ကုလသမဂ္ဂသည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ခိုင်ခိုင်မြဲမြဲ ထောက်ခံခဲ့သည့် မိတ်ဖက် ဖြစ်သည်ဟု ကုသလမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ယနေ့ နေပြည်တော်၌ စတင်ကျင်းပခဲ့သော ၂၁ ရာစု ပင်လုံညီလာခံတွင် ပြောကြားလိုက်သည်။
“ရှည်လျားတဲ့ ပြည်တွင်းစစ်ကြောင့် အသက်ပေါင်းမြောက်များစွာ ဆုံးရှုံးခဲ့ရပြီး မျိုးဆက်တွေ တဆက်ပြီးတဆက် သူတို့ရဲ့ ဂုဏ်သိက္ခာ၊ ငြိမ်းချမ်းမှုနဲ့ ပုံမှန်ဘဝတွေ ဆုံးရှုံးခဲ့ရပါတယ်။ သင်တို့ရဲ့ ကွဲပြားခြားနားမှုတွေ အတွက် စစ်ရေးအရ အဖြေ မရှိဘူးဆိုတာ အခုဆိုရင် ရှင်းလင်းလာပါပြီ။ ဒီအမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်မှာ ပါဝင်တဲ့ အဖွဲ့အစည်းတွေ အနေနဲ့ ရည်ရွည်ထားတာတွေ အားလုံးရရှိဖို့ မမျှော်လင့်နိုင်ဘူးဆိုတာကို လက်ခံကြဖို့ ကျနော်တိုက်တွန်းပါတယ်။ အပြန် အလှန်အားဖြင့် တကယ်လို့ ဒီလုပ်ငန်းစဉ်က အောင်မြင်ခဲ့ရင် ဘက်အားလုံးမှာ အောင်မြင်မှု တစုံတရာ ရရှိရပါမယ်” ဟု သူကဆိုသည်။
ညီလာခံကျင်းပခြင်းက သမိုင်းဝင် အသွင်ကူးပြောင်းမှုတခု ဖြစ်ပြီး ကုလသမဂ္ဂအနေဖြင့်လည်း ကွဲပြားမှုများ ချောမွေ့လာစေရန်၊ တင်းမာမှုများ လျော့ကျလာစေရန်၊ အဖွဲ့အစည်း အသီးသီး အနေဖြင့် ပိုမို နားလည်မှု ရရှိရေးအတွက် ရှေ့ဆက် သွားနိုင်စေရန် နှင့် ကုလသမဂ္ဂ ပဋိညာဉ် စာတမ်း၏ တန်ဖိုးများ၊ ဦးတည်ချက်များနှင့် အညီ ဆွေးနွေးမှုများ ပေါ်ပေါက် လာစေရန် ကုလသမဂ္ဂက ဆက်လက် အားထုတ်သွားမည် ဟု ဘန်ကီမွန်းက ပြောသည်။
ပြီးခဲ့သည့် နှစ်က တနိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (NCA) အတွက် ကွဲပြားသော ဦးတည်ချက်များ ရှိသည့် ကွဲပြားခြားနားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အတူတကွ စုဝေး၍ တဖွဲ့ တစည်းတည်း ညှိနှိုင်းဆွေးနွေးခဲ့ကြသည့်အတွက် သူ့အနေဖြင့် အားတက်ခဲ့ရကြောင်းလည်း ပြောသည်။
အစိုးရသစ်က အားလုံးပိုမို ပါဝင်လာနိုင်စေရန် အားထုတ်ခဲ့ပြီး ပင်လုံ ညီလာခံက အဆိုပါ အားထုတ်မှုများ၏ ရလဒ် ဖြစ်သည် ဟုလည်း ဘန်ကီမွန်းက ပြောသည်။
၂၁ ရာစု ပင်လုံ ညီလာခံကို ကြိုဆိုကြောင်းလည်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးက ကြေညာချက် ထုတ်ပြန်လိုက်သည်။ အပြန်အလှန် ဆွေးနွေးမှုတွင် ပါဝင်ရန် ဆန္ဒရှိကြသော ညီလာခံ တက်ရောက်သူများကို ချီးကျူးကြောင်း၊ ပြည်တွင်း ပဋိပက္ခများ အဆုံးသတ်ရေး၊ အမြင်မတူမှုများကို ထုတ်ဖော်ပြောဆိုကြကာ ယုံကြည်မှုဖြင့် ပါဝင်ဆောင်ရွက်နေကြသူများကို ထောက်ခံအားပေးကြောင်း အမေရိကန် သံရုံး၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။
၄ ရက်ကြာကျင်းပမည့် သမိုင်းဝင် ပင်လုံ ညီလာခံသို့ အစိုးရ၊ လွှတ်တော်၊ စစ်တပ်၊ ဖိတ်ကြားခံရသော နိုင်ငံရေး ပါတီ များ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ လက်နက်ကိုင် မဟုတ်သည့် အဖွဲ့အစည်းများ နှင့် အရပ်ဖက် အဖွဲ့အစည်း များမှ ကိုယ်စားလှယ်များ စုစုပေါင်း ၁၆၀၀ ခန့် တက်ရောက်နေပါသည်။