အမျိုးသား ဒီမိုကရေစီ အဖွဲဲ့ချုပ် (NLD) အစိုးရသစ် အနေဖြင့် အုပ်ချုပ်ရေး မဏ္ဍိုင်တည့်မတ်ရန် ခက်ခက်ခဲခဲ ဆောင်ရွက်နေရကြောင်း ဦးရွှေမန်းက ပြောသည်။
ယနေ့ နေပြည်တော် ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်၏ သတင်းစာ ရှင်းလင်းပွဲတွင် ယင်းကော်မရှင် ဥက္ကဋ္ဌ ဦးရွှေမန်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
အစိုးရသစ်သည် မြန်မာပြည် မြောက်ဖျားတွင် ဖြစ်ပွားလျက် ရှိသည့် တိုက်ပွဲများကြောင့် စဉ်းစားနေရသည့် ငြိမ်းချမ်းရေးကိစ္စ၊ ရခိုင်ပြည်နယ်အရေး ကိစ္စနှင့် အုပ်ချုပ်ရေး ယန္တရားကို ပြန်လည် တည့်မတ်ရန် ကိစ္စများတွင် ထင်မှတ်ထားသည်ထက် ပိုမိုသည့် အခက်အခဲများ ရင်ဆိုင်နေရကြောင်း ဦးရွှေမန်းက မီဒီယာများသို့ ပြောသည်။
“အစိုးရအနေနဲ့တော့ ကြိုးစားပမ်းစား လုုပ်နေတယ်။ ဒီထက် ပိုပြောရမယ်ဆိုရင် ခက်ခက်ခဲခဲ လုပ်နေရတဲ့ အနေအထား ရှိပါတယ်။ အုပ်ချုပ်ရေး ယန္တရားကို ပြန်ပြီးတော့ တည့်မတ်တဲ့ ကိစ္စမှာ ထင်မှတ်တာထက် ပိုပြီးတော့ အခက်အခဲတွေ ရှိတယ်။ အဲဒါကြောင့်မိုလို့ ပိုပြီးတော့ ကြိုးစားနေရတယ်” ဟု ဦးရွှေမန်းက ပြောသည်။
ယခင် ခေတ်ကာလများက စျေးကွက် စီးပွားရေးစနစ်ကို မှန်မှန်ကန်ကန် မကျင့်သုံးနိုင်ခဲ့သည့် အကျိုးဆက်များကြောင့် ယခုအစိုးရသစ်မှာ စီးပွားရေး ဘက်တွင်လည်း အောင်မြင်အောင် ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း၊ အစိုးရက နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲမှုများကို တပြိုင်တည်း ဆောင်ရွက်နေသော်လည်း မအောင်မြင်သေးကြောင်း ဦးရွှေမန်းက ပြောသည်။
“စီးပွားရေး ပြုပြင်ပြောင်းလဲမှု လုပ်တော့ လုပ်နေတယ်။ သို့သော် ခရီးမရောက်ခဲ့ဘူး” ဟု ဧရာဝတီ၏ မေးမြန်းချက်ကို ပြန်လည် ဖြေကြားရာတွင် ဦးရွှေမန်းက ထည့်သွင်း ပြောဆိုသည်။
ယနေ့ သတင်းစာ ရှင်းလင်းပွဲကို ကျင်းပရခြင်းမှာ ကော်မရှင်သည် လူပုဂ္ဂိုလ် တဦးတယောက်အတွက် ရပ်တည် လှုပ်ရှားနေသည်ဟု လူမှုကွန်ရက်များတွင် စွပ်စွဲပြောဆိုချက်များကြောင့် ဖြစ်သည်ဟုလည်း သိရသည်။
ဦးရွှေမန်းက သူ၏ နိုင်ငံရေး ရည်မှန်းချက်နှင့် ပတ်သက်၍လည်း “ဒီနေ့ မိမိရဲ့ နိုင်ငံရေး ရည်မှန်းချက်က ပြည်သူပါပဲ။ ပြည်သူများ ကောင်းစားရေး၊ နိုင်ငံ တိုးတက်ရေးဟာ မိမိရဲ့ နိုင်ငံရေး ရည်မှန်းချက်ပဲ ဖြစ်ပါတယ်။ ပြည်သူများ ကောင်းစားရေး၊ နိုင်ငံ တိုးတက်ရေးအတွက် မိမိ ရောက်တဲ့နေရာမှာ ရှိတဲ့တာဝန်နဲ့ အတတ်နိုင်ဆုံး စေတနာထားပြီး ကြိုးစား ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အဲဒါက မိမိရဲ့ နိုင်ငံရေး ရည်မှန်းချက်ပဲ ဖြစ်ပါတယ်” ဟု ပြောသည်။
ပြည်ထောင်စု ကြံံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ထုတ်ပယ်ခံရပြီးနောက် ယင်းပါတီအပေါ် ၄င်း၏ သဘောထားနှင့် ပတ်သက်၍လည်း မေတ္တာ၊ စေတနာ၊ မုဒိတာနှင့် ဥပက္ခာ တရားများ လက်ကိုင်ထား၍ ဆက်လက် ကျင့်သုံး ဆောင်ရွက်သွားတော့မည်ဟု ပြန်လည် ဖြေကြားခဲ့သည်။
“ပါတီနိုင်ငံရေး ကိစ္စက လောလောဆယ် စဉ်းစားထားတာ မရှိပါဘူး။ တခုပဲ ဘယ်ပါတီ ဘယ်အစိုးရပဲ တက်တက် ဒီအစိုးရက ပြည်သူနဲ့ နိုင်ငံအတွက် ကောင်းအောင် လုပ်မယ်ဆိုတာ သိရင်မြင်ရင် အဲဒီအတွက် ကျနော်တို့က ကူညီဖို့ ၀ိုင်းဝန်းဖို့ အသင့်ပါပဲ” ဟု ဦးရွှေမန်းက ပြောသည်။
ထို့အပြင် ၄င်းဦးဆောင်သည့် ကော်မရှင်အနေဖြင့် ပြည်သူ့အကျိုး စီးပွား၊ နိုင်ငံအကျိုးစီးပွားအတွက် ပြည်ထောင်စု လွှတ်တော်ကို သော်လည်းကောင်း၊ ပြည်ထောင်စု အစိုးရအဖွဲ့ကို သော်လည်းကောင်း အကြံဉာဏ်များ ပေးပို့ဆောင်ရွက်လျက် ရှိကြောင်း၊ ကော်မရှင်သည် အဆုံးအဖြတ် ပေးနိုင်သည့် အဖွဲ့အစည်းတခု မဟုတ်ဘဲ သက်ဆိုင်ရာ တာဝန်ရှိသူများ၏ အဆုံးအဖြတ်များ မှန်ကန် ကောင်းမွန်ရန် ဆောင်ရွက်နေသည့် အဖွဲ့အစည်း ဖြစ်သည်ဟုလည်း ပြောသည်။
NLD ပါတီ ပြောခွင့်ရသူ တဦးကမူ ဦးရွှေမန်းအနေဖြင့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ တိုက်ရိုက် အကြံပေးနိုင်ခွင့် ရှိကြောင်း ဧရာဝတီသို့ ပြောသည်။
“သူ (ဦးရွှေမန်း) လုပ်နိုင်တာက အတိုင်ပင်ခံဆီကို အကြံပေးနိုင်တဲ့ လမ်းကြောင်းတခု ဖွင့်ပေးထားတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။