ကရင် တိုင်းရင်းသား နိုင်ငံရေးပါတီ ၅ ပါတီ ပေါင်းစည်းရေးအတွက် အခြေခံနိုင်ငံရေးမူဝါဒ သဘောတူညီမှု ရရှိပြီး ၅၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ကရင်နိုင်ငံရေး ပါတီများ ပေါင်းစည်းမှု အခြေအနေနှင့် ပတ်သက်ပြီး ဖလုံ – စဝေါ် ဒီမိုကရက်တစ်ပါတီ (PSDP) ဒု ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက “ကျနော်တို့အားလုံး အခြေခံနိုင်ငံရေးမူဝါဒ သဘောတူညီမှု ရရှိထားပြီး ဖြစ်ကြောင်းကို သြဂုတ်လ ထဲမှာပဲ သဘောထား ကြေညာချက် ထုတ်ပြန်နိုင်ခဲ့တယ်။ အဒီတော့ ပေါင်းစည်းနိုင်ရေးက ၅၀ ရာခိုင်နှုန်းလောက် ခရီး ရောက်သွားပြီ”ဟု ဧရာဝတီကို ပြောသည်။
တပါတီတည်းအဖြစ် ပေါင်းစည်းမည့် ကရင်ပါတီများမှာ ကရင်ပြည်သူ့ ပါတီ (KPP)၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ် ပါတီ (PSDP)၊ ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး ပါတီ (KSDDP)၊ ကရင် အမျိုးသား ပါတီ (KNP)၊ ကရင် ဒီမိုကရက်တစ် ပါတီ (KDP)တို့ ဖြစ်ကြသည်။
ထိုသို့ ပေါင်းစည်းရန်အတွက် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ ကျင်းပပြီးနောက်ပိုင်း ဒီဇင်ဘာလအတွင်းက စတင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ကရင် တိုင်းရင်းသား ပါတီများ ပေါင်းစည်းရေးအတွက် အခြေခံမူဝါဒ အချက်ပေါင်း ၂၀ ရှိသည့်အနက် အဓိက အရေး အကြီးဆုံး ဖြစ်သည့် အမျိုးသား ပြည်နယ်များနှင့် ဖွဲ့စည်းထားသည့် စစ်မှန်သော ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု ဟူသော စကားလုံး အသုံးအနှုန်းကို အကြေအလည် ဆွေးနွေးခဲ့ရကြောင်း ကရင် အမျိုးသား ပါတီ (KNP) အတွင်းရေးမှူး (၁) မန်းမြင့်စိုးက ရှင်းပြသည်။
“ပညာရေးတို့၊ စီးပွားရေး၊ လူမှုရေး ကိစ္စတွေက ဘာမှအငြင်းမပွားရဘူး။ အငြင်းပွားရတာက ဒီဖက်ဒရယ် ပြည်ထောင်စုနဲ့ ပတ်သက်ပြီး စကားလုံး အသုံးအနှုန်းပေါ့။ အဲဒါပဲ အငြင်းပွားပြီးတော့ ပြောခဲ့ရတယ်။ အခုတော့ အမျိုးသားပြည်နယ်များနဲ့ ဖွဲ့စည်းထားတဲ့ စစ်မှန်သည့် ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု ဆိုတဲ့ စကားလုံးပဲ သုံးမယ်ဆိုပြီး သဘောတူညီမှု ရသွားပြီ”ဟု ၎င်းက ဆက်ပြောသည်။
သြဂုတ် ၂၆၊ ၂၇ ရက်တွင် ရန်ကုန်၌ ပြုလုပ်ခဲ့သည့် ကရင်အမျိုးသား စည်းလုံးရေးနှင့် ငြိမ်းချမ်းရေး ကော်မတီ(KUPC) အစည်းအဝေးအပြီးတွင် ထိုသို့သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်ပြီး ယခုနေပြည်တော်တွင် ကျင်းပနေသည့် ၂၁ ရာစု ပင်လုံ ညီလာခံတွင် ကရင်အမျိုးသားအားလုံး ကိုယ်စားပြု စာတမ်းတစောင် တင်သွင်းရန် စီစဉ်ထားသည်ဟု မန်းမြင့်စိုးက ပြောဆိုသည်။
KUPC တွင် ကရင်နိုင်ငံရေး ပါတီ ၅ ပါတီ၊ ကရင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဖြစ်သည့် ကရင် အမျိုးသား အစည်းအရုံး (KNU)၊ ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော် (DKBA)၊ ကရင် လူမှုအသင်းအဖွဲ့များ နှင့် တတ်သိပညာရှင်များ ပါဝင်ကြသည်။
၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲ၌ ကရင်ပြည်နယ် အတွင်းရှိ လွှတ်တော် အသီးသီး ရှိမဲဆန္ဒနယ်များတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ပါတီက မဲဆန္ဒနယ်ပေါင်း ၂၉ နေရာဖြင့် အများဆုံး အနိုင်ရရှိခဲ့ပြီး ကရင်နိုင်ငံရေး ပါတီများတွင် ကရင်ပြည်သူ့ ပါတီ(KPP) တပါတီသာ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် တနေရာ အနိုင်ရရှိခဲ့သည်။