အစိုးရအနေဖြင့် ၂၁ ရာစုပင်လုံ ညီလာခံတွင် တက်ရောက်မည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ရာထူး အခေါ်အဝေါ်များကို လျော်ညီစွာ ဖော်ပြပေးရန်အတွက် အရပ်ဘက် အဖွဲ့အစည်း ၄၀ ကျော်က စုပေါင်း သဘောထား ကြေညာချက် ထုတ်ပြန်၍ တိုက်တွန်း လိုက်သည်။
နေပြည်တော်တွင် ယခုလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ ပြုလုပ်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစုပင်လုံ ကျင်းပရေး ပူးတွဲ ကော်မတီ အစည်းအဝေးတွင် တပ်မတော် အရာရှိများ၏ ရာထူးများကို ဖော်ပြထားသော်လည်း တိုင်းရင်းသား ကိုယ်စားလှယ် ခေါင်းဆောင်များ ၏ ရာထူးများကို မဖော်ပြဘဲ သာမန်နာမည်များကိုသာ ခေါ်ခဲ့ကြောင်း၊ ထိုဖြစ်ရပ်ကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အနှောင့်အယှက် ဖြစ်မည်ကိုစိုးရိမ်၍ တိုက်တွန်းချက် ထုတ်ပြန်ရခြင်းဖြစ်ကြောင်းလည်း ဆိုသည်။
အရပ်ဘက် အဖွဲ့ အစည်းတဖွဲ့ ဖြစ်သော Equality Myanmar အဖွဲ့၏ ဒါရိုက်တာ ဦးအောင်မျိုးမင်း က “ဒီလိုမျိုးအခေါ်ခံထိတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ အနေနဲ့ သူတို့ရဲ့ လုပ်ဆောင်မှုတွေ၊ သူတို့ရဲ့ ဖြတ်သန်းမှုတွေကို လေးစားမှု မပေးသလို စိတ်ထဲမှာ ခံစားသွားနိုင်တယ်။ အဲဒါမျိုးဆိုရင် ကျနော်တို့ ဒီညီလာခံမှာ ရည်ရွယ်ထားတဲ့ တန်းတူညီမျှရေး၊ အပြုသဘောဆောင်ပြီး အကောင်းဆုံး လုပ်ဆောင်နေတာတွေ ကိုလည်း ထိခိုက်သွားနိုင်တယ်။ ဒါကြောင့် တယောက်နဲ့တယောက် လေးစားမှုအခြေခံ တန်းတူညီမျှမှုကို ကျင့်သုံးပြီးတော့ ထာဝရတည်တံ့တဲ့ ငြိမ်းချမ်းရေးကို ဆွေးနွေးတဲ့ လုပ်ငန်းစဉ် ပေါ်ပေါက်ဖို့ ဒါမျိုးမလုပ်ဖို့ တိုက်တွန်းလိုတဲ့ အတွက် ဒါကို ထုတ်ပြန်တာ ဖြစ်ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ ၂၁ ရာစုပင်လုံ ကျင်းပရေး ပူးတွဲကော်မတီ အစည်းအဝေးတွင် တိုင်းရင်းသား ကိုယ်စားလှယ် ခေါင်းဆောင်များဖြစ်သည့် ဗိုလ်ချုပ် ဂွန်မော် နှင့် ဗိုလ်ချုပ် စိုင်းထူးတို့၏ ရာထူးများကို ဖြုတ်ချန် ထားခဲ့ပြီး “ဂွန်မော်”၊ “စိုင်းထူး” စသဖြင့် သုံးစွဲဖော်ပြ ထားသည်ကို ဓာတ်ပုံ မှတ်တမ်းများမှ တဆင့် တွေ့မြင်ရသည်။
တိုင်းရင်းသား လက်နက်ကိုင် ကိုယ်စားလှယ်များ၏ ရာထူး သတ်မှတ်ချက်များကို မဖော်ပြဘဲ သာမန် အမည်နာမကို ဖော်ပြသုံးစွဲမှုအပေါ် တိုင်းရင်းသား လူငယ်များကြား လူမှုကွွန်ရက် Facebook စာမျက်နှာထက်တွင်လည်း ဝေဖန်ပြောဆိုနေကြသည်ကို တွေ့ရသကဲ့သို့ အစိုးရ အပေါ် မေးခွန်းထုတ်မှုများလည်း ရှိနေကြသည်။
တိုင်းရင်းသား ခေါင်းဆောင်များ၏ ရာထူး အခေါ်အဝေါ် နှင့်ပတ်သက်ပြီး အစိုးရ၏ တိုက်ရိုက် စီစဉ်ညွှန်ကြားမှု သို့မဟုတ် ပွဲစီစဉ်သူများ၏ ဆောင်ရွက်မှုလား ဆိုသည်ကို မသိသော်လည်း တိုင်းရင်းသား လက်နက်ကိုင်များ၏ တပ်ပိုင်းဆိုင်ရာ ရာထူးကို မသုံးစွဲချင်လျှင်လည်း ဆီလျှော်သည့် အသုံးအနှုန်းမျိုး သုံးနှုန်းသင့်ကြောင်း တိုင်းရင်းသားအရေး လေ့လာစောင့်ကြည့်သူတဦး ဖြစ်သည့် ဦးမောင်မောင်စိုး က ပြောဆိုသည်။
ဦးမောင်မောင်စိုး က “အပြန်အလှန် တန်းတူရေး အခြေခံမူမှာတော့ ဒီလိုအသုံးအနှုန်းမျီုးဟာ ကသိကအောက်ဖြစ်စရာတော့ ရှိပါတယ်။ တိုင်းရင်းသားအဖွဲ့အစည်း ခေါင်းဆောင်အချို့ကြားမှာ ကျနော် သိရသလောက်တော့ စိတ်ခံစားမှုဖြစ်တာပေါ့။ ကျန်တဲ့ ငြိမ်းချမ်းရေး လိုချင် နေကြတဲ့ သူတွေမှာလည်း ဒီလိုအသုံးအနှုန်းမျိုးက မသင့််တော်ဘူးလို့ အများစုမြင်တာတွေ့ရတယ်။ အဒီဲတော့ ဒီဝေါဟာရ အသုံးအနှုန်းတွေနဲ့ ပတ်သက်လို့ကတော့ ညှိညှိနှိုင်းနှိုင်း လုပ်ဆောင်သင့်တယ်လို့ ထင်ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ထိုဖြစ်စဉ်နှင့်ပတ်သက်၍ ၂၁ ရာစုပင်လုံ ညီလာခံအကြိုပြင်ဆင်ရေး ကော်မတီ တာဝန်ရှိသူများထံသို့ ဧရာဝတီက ဆက်သွယ် မေးမြန်း ခဲ့သော်လည်း ဖြေဆိုပေးခြင်း မရှိခဲ့ပါ။
၂၁ ရာစုပင်လုံ ညီလာခံ ပထမအကြိမ် အစည်းအဝေးကို အစိုးရက နေပြည်တော်တွင် ယခုလ ၃၁ ရက်နေ့ တွင် ကျင်းပတော့မည်ဖြစ်သည်။
ထိုအစည်းအဝေးသို့ အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ပြုလုပ်မထားရသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ခေါင်းဆောင်များ၊ အပစ်ရပ်ထားသော အဖွဲ့များ တက်ရောက်ကြမည် ဖြစ်ပြီး ရာထူး အခေါ်အဝေါ် အသုံးအနှုန်းကို အစိုးရအနေဖြင့် အချိန်မီပြင်ဆင် သွားနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း အရပ်ဘက်အဖွဲ့အစည်းများနှင့် စောင့်ကြည့်လေ့လာသူများက ပြောဆိုကြသည်။
အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ သြဂုတ်လ ၃၁ ရက်နေ့မှ စ၍ ၄ ရက်ကြာ ပြုလုပ်မည့် ပြည်ထောင်စုငြိမ်းရေး ညီလာခံ တခုတည်းဖြင့် ပြီးဆုံးသွားမည် မဟုတ်ဘဲ ထာဝရငြိမ်းချမ်းရေး ရရှိရန်အတွက် ယုံကြည်မှု တည်ဆောက်ရင်း ဆက်လက် ဆွေးနွေးကြရဦးမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ယုံကြည်မှုကို ထိခိုက်စေနိုင်သော အခေါ်အဝေါ် အသုံးအနှုန်း များကို ရှောင်ရှားပြီး အပြန်အလှန် လေးစားမှု ပြသင့် ကြောင်း Equality Myanmar အဖွဲ့၏ ဒါရိုက်တာ ဦးအောင်မျိုးမင်း က ပြောသည်။
ဦးအောင်မျိုးမင်း က “ကျနော်တို့ တိုင်းပြည်မှာ ဘာကြောင့် အခုလို လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်ခဲ့ရလဲဆိုတော့ တန်းတူ၊ ညီမျှမှုကို မလေးစားတာကြောင့်မလို့ ဖြစ်ခဲ့တယ်လို့ ကျနော်တို့ လေ့လာမိပါတယ်။ ဒါကြောင့်မလို့ လေးစားမှုကိုပေးမှ သာလျှင် တယောက်နဲ့ တယောက် မိတ်ဖက်ဖြစ်လာလိမ့်မယ်။ လက်စွဲနှုတ်ဆက်မယ့် လက်တွေမှာလည်း သံသယတွေ ကင်းနိုင်မှာဖြစ်တဲ့ အတွက် ဒါတွေကို သတိပြုစေချင်ပါတယ်။ ပြုသူက သာမန်လုပ်လိုက်ပေမယ့် ခံရသူတွေအတွက် ကတကယ်ထိခိုက်နစ်နာစရာ ဖြစ်တယ်။ ဒါက ရေရှည် သွားရမယ့် ပင်လုံညီလာခံလို ဆွေးနွေးပွဲတွေအပေါ် သက်ရောက်မှုတွေ အများကြီးရှိနိုင်ပါတယ်”ဟုလည်း ပြောဆိုသည်။