ကချင် အထူးဒေသ (၁) ပြည်သူ့စစ်ခေါင်းဆောင် ဦးစခုန်တိန့်ယိန်းအား ကချင်ပြည်နယ် အမျိုးသား လွှတ်တော် မဲဆန္ဒနယ်အမှတ် (၅) အနိုင်ရ လွှတ်တော် ကိုယ်စားလှယ် အဖြစ်မှ အပြီးသတ်ပယ်ဖျက်ကာ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဆက်လက် ရပ်တည်ပိုင်ခွင့် မရှိတော့ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သြဂုတ် ၃၀ ရက်နေ့တွင် ထုတ်ပြန် ကြေညာလိုက်သည်။
ရွေးကောက် ပွဲကော်မရှင်အနေဖြင့် ဦးစခုန်တိန့်ယိန်း၏ ကိုယ်စားလှယ်အဖြစ်မှ ရုတ်သိမ်းထားမှု အပေါ် အယူခံ တင်ထားမှုကို အပြီးသတ် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ဒုတိယ မဲအများဆုံးရရှိခဲ့သည့် တသီး ပုဂ္ဂလကိုယ်စားလှယ် ဦးယောန အား အနိုင်ရ ကိုယ်စားလှယ်အဖြစ် အတည်ပြု ဆုံးဖြတ်ခဲ့သည်။
ဦးစခုန်တိန့်ယိန်း၏ ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးလှဟန်က “ကော်မရှင်က သူတို့ရဲ့ အတွေးအခေါ် ဆုံးဖြတ်ချက်နဲ့ ချမှတ်လိုက်တာကို ဘာမှ ပြောစရာမရှိပါဘူး၊ ဒါဟာ အပြီးသတ်ဖြစ်တဲ့အတွက် ဘာမှ လုပ်စရာလဲ မရှိတော့ပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ဦးစခုန်တိန့်ယိန်း အား ရွေးကောက်ပွဲ တရားမဲ့ပြုကျင့်မှုများ ပြုလုပ်ခဲ့သည်ဟုဆိုကာ တသီးပုဂ္ဂလ ကိုယ်စားလှယ် ဦးယောနနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကိုယ်စားလှယ် ဦးစံဝေခေါင်လွမ်းတို့က ရွေးကောက်ပွဲ ကန့်ကွက်လွှာ တင်သွင်းခဲ့ခြင်းဖြစ်ပြီး ဇွန်လ ၂၄ ရက်တွင် ရွေးကောက်ပွဲ ခုံအဖွဲ့ (၂) က လွှတ်တော် ကိုယ်စားလှယ်အဖြစ် ပယ်ဖျက်ကြောင်း ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ကချင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၅) အဖြစ်၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၂ သောင်းအောက်သာ ရှိသည့် ချီဖွေ၊ ဆော့လော်နှင့် အင်ဂျန်းယန် မြို့နယ်တို့ကို ပေါင်းကာ သတ်မှတ်ထားခြင်းဖြစ်ပြီး ဦးစခုန်တိန့်ယိန်းက မဲ ၅ ထောင်ကျော်ရရှိခဲ့ပြီး ဒုတိယအများဆုံး အဖြစ် ဦးယောနက မဲ ၂၆၀၀ ကျော်ရရှိခဲ့သည်။
ဦစဇခုန်တိန့်ယိန်းအား အနိုင်ရ ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ခဲ့သော်လည်း ရွေးကောက်ပွဲတရားမဲ့ ပြုကျင့်မှုဖြင့်ပင် တိုင်ကြားခံရသည့် သူ၏ သားဖြစ်သူ ဦးစခုန်ယိန်းဆောင်မှာ ချီဖွေမြို့နယ် မဲဆန္ဒနယ် (၂) မှ အနိုင်ရ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဆက်လက် တည်ရှိကြောင်း ရွေးကောက်ပွဲကော်မရှင်က ဆုံးဖြတ်ခဲ့သည်။
ဦးစခုန်တိန့်ယိန်းသည် ကချင်ဒီမိုုကရေစီသစ် တပ်မတော် (NDA-K) ၏ ခေါင်းဆောင်ဖြစ်ပြီး ၂၀၀၉ ခုုနှစ်တွင် အစိုုးရစစ်တပ် လက်အောက်ခံ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းခဲ့သည့် အဖွဲ့ဖြစ်သည်။ ၂၀၁၀ ခုုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ကာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဖြစ်ခဲ့သူ ဖြစ်သည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တွင် သြဂုတ်လ ၃၀ ရက်နေ့အထိ ဆုံးဖြတ်ချက်အမိန့် ချမှတ်ပြီးသည့် ရွေးကောက်ပွဲ ကန့်ကွက်လွှာအမှုပေါင်း ၂၇ မှုရှိပြီး အပြီးသတ် အမိန့်ချမှတ်ပြီး နိုင်ငံတော်ပြန်တမ်းတွင် ထည့်သွင်း ကြေညာပြီးသည့် အမှုမှာ ၁၉ မှု ရှိပြီဖြစ်ကြောင်း သိရသည်။