေသကို ဖွံ့ဖြိုးတိုးတက်ရန် ဦးစွာ ပြုလုပ်ပေးရေး တောင်းဆို ထားသည်။
အစိုးရက ၂၁ရာစု ပင်လုံညီလာခံတွင် ပြည်တွင်းရှိ တိုင်းရင်းသား လက်နက်ကိုင် ၂၁ ဖွဲ့ ရှိသည့်အနက် ၁၈ ဖွဲ့ကို ဖိတ်ကြား ထားသည်။
အဆိုပါ ၁၈ ဖွဲ့အနက် ၁၇ ဖွဲ့က တက်ရောက်မည်ဖြစ်ပြီး NSCN-K က မတက်ရောက်ခြင်း ဖြစ်သည်။