ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော ပုဂံစေတီပုထိုးများကို စာရင်းပြုစုရေး၊ အပျက်အစီးများ သိမ်းဆည်းရေးနှင့် သန့်ရှင်းရေးလုပ်ငန်းများကို ကူညီလုပ်ဆောင်မည့် လုပ်အားပေးမည့် အဖွဲ့များကို UNESCO မှ ဆောင်ရန်၊ ရှောင်ရန်များ သင်တန်းများ ပို့ချသွားမည်ဟု သိရသည်။
ပြိုကျပျက်စီးသွားသော စေတီပုထိုးများမှ အပျက်အစီးများကို သိမ်းဆည်းမှတ်တမ်းတင်ရာတွင် စနစ်တကျရှိရေး၊ အပျက်အစီးများကြားမှ ရှေးဟောင်းလက်ရာ အပိုင်းအစများကို မပျက်မယွင်း စုဆောင်းသိမ်းဆည်းနိုင်ရေးတို့မှာ အရေးကြီးသည့်အတွက် ကူညီပေးမည့်သူများ သိသင့်သိထိုက်သည့် ဆောင်ရန်ရှောင်ရန်တို့ကို UNESCO မှ ပညာရှင်များက လက်တွေ့ သင်ကြားပြသသွားမည်ဖြစ်သည်။
“အခု ပြိုကျသွားတာတွေထဲမှာ အဖိုးမဖြတ်နိုင်တဲ့ ရှေးဟောင်းလက်ရာတွေပါတယ်။ ဒါတွေကို အလျင်စလို ရှင်းလင်းတာမျိုး မဟုတ်ပဲ၊ ဘယ်လိုခွဲခြားပြီး လိုက်ရှာမလဲ၊ ဘယ်လို မှတ်တမ်းလုပ်မလဲ၊ ဘယ်လိုသိမ်းမလဲဆိုတာတွေကို ကူညီပေးမယ့်သူတွေကို ရှင်းပြသင်ပြပေးမှ ရှေးဟောင်းအမွေအနှစ်တွေကို ထိထိရောက်ရောက် ထိန်းသိမ်းမှတ်တမ်းတင်နိုင်ပါမယ်” ဟု ပုဂံရှေးဟောင်းသုတေသနနှင့် ပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောသည်။
UNESCO မှ ကျွမ်းကျင်ပညာရှင်များသည် လာမည့် စက်တင်ဘာလ ၄ ရက်နေ့တွင် ပုဂံသို့ ရောက်လာမည်ဖြစ်ပြီး ပုဂံရှေးဟောင်းသုတေသနနှင့် ပြတိုက်ဦးစီးဌာနနှင့် ပူးပေါင်းကာ ပုဂံဒေသအတွက် ကူညီမည့် အဖွဲ့အစည်းများ၏ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ် ၃၀ ကျော်တို့ကို သင်တန်းပို့ချပေးမည်ဖြစ်သည်။
“ပြိုသွားတဲ့နေရာတွေက အစိတ်အပိုင်းတွေကို သေချာမှတ်တမ်းနဲ့ စနစ်တကျသိမ်းဖို့တွေ သူတို့ သင်ပြပေးလိမ့်မယ်။ ဒါမှ ပျက်သွားတာတွေကို ပြန်ပြင်တာပဲဖြစ်ဖြစ် လုပ်တဲ့အခါ သူ့နေရာနဲ့သူ ပြန်ထည့်တာမျိုး၊ ဒါမှမဟုတ် ပြတိုက်မှာထားမယ်ဆိုလည်း ဘယ်ဘုရားရဲ့ ဘယ်ဖက်ခြမ်းက အစိတ်အပိုင်းဆိုတာတွေ သေချာပြနိုင်လိမ့်မယ်” ဟု ဦးအောင်အောင်ကျော်က ပြောသည်။
UNESCO မှ သင်တန်းပို့ချပေးမည့် အဖွဲ့အစည်းများတွင် ပရဟိတအဖွဲ့အစည်းများ၊ ဒေသခံများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ ဘုန်းတော်ကြီးများနှင့် တပ်မတော်သားများလည်း ပါဝင်မည်ဖြစ်သည်။
လက်ရှိတွင် UNESCO ၏ လမ်းညွှန်မှုဖြင့် ရှေးဟောင်းသုတေသနအဖွဲ့ဝင်များ၊ ဆောက်လုပ်ရေးဝန်ထမ်းများ၊ စေတနာရှင် ဓာတ်ပုံဆရာများ ပါဝင်သည့် အဖွဲ့ ၅ ဖွဲ့က ပျက်စီးယိုယွင်းမှုများကို ကနဦးမှတ်တမ်းများ ရယူနေပြီဟုလည်း သိရသည်။
သို့သော်လည်း မိုးရွာသွန်းမှုများကြောင့် ပျက်စီးဆုံးရှုံးမှု ပို များမလာမီနှင့် မကြာမီ ရောက်လာတော့မည့် ခရီးသွားရာသီအမှီ မှတ်တမ်းပြုစုရေး၊ ပျက်စီးသွားသည်များကို စုဆောင်းရေး၊ သန့်ရှင်းရေးလုပ်ငန်းများကို စောလျင်စွာ လုပ်ကိုင်ရန်အတွက် အကူအညီနှင့် လူအင်အား လိုအပ်နေဆဲဖြစ်သည်ဟု ဆိုသည်။
ရှေးဟောင်းသုတေသနနှင့် ပြတိုက်ဦးစီးဌာနမှ နောက်ဆုံးရရှိထားသော အချက်အလက်များအရ၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးသည့် စေတီပုထိုးပေါင်း ၃၉၇ ဆူရှိပြီး ၄င်းတို့အနက် ပျက်စီးမှု အများဆုံးဖြစ်သော စူဠာမဏိ၊ ပြဿာဒ်ကြီး၊ ဓမ္မရာဇက အပါအဝင် စေတီပုထိုး ၃၃ ဆူကို နေရာအကန့်အသတ်ဖြင့်သာ ကြည့်ရှု လည်ပတ်ခွင့် ပေးမည်ဖြစ်သည်။ ထို့အပြင် နောက်ဆက်တွဲ ငလျင်များ လာရောက်နိုင်ဖွယ်ရှိနေသေးသည့်အတွက် ယခင်က နေဝင်၊ နေထွက်ရှုခင်းများကို တက်ရောက်ကြည့်ရှုခွင့်ပေးထားခဲ့သည့် ပစ္စယံမြင့်မားသော စေတီပုထိုးများပေါ်သို့ တက်ရောက်ခွင့်ကိုလည်း ခေတ္တပိတ်ထားမည်ဖြစ်သည်။
ငလျင်ဒဏ် ကျရောက်ပြီးသည့် နောက်ရက်များတွင် ပုဂံရှိ ငလျင်ဒဏ်သင့် စေတီပုထိုးများသို့ လာရောက်ကြည့်ရှုသူ အများအပြားရှိခဲ့ပြီး လုံခြုံရေးအတွက် အဆိုပါ စေတီပုထိုးများ အနီးဝန်းကျင်ကို ကန့်သတ်ထားမှုအပေါ် အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့သည်ကိုလည်း တွေ့ရသည်။
ဘုရားဖူးများနှင့် ခရီးသွားများအတွက် အသက်အန္တရာယ်အပါအဝင် ထိခိုက်ဒဏ်ရာရရှိမှုများမှ လုံခြံုရေး၊ ပြိုကျပျက်စီးခဲ့သော ရှေးဟောင်းလက်ရာများကို မသမာသူများ လက်ဝယ်ရောက်ရှိမှုမှ ကာကွယ်ရေးတို့အတွက် ဝင်ခွင့်ကန့်သတ်ထားရသည်ကို ပြည်သူလူထုအနေနှင့် နားလည်ပေးစေလိုကြောင်း UNESCO နှင့် ရှေးဟောင်းသုတေသနအဖွဲ့တို့က ဆိုသည်။
“ခရီးသွားတွေ ဘုရားဖူးတွေအတွက် အဆင်မပြေတာတွေ ဖြစ်ပေါ်တဲ့အတွက် တောင်းပန်ပါတယ်။ ဒါပေမယ့် ဒီစေတီပုထိုးတွေဟာ ငလျင်ဒဏ်ကို ခံလိုက်ရတော့ သူတို့ ကြံံ့ခိုင်မှုက ဘယ်အတိုင်းအတာအထိပဲ ရှိတော့တယ်ဆိုတာ လောလောဆယ် ပြောဖို့ ခက်လို့ ခရီးသွားတွေရဲ့ လုံခြံုရေးအတွက် ခုလို ကန့်သတ်လိုက်ရတာကို နားလည်ပေးစေချင်ပါတယ်” ဟု ဦးအောင်အောင်ကျော်က ပြောသည်။
ထို့အပြင် စေတီပုထိုးများကို မိုးဒဏ်ကာကွယ်ရေးအတွက် မိုးကာများအုပ်ကာရန် လုပ်ဆောင်ခြင်း၊ အပျက်အစီး အပိုင်းအစတို့ကို ရှင်းလင်းခြင်းများ ပြုလုပ်နေရာ ခရီးသွားများအပေါ်သို့ အကျိုးအပဲ့အစများ ပြုတ်ကျ၍ ထိခိုက်ဒဏ်ရာရမှုများလည်း ရှိနိုင်သည်ဟု ဆိုသည်။
“နောက်ပြီးတော့ ကျနော်တို့က ဒီစေတီပုထိုးတွေထဲ လက်လွတ်စပယ် ဝင်ခွင့်ပေးနေရင် မသမာသူတွေကို အခွင့်အရေး ပေးလိုက်သလိုဖြစ်သွားပြီးတော့ ပြုတ်ကျပြိုကျနေတဲ့ တန်ဖိုးကြီး ရှေးလက်ရာတွေ ပျောက်သွား ပျက်သွားမှာကို မလိုလားပါဘူး” ဟု သူကပြောသည်။
“ကျနော်တို့အနေနဲ့ ဒီစေတီပုထိုးတွေကို အရင်လို ဝင်ရောက်ကြည့်ရှုခွင့် မြန်မြန်ပြန်ရအောင် အတတ်နိုင်ဆုံး လုပ်နေကြသလို ပြည်သူလူထုအနေနဲ့ကလည်း ကျနော်တို့နိုင်ငံရဲ့ သမိုင်းနဲ့ ယဉ်ကျေးမှုအတွက် သိပ်အရေးပါတဲ့၊ အဖိုးမဖြတ်နိုင်တဲ့ ပုဂံဒေသအတွက် ကျနော်တို့ကို နားလည်ပေးပါ၊ ပူးပေါင်းကူညီပေးပါလို့ အနူးအညွတ် တောင်းပန်ချင်ပါတယ်” ဟု သူကဆိုသည်။