သတင်း

ဗဟန်း လူသတ်မှု သံသယရှိသူကိို ရဲတပ်ဖွဲ့ ဖမ်းဝရမ်းထုတ်

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ကျိုက္ကဆံရပ်ကွက်နေ အသက် ၄၀ အရွယ် အမျိုးသမီးတဦးကို ရိုက်နှက်သတ်ဖြတ်ပြီး ၉ နှစ်အရွယ် ကလေးကို ရိုက်နှက်သွားသည်ဟု သံသယရှိသူကို ရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ယနေ့ မနက် ၁ နာရီ ၃၀ မိနစ်ခန့်က ကျိုက္ကဆံရပ်ကွက်နေ ဒေါ်—က တူမဖြစ်သူ အသက် ၄၀ အရွယ် ဒေါ်ခိုင်မာလာ၏ အော်သံနှင့် ကလေးငိုသံများ ကြားရသဖြင့် ၎င်းအခန်းသို့ အိမ်နီးချင်း ၂ ဦးနှင့်အတူ သွားရောက် ကြည့်ရှုခဲ့ကြောင်း၊ အခန်းမှာ မီးပိတ်ထားကာ မခိုင်မာလာ ကို မတွေ့ရဘဲ ၎င်းနေအိမ်တွင် အလည်ရောက်ရှိနေသည့် အောင်ဇင်ဗိုလ်ဆိုသူကို တွေ့ခဲ့ကြောင်း၊ အဒေါ်ဖြစ်သူက မခိုင်မာလာ၏ အော်သံကြားသဖြင့် အောင်ဇင်ဗိုလ်ကို မေးမြန်းရာ မခိုင်မာလာကို မေ့ဆေးပေးထားကြောင်း ပြောပြပြီးနောက် နေအိမ်မှ ထွက်သွားကြောင်း သိရသည်။

အောင်ဇင်ဗိုလ် နေအိမ်မှ ထွက်သွားပြီးနောက် အော်သံကြားခဲ့သည့် အခန်းသို့ ဝင်ရောက်ကြည့်ရှုရာ မခိုင်မာလာကို ပါးစပ်အတွင်း အကျီဆို့လျက် မျက်နှာညိုမဲဒဏ်ရာ၊ ပါးစပ်သွေးထွက် ဒဏ်ရာများဖြင့် သေဆုံးနေပြီး အသက် ၉ နှစ်အရွယ် ကလေးကိုလည်း လည်ပင်းညှစ်ကာ ရိုက်နှက်သွားကြောင်း  ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

“သတ်သွားတဲ့ အောင်ဇင်ဗိုလ်ဆိုသူက မူးယစ်ဆေးစွဲနေလို့ လာဖြတ်နေတာ။ အဲဒါကြောင့် အဲဒီအိမ်မှာ ရောက်နေတာဆိုတော့ သူက မူးယစ်ဆေးနဲ့ ဆက်စပ်နေတယ်လို့ပြောလို့ရတယ်။ အခင်းဖြစ်တဲ့အချိန်မှာ လာမေးနေတဲ့သေဆုံးသူရဲ့ အဒေါ်က လာမေးတော့ အောင်ဇင်ဗိုလ်က အောက်ထပ်ကို ခေါ်သွားပြီး ဘာမှမဖြစ်ဘူး။ သတိမေ့နေတာလို့ ပြောပြီး ထွက်ပြေးသွားတာဆိုတော့ သူသတ်တာတော့ သေချာတယ်။ ကလေးတွေကတော့ ဆေးရုံမှာပါ။ အခြေအနေကောင်းပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်တာ သိချင်ရင်တော့ ဆေးရုံကို မေးမှ ရပါမယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မျိုးဆွေက ဧရာဝတီသို့ ပြောသည်။

ရဲတပ်ဖွဲ့က လူသတ်မှုဖြင့် သံသယရှိနေသူ အောင်ဇင်ဗိုလ်မှာ သေဆုံးသူ ဒေါ်ခိုင်မာလာ ၏ ခင်ပွန်းဖြစ်သူနှင့် ညီဝမ်းကွဲ တော်စပ်ပြီး တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ် မှ ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါး စွဲနေသဖြင့် ဆေးဖြတ်ရန် ရောက်ရှိနေခြင်းဖြစ်သည်။

သံသယရှိသူ အောင်ဇင်ဗိုလ်ကို ရာဇသတ်ကြီး ပုဒ်မ ၃၀၂/ ၃၂၅ ဖြင့် ဗဟန်းမြို့မ ရဲစခန်းက အမှုဖွင့်ထားကြောင်း သိရသည်။

Loading