ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစု ပင်လုံတွင် တန်းတူဆွေးနွေခွင့် မရဟုဆိုကာ “ဝ” အဖွဲ့ (UWSA) က ညီလာခံ ကျင်းပရေး ကော်မတီသို့ အကြောင်းကြားကာ ပြန်လည် ထွက်ခွာသွားကြောင်း သတင်းရရှိသည်။
ယင်းအဖွဲ့နှင့် နီးစပ်သူ ၀ အမျိုးသား အဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး တာညီလူက “ဒီလို တန်းတူညီမျှမှု မရှိတဲ့ အခါ သူတို့ ဗဟိုကို ပြန်တင်ပြတယ်။ ပြန်တင်ပြပြီးတော့ မတက်ချင်တော့ဘူးဆိုပြီး ပြန်သွားတယ်။ အခုက လေ့လာသူအဆင့်ပဲ ပေးထားတော့ သူတို့ရဲ့ ခံစားချက်က တမျိုးပဲ ဖြစ်သွားတာပေါ့”ဟု ဧရာဝတီသို့ ပြောသည်။
အစိုးရဘက်ကမူ ညီလာခံ ကျင်းပရေး ကော်မတီဝင် ဦးခင်ဇော်ဦးက ယခုကိစ္စသည် နားလွဲမှု လွဲမှားခြင်းသာ ဖြစ်ပြီး ပြန်လည် ညှိနှိုင်းသွားမည်ဟု မီဒီယာများသို့ ပြောသည်။
“ကျနော်တို့ အခု ဟိုတယ်ကို သွားကြည့်မယ်။ တွေ့ရင် ဆွေးနွေးမယ်”ဟု ဦးခင်ဇော်ဦးက ပြောသည်။
၀ အဖွဲ့သည် နေပြည်တော်သို့ ရောက်ရှိစဉ်ကတည်းက အစိုးရဘက်သို့ တရားဝင် ဆက်သွယ်ခြင်း မရှိခဲ့ကြောင်း၊ ပွဲစီစဉ်သူများ အနေဖြင့် လူပေါင်း ၁၆၀၀ ခန့်ကို စီမံခန့်ခွဲရခြင်း ဖြစ်ကြောင်း ဦးခင်ဇော်ဦးက ပြောသည်။
ညီလာခံ ပူးတွဲကျင်းပရေး ကော်မတီဝင် ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက “နားလည်မှု လွဲတာ ဖြစ်ပါ တယ်။ သူတို့က လေ့လာသူ မဟုတ်ပါဘူး။ လောလောဆယ် ဝင်လို့ရအောင် လေ့လာသူကတ် ထုတ်ပေး ထားတာ။ သူတို့ အခု မပြန်သေးဘူးလို့ ကြားပါတယ်။ သွားပြီးတော့ တောင်းပန်ပါ့မယ်”ဟု မီဒီယာများသို့ ပြောသည်။