သတင်း

ရန်ကုန်မြို့ရှိ စည်းကမ်းမဲ့မောင်းနှင် မော်တော်ယာဉ်များ စီမံချက်ဖြင့်အရေးယူမည်

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်မြို့တွင်း ကားလမ်းပိတ်ဆို့မှုများ ဖြစ်ပေါ်စေသည့် စည်းကမ်းမဲ့မောင်းနှင်သော မော်တော်ယာဉ်များကို စက်တင်ဘာလ ၁ ရက်မှ စတင်ပြီး စီမံချက်ဖြင့် ရှင်းလင်းအရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

“ယာဉ်ကြောပိတ်ဆို့စေတဲ့ ဘယ်လိုအပြုအမှုမျိုးကိုမဆို အရေးယူဆောင်ရွက်မှာပါ” ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်‌အဖွဲ့ ( Yangon Transport Authority/ YTA) အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ဧရာဝတီကို ပြောသည်။

စီမံချက်ကို ရန်ကုန်မြို့ရှိ အဓိကလမ်းမကြီး ၁၁ ခု တွင် လုပ်ဆောင်မည်ဖြစ်ပြီး ပြည်လမ်း၊ ကမ်းနားလမ်းနှင့် အင်စိန်လမ်းမကြီးပေါ်ရှိ ယာဉ်မရပ်ရနေရာများတွင် နေ့ညရပ်နားထားသည့် မော်တော်ယာဉ်များကိုပါ အရေးယူသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

စည်းကမ်းဖောက်ဖျက်ပါက အနိမ့်ဆုံးဒဏ်ငွေ ကျပ် ၅ သောင်း ချမှတ်ရန် သတ်မှတ်ထားပြီး လမ်းပြောင်းပြန် မောင်းနှင်ခြင်းစသည့် ပြစ်မှုအမျိုးအစားအလိုက် ထိရောက်စွာပြစ်ဒဏ်ကြေး ချမှတ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ထိုသို့စီမံချက်ဖြင့် အရေးယူဆောင်ရွက်ရာ၌ YTA ၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ စည်ပင်နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့များ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုသည်လည်း အဓိကကျသဖြင့် စည်းကမ်းမဲ့ယာဉ်များကို ဓာတ်ပုံရိုက်၍ Viber က တဆင့် အာဏာပိုင်အဖွဲ့သို့ ပေးပို့တိုင်ကြားနိုင်ကြောင်း YRTA အဖွဲ့က အသိပေး ပြောဆိုထားသည်။

ရန်ကုန်မြို့၏ လက်ရှိသယ်ယူပို့ဆောင်ရေးတွင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့က စည်းကမ်းလိုက်နာမှု အားနည်းခြင်း၊ ခရီးသည်များအပေါ် ရိုင်းပြစွာဆက်ဆံခြင်း၊ ခရီးစဉ်ဆုံးအောင် ပြေးဆွဲမှုမရှိခြင်း၊ ယာဉ်များအပြိုင် လုမောင်းခြင်းတို့ကြောင့် ယာဉ်ကြောပိတ်ခြင်းစသည့် နေ့စဉ်ကြုံတွေ့နေရသည့် ပြဿနာများကို လက်ရှိကျင့်သုံးနေသည့်စနစ်ဖြင့် ဖြေရှင်းနိုင်ခြင်း မရှိသည့်အတွက် မော်တော်ယာဉ်အများပိုင်စနစ် ကျင့်သုံးရန် စီစဉ်နေကြောင်း မထသ (ဗဟို) ဥက္ကဋ္ဌဦးလှအောင်က ဧရာဝတီကို ပြောဆိုထားသည်။

ထိုသို့စီမံချက်ဖြင့် ဆောင်ရွက်စဉ်အတွင်း မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှုဗဟိုကော်မတီ၏ (မထသ) စီမံခန့်ခွဲမှုများကို ပြင်ဆင်ပြောင်းလဲမှုများ ပြုလုပ်၍ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်‌အဖွဲ့ (YRTA) က ဆက်လက်ကိုင်တွယ် ဆောင်ရွက်ရန် ပြင်ဆင်နေကြောင်း သိရသည်။

ယာဉ်စည်းကမ်း ကြီးကြပ်မှုများကို နည်းပညာပိုင်းအရ စောင့်ကြည့်အရေးယူ ဆောင်ရွက်နိုင်ရေးအတွက် ခေတ်မီမီးပွိုင့်များဖြင့် ကင်မရာများတပ်ဆင် စောင့်ကြည့်မည့်အပြင်၊ ထိန်းချုပ်ရေးတာဝါတခုကို တည်ဆောက်နေပြီး အောက်တိုဘာလကုန်တွင် ပြီးစီးမည်ဟု ခန့်မှန်းထားကြောင်း ဒေါက်တာမောင်အောင်က ပြောသည်။

ထိုအပြင် ရန်ကုန်မြို့အတွင်းသို့ သွားလာမှု လွယ်ကူမြန်ဆန်စေရန်အတွက် လှိုင်မြစ်ကြောင်းနှင့် ငမိုးရိပ်ချောင်း တလျှောက်တွင် အမြန်ရေယာဉ်များဖြင့် ရေကြောင်းခရီးစဉ် သယ်ယူပို့ဆောင်ပေးနိုင်ရန် Water Taxi စနစ်ကို ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် ကျောင်းကားစီမံချက်ကိုလည်း ယခုနှစ်အတွင်း လုပ်ဆောင်သွားမည်ဟု ဒေါက်တာမောင်အောင်က ဆက်ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading