တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) အဖွဲ့မှ ပြောက်ကျား တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်နားမကြား သေဆုံးသွားပြီဖြစ်ကြောင်း DKBA က သြဂုတ်လ ၃၀ ရက်တွင် အတည်ပြုချက် ထုတ်ပြန်သည်ကို တွေ့ရသည်။
DKBA ၏ ထုတ်ပြန်ချက်တွင် လည်ပင်း ပြတ်ရှ ဒဏ်ရာဖြင့် သေဆုံးနေသည့် ဗိုလ်နားမကြား ၏ ဓာတ်ပုံကို ပူးတွဲဖော်ပြ ထားပြီး သေဆုံးမှုအသေးစိတ်ကို နောက်ပိုင်းတွင် တရားဝင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်သွားမည်ဟု ပါရှိသည်။
ဗိုလ်နားမကြား သေဆုံးမှုသည် ကော့ကရိတ်မြို့နယ်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ပြန်ပေးဆွဲထားသော ဆင်ဦးစီး ၅ ဦး အနက်မှ တဦးက ဗိုလ်နားမကြားအား ဓားဖြင့်ခုတ်ရာမှ သေဆုံးသွားခြင်းဖြစ်ကြောင်း DKBA နှင့် နီးစပ်သူ မျက်မြင် သက်သေ တဦးက ပြောသည်။
၎င်း က “သူတို့က ဆင်ဦးစီး ၅ ဦးကို ပြန်ပေးဆွဲထားတာ။ ပထမ ဆင်ဦးစီးတယောက်ကို ပိုက်ဆံ ပြန်တောင်းခိုင်းတယ်။ ပြန်မလာဘူး။ နောက်ထပ် ၂ ယောက်ကို ပိုက်ဆံတောင်းဖို့ ထပ်ပြန်လွှတ်လိုက်တယ်။ ပြန်မလာဘူး။ နောက်ထပ် ဆင်ဦးစီး အသစ်လိုက်ဖမ်းတယ်။ အသစ်လိုက်ဖမ်းတော့ ဆင်ဦးစီးကလည်း ကြောက်ကြောက်လန့်လန့်နဲ့ ဆင်ထိန်းကိုင်တဲ့ ဓားနဲ့ ခုတ် ထည့်လိုက်တာ လည်ပင်းတခုလုံနီးပါး ပြတ်သွားတာ”ဟု ဧရာဝတီသို့ ပြောသည်။
ဗိုလ်နားမကြားကို အစိုးရတပ်မတော်နှင့် ကရင်နယ်ခြားစောင့်တပ် (BGF) များက ဝိုင်း ဝန်း ဖမ်းဆီး သတ်ဖြတ်ပြီးမှ ဆင်ဦးစီး၏ သတ်ဖြတ်ခြင်းခံရကြောင်း သတင်းလွှင့်နေသည်ဟု DKBA နှင့် နီးစပ်သူတချို့၏ စွပ်စွဲ ပြောဆိုမှုများလည်း ရှိနေသည်။
ထို့အပြင် ဗိုလ်နားမကြားအား ပြန်လည်ရရှိရန် ကြိုးစားရင်း DKBA တပ်ဖွဲ့ဝင် ၃ ဦး ထပ်မံ ဆုံးရှုံးခဲ့ရသည် ဟုလည်း သိရ သည်။
DKBA ၏ ထုတ်ပြန်ချက်တွင် ကော့ကရိတ်မြို့နယ်ထဲတွင် တပ်မတော်နှင့် ကရင် နယ်ခြား စောင့်တပ် (BGF) တို့က ၎င်းတို့ အပေါ် နှစ်ဘက်ညှပ်၍ တိုက်ခိုက်မှုများ ပြုလုပ်လျက် ရှိကြောင်း ၎င်းတို့အနေဖြင့်လည်း ပြောက်ကျား စနစ်ဖြင့် ခုခံ တန်ပြန် တိုက်ခိုက်လျက် ရှိကြောင်း ယခုထက်ပို၍ စစ်ရှိန်မြင့်လာပါက ပစ်ခတ်တိုက်ခိုက်မှု အရှိန် ပိုမြင့် လာနိုင်ကြောင်းလည်း ပါရှိ သည်။
ဗိုလ်နားမကြားအဖွဲ့သည် ၂၀၁၅ ခုနှစ်အတွင်းက မြဝတီ-ကော့ကရိတ် အာရှ လမ်းမကြီးဘေးတွင် လှုပ်ရှားပြီး အာရှ လမ်းမ ကြီး ဖွင့်ပွဲမတိုင်ခင် တပ်မတော်၊ BGF ပူးပေါင်းတပ်ဖွဲ့များနှင့် ဗိုလ်နားမကြား အဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားပြီး နေရာ ရွေ့ပြောင်းသွားခြင်း ဖြစ်သည်။
ယခု လဆန်းပိုင်းကလည်း တတန်ကူး ကျေးရွာအနီးတွင် BGF တပ်ဖွဲ့ဝင်များနှင့် ဗိုလ်နားမကြားတို့ အဖွဲ့ကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ထိုတိုက်ပွဲကြောင့် အရပ်သား ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ထို့အပြင် ယခုနှစ် မေလ ၁၁ ရက်နေ့ကလည်း ကော့ကရိတ်မြို့နယ် ပျားပင်ရွာရှိ ဗိုလ်နားမကြား အိမ်ကို တပ်မတော်နှင့် BGF ပူးပေါင်း တပ်ဖွဲ့ဝင်များက သွားရောက် ဝိုင်းထားရာမှ နှစ်ဘက်တိုက်ပွဲ ဖြစ်ပွားခဲ့သေးပြီး ဗိုလ်နားမကြား ထွက်ပြေး လွတ်မြောက် သွားခဲ့သည်။
ယခုနှစ် ဖေဖော်ဝါရီ လပိုင်းကလည်း အာရှလမ်းမကြီးဘက်မှ ဆုတ်ခွာခဲ့သည့် DKBA ဗိုလ်မှူး နားမကြား အဖွဲ့နှင့် BGF ပူးပေါင်း တပ်ဖွဲ့များကြား ပျားပင်ရွာနှင့် ကောင်းမှု ရွာဘက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရာနှင့်ချီသည့် ဒေသခံများ ဘေးလွတ် ရာသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရကြောင်း သိရသည်။