ပြည်သူတွေ ရွေးကောက်ထားတဲ့ အစိုးရက ဦးစီးပြီး အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးအတွက် ကျင်းပတဲ့ ၂၁ ရာစုပင်လုံ၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို ယမန်နေ့က စတင်ပြီး နေပြည်တော်မှာ ကျင်းပနေပါတယ်။ ဒီညီလာခံမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များနဲ့ နိုင်ငံရေးအင်အားစုတွေက ဖက်ဒရယ်ပြည်ထောင်စုကို သွားကြမယ်လို့ တညီတညွတ်တည်း ပြောဆိုနေပေမယ့် တဖက်မှာတော့ တပ်မတော်နဲ့ ညှိနှိုင်းရဦးမယ်လို့ တိုင်းရင်းသားခေါင်းဆောင် တချို့က ပြောဆိုနေကြပါတယ်။
၂၁ ရာစု ပင်လုံညီလာခံရဲ့ အခြေအနေ၊ အစိုးရ၊ တပ်မတော်နဲ့ ဆွေးနွေးရတဲ့ တိုင်းရင်းသားတွေရဲ့ အခြေအနေ၊ သုံးသပ်ချက်ဆိုင်ရာ ကိစ္စရပ်တွေအပေါ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) နဲ့ မွန်ပြည်သစ်ပါတီ (NMSP) ဒုဥက္ကဋ္ဌ နိုင်ဟံသာကို ဧရာဝတီ အကြီးတန်းသတင်းထောက် နန်းလွင်နှင်းပွင့်က မေးမြန်းထားပါတယ်။
မေး။ ။ ၂၁ ပင်လုံညီလာခံ ပထမရက်မှာ ဘာတွေများလုပ်ဆောင် ဖြစ်ပါလဲ ။
ဖြေ။ ။ မနက်ပိုင်းမှာတော့ အဖွင့်ပုံစံနဲ့ စကားပြောသွားတယ်။ သူ့အမြင် သူ့သဘောထားတွေကိုပေါ့။ ပြီးတော့ ညနေပိုင်းမှာ သက်ဆိုင်ရာ ကော်မတီတွေက သူတို့ရဲ့လုပ်ငန်းစဉ်တွေကို တင်ပြတယ်။ အဲဒီလောက်ပါပဲ ။
မေး။ ။ အမျိုးသားအဆင့် ဆွေးနွေးပွဲဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးဖြစ်တယ်ဆိုတာမှာ ဘယ်လိုအခြေအနေ ရှိပါလဲ ။
ဖြေ။ ။ အဲဒါကတော့ အကျယ် မဆွေးနွေးကြဘူး။ သဘောကတော့ နောက်တကြိမ် ညီလာခံကြီး မကျင်းပမီ ကြားကာလမှာ သူ့သက်ဆိုင်ရာ အလိုက် အမျိုးသားအဆင့် ဆွေးနွေးပွဲတွေ ကျင်းပဖို့ဆိုတာပဲ ပြောပြသွားပါတယ်။ ဘာခေါင်းစဉ်ကို ဆွေးနွေးမယ်ဆိုတာတွေ ဘာမှ မဆွေးနွေးဖြစ်ဘူး။
မေး။ ။ NCA လက်မှတ် မထိုးထားသေးတဲ့ အဖွဲ့တွေက ပထမအကြိမ် ညီလာခံကို တက်ကြပြီ။ နိုင်ငံတော် အတိုင်ပင်ခံက အားလုံး NCA လမ်းကြောင်းကို ဖြတ်ကြရမယ်လို့ ပြောဆိုခဲ့တော့ NCA ထိုးဖို့ ဘယ်လို ဆောင်ရွက်ကြပါမလဲ ။
ဖြေ။ ။ အဲဒါက အဓိကအားဖြင့် ဆွေးနွေးဖို့ ရှိပါသေးတယ်။ ဘာတွေဆွေးနွေးမလဲဆိုတော့ နိုင်ငံရေး ဆွေးနွေးရေး မူဘောင်ကို ပြန်ညှိရမယ်။ အဲဒီလိုညှိနေတဲ့ကာလမှာ အားလုံးပါဝင်နိုင်ရေးကို ကျနော်တို့ ကြိုးစားမယ်။ ပြီးတော့မှ ဆက်ဆွေးနွေးဖို့ ရည်ရွယ်ထားပါတယ်။
မေး။ ။ အားလုံးပါဝင်မှ NCA ကို ရေးထိုးမယ်ဆိုတဲ့ သဘောလား။
ဖြေ။ ။ ကျနော်တို့ ကြိုးစားရမယ် အားလုံးပါဝင်နိုင်ရေးကိုပေါ့။ ကျန်နေတဲ့ အဖွဲ့တွေကိုလည်း ပါဝင်လာအောင် တဖက်က ကြိုးစားနေတယ်။ ကျနော်တို့ မြင်တာကတော့ ၃၊ ၄ ဖွဲ့ကို ချန်ထားရင် နိုင်ငံက စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ဘယ်လိုမှ မတည်ဆောက်နိုင်ဘူး။ ရိုးသားတဲ့ စေတနာနဲ့ တနိုင်ငံလုံးကို အေးချမ်းစေချင်တယ် ဆိုရင်တော့ သူတို့ ပါဝင်လာနိုင်အောင် ဆွဲခေါ်တွဲခေါ်ရမှာပဲ။
မေး။ ။ ဒါဆို UNFC က တဖက်မှာလည်း နိုင်ငံရေး ဆွေးနွေးဖို့ပြင်ရင်း တဖက်မှာလည်း NCA ထိုးနိုင်ဖို့ အားလုံးပါဝင်ရေးကို လုပ်မယ်။ တပြိုင်တည်း လုပ်မယ်ဆိုတဲ့ သဘောလား။
ဖြေ။ ။ ဟုတ်တယ်။ အဲဒီလို သဘောမျိုး ဟုတ်ပါတယ်။
မေး။ ။ ပင်လုံက ငြိမ်းချမ်းရေး ဆွေးနွေးလာတဲ့ သက်တမ်းမှာ ပြည်သူတွေ ရွေးကောက်ထားတဲ့ အစိုးရက ကျင်းပပေးတာဆိုတော့ အရင်နဲ့မတူတာ ဘာတွေကိုများ မျှော်လင့်လို့ရနိုင်မလဲ။
ဖြေ။ ။ ကျနော် သုံးသပ်ချက်က လက်ရှိ NLD အစိုးရအနေနဲ့ တိုင်းရင်းသားတွေရဲ့ နစ်နာချက်တွေကို သူတို့ နားလည်တယ်။ တိုင်းရင်းသားတွေရဲ့ လိုလားချက်ကို သူတို့နားလည်တယ်။ ၁၉၉၀ ရွေးကောက်ပွဲကတည်းက တိုင်းရင်းသား အင်အားစုတွေနဲ့ နိုင်ငံရေးပါတီ အင်အားစုတွေနဲ့ လက်တွဲလှုပ်ရှားခဲ့တယ်။ နောက်ဆုံး လွှတ်တော် ကိုယ်စားပြု ကော်မတီတွေဖွဲ့ပြီး လှုပ်ရှားခဲ့တယ်။ အကြာကြီးပေါ့။ တိုင်းရင်းသားတွေရဲ့ လိုလားချက် ၊ တောင်းဆိုချက်၊ ဖက်ဒရယ်မူကို ဒေါ်အောင်ဆန်းစုကြည်က နဂိုတည်းက သဘောတူလက်ခံထားတာ ဖြစ်တယ်။
လက်ရှိ အနေအထားမှာလည်း နိုင်ငံကို အခုလို မတည်ဆောက်ဘူးဆိုရင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ဘယ်လိုမှ မတည်ဆောက်နိုင်ဘူး။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို မတည်ဆောက်နိုင်ရင် ပြည်တွင်းစစ်ကို ဘယ်လိုမှ ရပ်တန့်အောင် မလုပ်နိုင်ဘူး။ ဒါမလုပ်နိုင်ရင်တော့ နိုင်ငံမှာ ဒီမိုကရေစီလည်း ဖြစ်ပေါ်မလာနိုင်ဘူး။ ဖွံ့ဖြိုးတိုးတက်မှုလည်း ဘာမှဖြစ်မလာနိုင်ဘူး။ သဘောကတော့ ရှောင်လွဲလို့ မရဘူးလေ။ သွားကို သွားရမယ့် လမ်းစဉ်ပါ။
မေး။ ။ တပ်မတော်ကရော တိုင်းရင်းသားတွေအပေါ် ဘယ်လို သဘောထားရှိတယ်လို့ သုံးသပ်နိုင်လဲ။
ဖြေ။ ။ တပ်မတော်ဘက်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသွားတယ်။ အစိုးရအနေနဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ် ချီတက်နေပြီ။ ဒီမိုကရေစီအခွင့်အရေးတွေ ပေးနေပြီ။ အဲဒီလို အခြေအနေမျိုးမှာ လက်နက်ကိုင် တိုက်ပွဲကို ဦးစားမပေးသင့်တော့ဘူးလို့ သူကပြောတယ်။ ဒါက သူ့အမြင်သူ့အပိုင်းပေါ့ ။ ဒါက သူပြောတာပါ။ ကျနော်တို့ မြင်တာက လက်ရှိ မြန်မာ့တပ်မတော်က ဒီမိုကရေစီစနစ်နဲ့ ကိုက်ညီတဲ့ပုံစံမျိုးကို လက်မခံနိုင်သေးဘူးလို့ ကျနော်တို့ မြင်တယ်။
မေး။ ။ ဒါဆိုရင် ဖက်ဒရယ်စနစ် သွားဖို့ခရီးမှာ တပ်မတော်နဲ့ ညှိနှိုင်းရဦးမယ်လို့ ဆိုလိုတာပါလား။
ဖြေ။ ။ အေးလေ။ ကျနော်တို့ မြင်တာက သမ္မတ ဦးသိန်းစိန် လက်ထက်ကတည်းကိုက ဖက်ဒရယ်ကို လက်ခံပြီးတော့ ဖက်ဒရယ်ကို မတည်ဆောက်ရင် မဖြစ်ဘူးလို့ ပြောလာတယ်နော်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD လက်ထက်မှာလည်း အထပ်ထပ်အခါခါပဲ ပြောနေပါတယ်။ ဒီနေ့ဆိုရင်တော့ နိုင်ငံရေးပါတီတိုင်းက ဖက်ဒရယ်စနစ်ကို ဦးတည်ပြီးတော့ အကောင်အထည်ဖော်ရမယ်လို့ သဘောထားတွေ ပေးနေကြပြီ။
အဲဒီလို အနေအထားမျိုးမှာ တပ်မတော်က ကျနော်တို့ကိုမြင်တာက ဟိုး ၁၉၆၂ ခုနှစ် ၊ ဗိုလ်ချုပ်နေဝင်း အာဏာသိမ်း ကတည်းက ဖက်ဒရယ်ဆိုရင် ဒါကနိုင်ငံကို ပြိုကွဲအောင်လုပ်တာ ၊ နိုင်ငံကို ပြိုကွဲဖို့ထွင်တာပဲ၊ လမ်းကြောင်း ရှာတာပဲဆိုပြီး သိက္ခာချခဲ့တယ်။ တပ်မတော် ခေါင်းဆောင်တွေမှာ ဒီအမြင်တွေ ရှိနေသေးတယ်။ ဒါ့ကြောင့် ဖက်ဒရယ်ကို သူတို့လက်မခံချင်တာပါ။ ဒီလောက်ကတော့ ကျနော်တို့ နားလည်ပါတယ်။
မေး။ ။ ဖက်ဒရယ်စနစ်ကို သွားကြရအောင်လို့ အစိုးရဘက်က မကြာခဏ ပြောနေပါတယ်။ ဒါဆို ဖက်ဒရယ်စနစ်ကို သွားဖို့ တပ်မတော်နဲ့ ညှိယူရဦးမှာလား။ သုံးသပ်ပေးပါရှင့်။
ဖြေ။ ။ ဒါက လာမယ့်နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရော နိုင်ငံရေး ပါတီတွေရော လက်ရှိအစိုးရကရော ဒီအုပ်စုတွေက ဖက်ဒရယ်စနစ်ကို မတည်ဆောက်ရင် မရတော့ဘူး ။ ဘယ်လိုမှ ဒီအခက်အခဲပြဿနာကို မကျော်လွှားနိုင်ဘူး ဆိုတဲ့ဟာကို အားလုံးလက်ခံနေပြီလေ။ အဲဒီတော့ တပ်မတော်အနေနဲ့ နားလည်အောင်က ဝိုင်းပြီးတော့ ဆွေးနွေးသွားရမှာပါ။ အစိုးရဘက်ကလည်း တပ်မတော်နဲ့ အနီးကပ် ပူးပေါင်းနေတဲ့ အနေအထားရှိတယ်။ အစိုးရဘက်က တွဲခေါ်သွားမယ်လို့ ကျနော်တို့ မြင်တယ်။