မန္တလေးမြို့တွင်းရှိ ယာဉ်ရပ်နားစခန်းများ၏ ဆိုက်ရောက်၊ ထွက်ခွာနေရာ၌ ဂိတ်ထိုးရပ်နားခြင်းမရှိဘဲ ပြေးဆွဲနေသည့် ယာဉ်များကို ဇွန်လဆန်းမှစတင်၍ ဖမ်းဆီးအရေးမှု ပြုလုပ်လျက်ရှိရာ ယခု သြဂုတ်လကုန်ပိုင်းအထိ ယာဉ်အစီးရေ ၄၀၀ ကျော်ကို အရေးယူထားကြောင်း သိရှိရသည်။
“လိုင်းအဖြစ် ပြေးဆွဲမယ်ဆိုရင် တရားဝင်ခွင့်ပြုပေးနေပါတယ်။ ဒါကို ဆိုက်ရောက်ထွက်ခွာနေရာမှာ မရှိတဲ့ယာဉ်တွေက ဝင်ရောက်ပြေးဆွဲကြတယ်။ ဒါကြောင့် စစ်ဆေးအရေးယူမှုတွေကို ဆက်တိုက်လုပ်ဆောင်နေတယ်” ဟု ယာဉ်လုပ်ငန်းများ ကြီးကြပ်မှုကော်မတီ (အဝေးပြေး) ဥက္ကဌ ဦးအောင်ကျော်လင်းက ပြောသည်။
ဆိုက်ရောက်ထွက်ခွာနေရာ၌ ဂိတ်ထိုးခြင်းမရှိဘဲ ပြေးဆွဲနေသည့်ယာဉ်များတွင် Light Truck ယာဉ်များက အများဆုံးဖြစ်ပြီး မန္တလေး – စစ်ကိုင်း၊ မန္တလေး – မုံရွာ၊ မန္တလေး – ပြင်ဦးလွင် လမ်းကြောင်းများကို အများဆုံး ပြေးဆွဲနေကြောင်း ထိုယာဉ်များသည် နံပါတ်အနက်များဖြင့် ဘုရားဖူးထွက်သည့်ပုံစံ၊ လမ်းကြုံတင်သည့် ပုံစံမျိုးဖြင့် ပြေးဆွဲနေသည်ဟု မန္တလေးတိုင်းဒေသကြီး ယာဉ်လုပ်ငန်းများ ကြီးကြပ်မှုကော်မတီ (အဝေးပြေး) က ပြောဆိုသည်။
မန္တလေးမြို့အတွင်း တရားမဝင် ပြေးဆွဲနေသည့်ယာဉ်များကို မန္တလေးတိုင်းဒေသကြီး ယာဉ်လုပ်ငန်းများ ကြီးကြပ်မှုကော်မတီက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဥပဒေ၊ ယာဉ်လုပ်ငန်း စနစ်တကျပြေးဆွဲရေး ဥပဒေများဖြင့် အရေးယူ ဆောင်ရွက်နေပြီး၊ ဒဏ်ကြေးအဖြစ် ငွေကျပ် ၃ သောင်းအထိ ဒဏ်ရိုက်လျက်ရှိကြောင်း ယာဉ်လုပ်ငန်းများ ကြီးကြပ်မှုကော်မတီ (အဝေးပြေး) က ဆိုသည်။
အရေးယူဖမ်းဆီးမှုများကို မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ယာဉ်လုပ်ငန်းများ ကြီးကြပ်မှု ကော်မတီ (အဝေးပြေး)၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ပါဝင်သည့် ပူးပေါင်းအဖွဲ့များဖြင့် မန္တလေးမြို့မှတဆင့် ဖြတ်သန်းသွားလာရသော အဝေးပြေးလမ်းမများ၊ မြို့တွင်းခရီးသည် အတင်အချပြုလုပ်သော နေရာများ၌ စောင့်ဆိုင်းဖမ်းဆီးလျက်ရှိကြောင်း သိရသည်။
မန္တလေးမြို့အတွင်း တရားဝင်ပြေးဆွဲလျက်ရှိသည့် ခရီးသည်တင်ယာဉ်များကို မန္တလေးခရိုင်အတွင်း ဆိုက်ရောက်ထွက်ခွာနေရာများဖြစ်သည့် ချမ်းမြရွှေပြည်၊ သီရိမန္တလာ၊ ပြည်ကြီးမျက်ရှင်၊ မဟာအောင်မြေနှင့် ဒေါနဘွား ယာဉ်ရပ်နားစခန်း စုစုပေါင်း ၅ ခု တွင် နေရာသတ်မှတ်ပေး၍ ပြေးဆွဲခွင့်ပြုထားကြောင်း သိရသည်။