သတင်း

ညီညွတ်ရေး ရှေးရှုရန် ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးညီလာခံတွင် ပန်ကြား

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံ၏ နိုင်ငံရေး အပြောင်းအလဲတွင် မရှိမဖြစ် လိုအပ်နေသော ပြည်တွင်းစစ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးတည်ဆောက်ရေး နှစ်ဘက် လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များကို နိုင်ငံတော် အကြံပေးပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပန်ကြားလိုက်သည်။

“ကျမတို့နိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ အမျိုးသား ညီညွတ်ရေး မတည်ဆောက် နိုင်သမျှ ကာလပတ်လုံး ရေရှည်တည်တံ့ခိုင်မြဲတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးကို ဘယ်လိုမှ တည်ဆောက်နိုင်မှာ မဟုတ်ပါဘူး။ ကျမတို့ အားလုံးညီညွတ်မှ ကျွန်မတို့နိုင်ငံ ငြိမ်းချမ်းမယ်”ဟု တက်ရောက်သူ ၁၈၀၀ ခန့် ရှိသည့် ၂၁ ရာစု ပင်လုံဟု လူအများသိသော ငြိမ်းချမ်းရေးညီလာခံ ဖွင့်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ထို့ပြင် အစိုးရသစ်လက်ထက် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူညီချက်စာချုပ်(NCA) လက်မှတ်ထိုးရန် ကျန်နေသောအဖွဲ့များ ပါဝင်လာနိုင်ရေး အစိုးရအနေဖြင့် အထူးအလေးထားပြီး ဆောင်ရွက်လျက်ရှိကြောင်း ပြောပြီး “NCA လက်မှတ်ထိုးပြီးဖြစ်တဲ့ အဖွဲ့တွေနဲ့ NCA မထိုးရသေးတဲ့ အဖွဲ့တွေကြားမှာ ဝိဝါဒ ကွဲပြားမှုတွေ ဖြစ်ပေါ်နေရင် ကျမတို့ ငြိမ်းချမ်းရေးခရီးဟာ နှောင့်နှေးကြန့်ကြာသွားမှာဖြစ်ပါတယ်။ ကျမတို့ တိုင်းရင်းသားအချင်းချင်းအကြားမှာ နားလည်မှု လွဲမှားတာတွေ စိတ်ဝမ်းကွဲမှုတွေ မရှိစေဖို့ ဘုံသဘောတူညီချက်ဖြစ်တဲ့ NCA ရဲ့ ထီးရိပ်အောက်မှာ အားလုံးရောက်ရှိလာအောင် ကျမတို့ ကြိုးစားဆောင်ရွက်နေပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ညီလာခံကို သြဂုတ်လ ၃၁ ရက်မှ စက်တင်ဘာလ ၄ ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်သည်။ သြဂုတ်လ ၃၁ရက်တွင် စတင်ဖွင့်လှစ်ခဲ့သော ညီလာခံ အဖွင့်မိန့်ခွန်းကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့လွှတ်တော်ဥက္ကဌ ၊ အမျိုးသားလွှတ်တော်ဥက္ကဌ ၊ ကာကွယ်ရေးဦးစီးချုပ် ၊ NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဘက်မှ ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုး ၊ UNFC မှ ဗိုလ်ချုပ်ကြီး အင်ဘန်လ ၊ နိုင်ငံရေးပါတီကိုယ်စားလှယ်အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ နာယကဦးတင်ဦးနှင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းတို့က ပြောသည်။

ဆက်လက်ကျင်းပမည့် ဆွေးနွေးဝိုင်းများတွင် တိုင်းရင်းသား စစ်ရေး ခေါင်းဆောင်များ၏ ရာထူးများကို မဖော်ပြဘဲ သာမန်နာမည်များကိုသာ ခေါ်မည်ဟူသော ကနဦး သတင်းများအပေါ် ရည်ရွယ်ရင်း “တိုင်းရင်းသားတွေက ကျနော့်ကို ဗိုလ်ချုပ်ကြီးလို့ ခေါ်ပါတယ်”ဟု ကေအိုင်အိုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အန်ဘန်လ ပြောကြားသော မိန့်ခွန်းက ငြိမ်းချမ်းရေး ဆွေးနွေးဝိုင်းများတွင် အချေအတင် ပြောဆိုနိုင်ကြောင်း အရိပ်ပြခြင်း ဖြစ်သည်။

NCA မထိုးရသေးသော အဖွဲ့ အများစုဖြင့် ဖွဲ့ထားသည့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက မိန့်ခွန်းတွင် ၎င်းတို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အနေဖြင့် ၁၉၄၇ခုနှစ်၊ တောင်တန်း တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ပြည်မ ဗမာခေါင်းဆောင်တွေအကြား ချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ်ကို အစွဲပြုပြီး ယခုကျင်းပသည့် ညီလာခံ ကို ဒုတိယပင်လုံဟု မှတ်ယူထားကြောင်း ပြောသည်။

ဗိုလ်ချုပ်ကြီး အင်ဘန်လက “ဟိုတုန်းက ကျနော်တို့ပြောခဲ့တဲ့ ဖက်ဒရယ်ပြည်ထောင်စုဟာ စုဖွဲ့ပြီး အေးအတူ ပူအမျှ ယှဉ်တွဲနေထိုင်ဖို့ ဖြစ်သလိုပဲ အခုကျနော်တို့ ပြောတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဟာလည်း ခွဲထွက်ရေးမဟုတ်ဘူး ဆိုတာကို ပြောလိုတယ်”ဟု ရှင်းပြသည်။

ဗမာမဟုတ်သည့် တိုင်းရင်းသားလူမျိုးစုများ လက်နက်ကိုင်စွဲကိုင်ပြီး တော်လှန်ရေး လုပ်နေကြသည်မှာ ပင်လုံစာချုပ်ပါ ကတိကဝတ်များ ၊ သဘောတူညီချက်များဖြစ်သည့် ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေး နှင့် ကိုယ်ပိုင်ပြဌာန်းခွင့်များ အကောင်အထည်မဖော်နိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်ဟုလည်း ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောသည်။

ယခုညီလာခံမှာ တိုင်းပြည်၏ ပြုပြင်ပြောင်းလဲရေး၊ အမျိုးသားရင်ကြားစေ့ရေးကို ပြန်လည်အစပျိုးနေပြီး အနာဂတ်ကောင်းကို အကောင်အထည်ဖော်ကြရန် လုပ်ဆောင်နေကြသဖြင့် ကိုယ်ကျိုးထက် ပြည်သူလူထု အကျိုးကို ကြည့်ပြီး လုပ်ဆောင်ကြမည်ဖြစ်ပြီး ဒီမိုကရေစီပြည်ထောင်စုစနစ် ပေါ်ပေါက်ရန် ယုတ်လျော့ ပျက်ပြယ်စေမည့် တိမ်းစောင်းမှေးမှိန်မေးမည့် ကိစ္စရပ်များကို မလုပ်ဆောင်မိစေရန် အထူးသတိထား အကောင်အထည်ဖော်ကြဖို့ လိုသည်ဟုလည်း ဗိုလ်ချုပ်ကြီး အင်ဘန်လက ဆိုသွားသည်။

၂၁ ရာစုပင်လုံ၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံမကျင်းပရန် တရက်အလို၊ သြဂုတ်လ ၃၀ရက်အထိ UNFC ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ မိန့်ခွန်းပြောမည်ကို အစိုးရဘက်က ခွင့်မပြုချက် မပေးခဲ့ပါ။ NCA ချုပ်ဆိုထားသည့် တိုင်းရင်းသား ၈ ဖွဲ့ ကိုယ်စားလှယ် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး တဦးကိုသာ အဖွင့်မိန့်ခွန်းပြောရန် ခွင့်ပြုထားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

သို့သော် သြဂုတ်လ ၃၀ ရက် ညပိုင်းတွင် တံခါးပိတ်အစည်းအဝေးများ ပြန်လည်ပြုလုပ်ပြီး အစိုးရနှင့် ညှိနှိုင်းမှုများ ပြုလုပ်ပြီးနောက်မှ ဗိုလ်ချုပ်ကြီးအင်ဘန်လကို မိန့်ခွန်းပြောရန် အစိုးရဘက်က လက်ခံ လိုက်ခြင်း ဖြစ်သည်ဟု သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သတ်၍ ကရင်အမျိုးသားအစည်းအရုံး (KNU) မှ အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းက UNFC အဖွဲ့ဝင်များမှာ NCA လက်မှတ်မထိုးထားသည့် အဖွဲ့များ ဖြစ်နေသဖြင့် မိန့်ခွန်း ပြောမှုတွင် ငြိမ်းချမ်းရေးကို ထိခိုက်စေမည့် တစုံတရာ ပြောဆိုသွားမည်ကို အစိုးရဘက်မှ စိုးရိမ်မှု များ ရှိခဲ့သည်ဟု သုံးသပ်ရကြောင်း ဧရာဝတီကို ပြောသည်။

ဆက်လက်ပြီး ပဒိုစောကွယ်ထူးဝင်းက “ ကျနော်တို့က ဒီလိုသဘောထားနဲ့ ငြိမ်းချမ်းရေး ညီလာခံကို တတ်တာ မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးအတွက် ရည်စူးပြီး တတ်လာတာကြောင့် ကျနော်တို့ ပြောဆိုမှုမှာ လည်း ငြိမ်းချမ်းရေးကို တည်ဆောက် အထောက်အကူပြုတာပဲ ဖြစ်မှာပါဆိုတော့ တဖက်က အစိုးရဘက် တပ်မတော်ဘက်က လက်ခံလိုက်ပါတယ်”ဟု ပြောသည်။

သို့သော် ညီလာခံ အဖွင့်မိန့်ခွန်းတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီမိုကရေစီ နည်းလမ်းတကျ လုပ်ကိုင် ဆောင်ရွက်နိုင်ပြီဖြစ်သည့် ယနေ့ အခြေအနေ အချိန်အခါမျိုးတွင် လက်နက်ဆွဲကိုင်ပြီး မိမိတို့ လိုချင်သည်ကို လက်နက်ကိုင် လမ်းစဉ်ဖြင့် ဖော်ဆောင်နေခြင်းသည် ဒီမိုကရေစီ၏ ဆန့်ကျင်ဘက် ဖြစ်နေကြောင်း ပြောဆိုလိုက်သည်။

“လက်နက်ကိုင် လမ်းစဉ်ကို ဖက်တွဲပြီး လူမျိုးစွဲ၊ ဒေသစွဲ ကြီးမားစွာဖြင့် မိမိတို့ရဲ့ ဆန္ဒကိုသာ ဦးစားပေးဖော်ဆောင် ဖန်တီးနေ တာမျိုးတွေဟာ ဒီမိုကရေစီရဲ့ ဆန့်ကျင်ဖက် ဖြစ်နေတယ်ဆိုတာကို အလေးအနက် သတိပြုရမှာ ဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

တပ်ချုပ်က “ကျနော်တို့ အနေနဲ့ တိုင်းရင်းသားများနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များရဲ့ စိုးရိမ်ပူပန်မှုကိုလည်း နားလည်ပါတယ်။ ကျနော်တို့ အားလုံးရဲ့ ဆန္ဒက တိုင်းရင်းသားပြည်သူအားလုံးအတွက် ညီညွှတ်မျှတတဲ့ လူမှုစီးပွားဘ၀ လုံခြုံရေးနဲ့ အာမခံချက် ရရှိရေးဟာ အဓိက ဖြစ်ပါတယ်”ဟု ပြောသော်လည်း “ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များမှာ လိုအပ်သည်ထက်ပိုပြီး အချိန်ကြာလာရင် ဘေးပရောဂတွေ၊ ဝင်ရောက် စွက်ဖက်မှုတွေ၊ ကြိုးကိုင်ခြယ်လှယ်လိုတာတွေ ပိုမိုလာနိုင်ပြီး ရှိရင်းစွဲ ယုံကြည်မှု တည်ဆောက်ပြီးသား အရာများ ပျောက်ပျက်နိုင်ခြင်း၊ ပွတ်တိုက်မှုများ များပြားလာနိုင်ခြင်းကြောင့် ယခုလို အကြံပြု တင်ပြရခြင်း ဖြစ်ပါတယ်”ဟု သတိပေးသည်။

တပ်မတော်အနေနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အောင်မြင်ရန် အစွမ်းကုန် ဆောင်ရွက်သွားမည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကတိပြုခဲ့သော်လည်း “ဖက်ဒရယ်”ဆိုသည့် စကားရပ်ပို သုံးစွဲသွားခဲ့ခြင်း မရှိပေ။

(ထက်နိုင်ဇော်နှင့် နန်းလွင်နှင်းပွင့်တို့ နေပြည်တော်မှ ပူးတွဲရေးသား သတင်းပေးပို့သည်)

Did you find apk for android? You can find new Free Android Games and apps.
Loading