မြန်မာနိုင်ငံတွင် ရေကြီးရေလျှံမှု ကာကွယ် တားဆီးနိုင်ရေးအတွက် အမျိုးသား သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီက ရေရှည်စီမံချက် ရေးဆွဲ၍ စီစဉ်နေကြောင်း သိရသည်။
မြစ်ချောင်း ဖွံ့ဖြိုးရေးနှင့် သစ်တောပြုန်းတီးမှု၊ သယံဇာတ တူးဖော်မှုများကြောင့် မြစ်ချောင်း တိမ်ကောနေမှုများကို အဓိက ပြုပြင်ဆောင်ရွက်ရန် စီစဉ်နေခြင်းဖြစ်သည်ဟု ဆိုသည်။
“ရေရှည်စီမံချက်ပေါ့။ ဘာလဲဆိုတော့ မြစ်ချောင်းတွေ ဖွံ့ဖြိုးရေးပေါ့။ မြစ်ချောင်းတွေ တိမ်လာလို့ ရေနည်းနည်းဝင်တာနဲ့ လျှံ ထွက်သွားတယ်။ နောက်တခုက ပိတ်ဆို့တာတွေရှိတယ်။ ကျနော်တို့ အဲဒါကို နိုင်ငံတော်ရဲ့စီမံချက်အကြီးကြီးတခု လုပ် မယ်။ ဒါကို အစပြုနေပြီပေါ့”ဟု အမျိုးသား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ ဒု ဥက္ကဋ္ဌ ဒေါက်တာ ၀င်း မြတ်အေးက ဧရာဝတီကို ပြောသည်။
အမျိုးသား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီကို ဒုသမ္မတ(၂) ဦးဟင်နရီဗန်ထီးယူ ဥက္ကဋ္ဌအဖြစ် ဦးဆောင်ပြီး ပြည်ထဲရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးတို့က ဒုဥက္ကဋ္ဌအဖြစ် တာဝန်ယူကာ အဖွဲ့ဝင်စုစုပေါင်း ၂၈ ဦးဖြင့် ၂၀၁၆ ခုနှစ် မေလ ၃၁ ရက်တွင် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
ယင်းကော်မတီအား နိုင်ငံတော်အတွင်း အချိန်ကာလအလျောက် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးများကို ကြိုတင် တွက်ဆပြီး ကာကွယ် စောင့်ရှောက်ရေး အစီအမံများ စနစ်တကျ ပြုလုပ်ထားနိုင်ရေး အတွက်နှင့် သဘာဝ ဘေးအန္တရာယ် ကျရောက်လာသည့် အခြေအနေတွင် ကယ်ဆယ်ရေးနှင့် ထောက်ပံ့ကူညီရေး လုပ်ငန်းများကို လျင်မြန် သွက်လက်စွာ၊ ထိရောက်စွာ ဆောင်ရွက်ပေးနိုင်ရေးတို့ အတွက် ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ယခုအခါ လုပ်ငန်းကော်မတီ ၁၂ ခု ထပ်မံ ဖွဲ့စည်းကာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဒေါက်တာ ၀င်းမြတ်အေးသည် ယင်းကော်မတီတွင် ဒု ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေသည့်အပြင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ်ပါ တာဝန်ထမ်းဆောင်နေသူ တဦးဖြစ် သည်။
မြစ်ချောင်းများ တိမ်ကောခြင်း၊ ပိတ်ဆို့မှုများဖြစ်ရခြင်း အကြောင်းရင်းတခုမှာ သစ်တောပြုန်းတီးခြင်း၊ စနစ်မကျသည့် သယံ ဇာတ တူးဖော်ခြင်းများကြောင့် ဖြစ်ကြောင်း၊ ယခုပြုလုပ်မည့် ရေရှည်စီမံချက်သည် ကြီးမားသည့် စီမံချက် ဖြစ်သော ကြောင့် ပြည်တွင်းပြည်ပ ပညာရှင်များ၏ အကူအညီများ၊ ငွေကြေးထောက်ပံ့မှုများ လိုအပ်ကြောင်း ဒေါက်တာ ၀င်းမြတ်အေး က ရှင်းပြသည်။
ဒေါက်တာ ၀င်းမြတ်အေးက “ရေရှည်ဖြစ်တဲ့အတွက် အချိန်ယူဆောင်ရွက်ရမယ်။ နောက်နှစ် လုံးဝ ရေဘေး ကင်းသွား ဖို့တော့ မျှော်လင့်လို့ မရသေးဘူး။ ကြိုတင်ပြင်ဆင်တဲ့ အပိုင်းတွေမှာ ပိုပြီးအားစိုက်နိုင်မယ်။ ပြည်သူတွေရဲ့ပူးပေါင်းပါ၀င်မှု ပိုရရှိနိုင်မယ်။ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး ပိုမိုအားကောင်းစွာနဲ့ ထိထိရောက်ရောက် လုပ်လာနိုင်မယ်လို့ ယူဆတယ်”ဟုလည်း ပြောပြသည်။
ဆက်လက်၍ ၎င်းက ရေကြီးရေလျှံမှု ကြုံတွေ့နေရသည့်နေရာသို့ ကယ်ဆယ်ထောက်ပံ့ရေး ပစ္စည်းများ အချိန်နှင့်တပြေးညီ ရောက်ရှိစေရေးအတွက် ၎င်းတို့ဝန်ကြီးဌာနအနေဖြင့် လူမှုအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရန် လုပ်ဆောင် နေကြောင်း၊ ရေဘေးသင့် ပြည်သူများအတွက် Shelter များ တည်ဆောက်ရေး၊ သတင်း အချက်အလက် လျင်မြန်စွာရရှိ ရေး နှင့် ပြည်သူလူထုထံ အသိပညာရေးတို့ကို ကြိုတင်ပြင်ဆင် ဆောင်ရွက်နေကြောင်းလည်း ဒေါက်တာ ဝင်းမြတ်အေးက ပြောသည်။
မြန်မာနိုင်ငံ၌ ရေကြီးရေလျှံမှု နှစ်စဉ်နှစ်တိုင်းဖြစ်နိုင်သည့် အလားအလာရှိနေသည့်အတွက် ရေကြီးမှု ကြိုတင် ကာကွယ် နိုင်ရန် တာတမံများ ထပ်မံတိုးချဲ့ခြင်း၊ မွမ်းမံပြင်ဆင်ခြင်း၊ မြစ်ရေကို စောင့်ကြပ်ကြည့်ရှုသည့် စနစ်များ၊ တပြည်လုံးရှိ ရေကို တိုင်းတာနိုင်သည့် ခေတ်မီကိရိယာ တပ်ဆင်ခြင်း၊ လူထု၏ အသိပညာမြှင့်တင်ရေးများကို မိုးရာသီ မရောက်ခင်ကတည်းက စနစ်တကျ ကြိုတင် လုပ်ဆောင်ထားသင့်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာ ထွန်းလွင် ကလည်း အကြံပြုပြောဆို ထားသည်။
ရေကြီးနစ်မြုပ်ရခြင်း အကြောင်းတရားများတွင် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ ကုန်းမြင့်ဒေသများတွင် သစ်တောများ ပြုန်းတီးမှုကြောင့် သဘာဝ ပတ်ဝန်းကျင် ယိုယွင်းသွားသည့်အတွက် မိုးရွာချသည့်အချိန်၌ မိုးရေကို ထိန်းသိမ်းနိုင်ခြင်းမရှိ တော့ဘဲ ချောင်းများထဲသို့ တိုက်ရိုက်စီးဝင်ကာ တောင်ကျချောင်းရေ များပြားလာခြင်းတို့က ရေကြီးမှုကို ပိုမိုဆိုးရွား စေသည်ဟု ဦးထွန်းလွင်က ထောက်ပြသည်။
“တောင်ကျချောင်းရေတွေ များတာကို အခု သိနေရပြီ။ တောင်ကျချောင်းရေတွေ များလာတာ ဘာကြောင့်လဲ။ သစ်တော တွေပြုန်းလို့လို့ ပြောထားတယ်။ အဲဒီတော့ သစ်ပင်တွေစိုက်ပျိုးဖို့ ဒါကတော့ ရေရှည်ပေါ့။ အဲဒီလို လုပ်ရမယ်။ အဆောက် အအုံနဲ့ ပတ်သက်တဲ့ အပိုင်းတွေမှာ သမားရိုးကျ အဆောက်အအုံ မဆောက်တော့ဘဲ Water resistance housing လို့ခေါ်တဲ့ ရေကြီးမှုှုဒဏ်ခံနိုင်တဲ့ အဆောက်အအုံမျိုးတွေ ဆောက်ရမယ်”ဟုလည်း ဦးထွန်းလွင်က ပြောသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနမှ သြဂုတ်လ ၁၀ ရက်အထိ ကောက်ယူထားသည့် စာရင်းမှတ်တမ်းများအရ ၂၀၁၆ ခုနှစ် ရေကြီးမှုဒဏ်ကို မန္တလေး၊ ဧရာဝတီ၊ ပဲခူး၊ မကွေး၊ ရန်ကုန်၊ စစ်ကိုင်း၊ မွန်နှင့် ကချင် ပြည်နယ်ရှိ လူဦးရေ ၄ သိန်းကျော် ကြံုတွေ့ခဲ့ရပြီး ရေကြီးမှုကြောင့် ရေစီးထဲမျောပါသေဆုံးသူ ၆ ဦး ရှိကြောင်း သိရသည်။