သတင်း

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌကို အရေးယူရန် သမ္မတထံတိုင်ကြား

Want create site? Find Free WordPress Themes and plugins.

ဒေသတွင်း မလျော်သြဇာသုံးပြီး တရားမဝင်သစ်များ ရောင်းဝယ်နေသည့် ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးအာကာလင်းကို အရေးယူ ဆောင်ရွက်ရန် ဒေသခံများက သမ္မတထံ တိုင်ကြားထားကြောင်း သတင်းရရှိသည်။

ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးအာကာလင်းက အင်ကြင်း၊ ပျဉ်းကတိုး အပါအဝင် တရားမဝင် သစ်ချောင်း အရေအတွက် ၂၈၀ ခန့် တန်ချိန်အားဖြင့် ၄ တန်ခန့် ကို ကျောက်တောကျေးရွာနေ မောင်နိုင် ဆိုသူထံက ဝယ်ယူခဲ့ပြီး ကားဖြင့် သယ်ဆောင်လာစဉ် ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ၊ ရွာငံမြို့နယ်၊ ကျောက်ငှက် ကျေးရွာအုပ်စုအတွင်း ဦးစီးအဖွဲ့ အလုပ် အမှုဆောင်များထဲမှ တဦးဖြစ်သည့် ဗိုလ်မှူး ရာဇာငြိမ်းချမ်းနှင့် မြို့နယ်ရဲတပ်ဖွဲ့က သြဂုတ် ၂၅ ရက်နေ့က ဖမ်းမိခဲ့သော်လည်း လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။

အဆိုပါသစ်များနှင့် ပတ်သက်၍ အထောက်အထား ပြသနိုင်ခြင်းမရှိသော်လည်း ဦးအာကာလင်း ပိုင်ဆိုင်သည့် သစ်များဖြစ်နေသဖြင့် ဖမ်းဆီးခြင်း မရှိဘဲ လွှတ်ပေးလိုက်သည့် အပေါ် ကျေနပ်မှုမရှိ၍ ကျောက်ငှက်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်သောင်းက ဦးဆောင်၍ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မြို့နယ်စည်းရုံးရေးမှူး ဦးစိုးဝင်းသန်းက “နိုင်ငံတော်ပိုင်သစ် တွေကို ကိုယ်ကျိုးအတွက် အသုံးချနေတာပါ။ အရင်ကလည်း ဒီလိုလုပ်ခဲ့တာတွေကို အထောက်အထားတွေ ရရှိထားပါတယ်”ဟု ပြောသည်။

လက်ရှိတွင် ဒေသဦးစီးအဖွဲ့အလုပ်အမှုဆောင် ဦးအေးမင်းစိုး၏ အကြောင်းကြားချက်ဖြင့် ပင်းတယမြို့နယ် သစ်တောဦးစီးဌာနက လွှတ်ပေးလိုက်သည့် ကားကို ပြန်လည် ဖမ်းဆီးထားသော်လည်း သက်ဆိုင်ရာ ရဲတပ်ဖွဲ့က အမှုဖွင့်ထားခြင်းမရှိသေးပေ။

NLD ပါတီဝင် ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်းက “ဒေသအုပ်ချုပ်ရေး အာဏာပိုင် တယောက်က ဒီလိုမလျော်သြဇာ သုံးနေတာကို လက်မခံပါဘူး”ဟု ပြောသည်။

ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးအာကာလင်း၏ မလျော်သြဇာ သုံးနေသည့်အပေါ် သမ္မတ ဦးထင်ကျော်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ကိုလည်း တိုင်ကြားထားကြောင်း သိရသည်။

ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ၏ မလျော်သြဇာသုံးကာ လုပ်ဆောင်နေမှုအပေါ်အရေးယူ ဆောင်ရွက်မည့် နိုင်ငံတော်သမ္မတထံမှ ညွန်ကြားချက်ကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း၊ ထို့အပြင် ဒေသဆိုင်ရာ အာဏာပိုင်များအပေါ် ဒေသဦးစီးအဖွဲ့က ဖိအားမပေးရေး စောင့်ကြည့်ရမည်ဖြစ်ကြောင်း ရွာငံမြို့နယ် NLD ပါတီ စည်းရုံးရေးမှူး ဦးစိုးဝင်းသန်းက ရှင်းပြသည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းမှာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ပင်းတယမြို့နယ် အမှတ် ၁ မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိခဲ့ သူဖြစ်ပြီး ၂၀၁၀ ခုနှစ်တွင်လည်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် တပ်မတော်သား ကိုယ်စားလှယ်အဖြစ် ပါဝင်ခဲ့သူဖြစ်သည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ရှမ်းပြည်နယ်ရှိ ရွာငံမြို့နယ်နှင့် ပင်းတယမြို့နယ် ကို စုစည်းကာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ဖွဲ့စည်းထားခြင်းဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading