ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အဖွဲ့ဝင်များ ၂၁ ရာစု ပင်လုံ ညီလာခံကို တက် ရောက်ပြီး အစိုးရနှင့် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပနိုင်ရန် ပြင်ဆင်နေပြီ ဖြစ်သော်လည်း တနိုင်ငံလုံး ပစ်ခတ် တိုက် ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကိုမူ မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ ပါဝင်မှ လက်မှတ်ထိုးရန် သဘောထား ရှိ သည်ဟု သိရသည်။
UNFC မှ NCA ချုပ်ဆိုထားခြင်း မရှိသည့် တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့သည် ညီလာခံသို့ တက်ရောက်ပြီး နိုင်ငံ ရေး ဆွေးနွေးပွဲများတွင် ပါဝင်နိုင်ရန် ပြင်ဆင်မှုများ ပြုလုပ်နေပြီဖြစ်သော်လည်း အစိုးရနှင့် ညှိနှိုင်းဆဲဖြစ်သည့် မြောက် ပိုင်း မဟာမိတ် ၃ ဖွဲ့ ဖြစ်သော မြန်မာအမျိုးသား ဒီမို ကရေစီ မဟာမိတ် တပ်မတော ်- ကိုးကန့်အဖွဲ့ (MNDAA) ၊ ပလောင် (တအာန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ရက္ခိုင့် တပ်မတော် (AA) တို့ ပါဝင်လာ ချိန် မှ အတူတကွ NCA လက်မှတ် ထိုးမည်ဟု UNFC ဒု ဥက္ကဋ္ဌ နိုင်ဟံသာက ဧရာဝတီကို ပြောသည်။
နိုင်ဟံသာက “၃ ၊ ၄ ဖွဲ့ကို ချန်ထားရင် ကျနော်တို့နိုင်ငံက စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ဘယ်လိုမှ မတည် ဆောက်နိုင် ဘူး။ ရိုးသားတဲ့ စေတနာနဲ့ တနိုင်ငံလုံးကို အေးချမ်းချင်ရင်တော့ သူတို့ကို ပါဝင်လာအောင်တော့ တွဲခေါ်ရမှာပဲ”ဟု ပြော သည်။
နိုင်ဟံသာက တဖက်တွင်လည်း နိုင်ငံရေးဆွေးနွေးနိုင်ရန် ပြင်ဆင်ပြီး တဖက်တွင်လည်း အဖွဲ့အားလုံးပါဝင်၍ NCA လက် မှတ် ထိုးနိုင်ရန် တပြိုင်တည်း လုပ်ဆောင်သွားမည် ဟုလည်း ပြောဆိုသည်။
UNFC မှ NCA လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် ၇ဖွဲ့ မှာ ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ၊ ရှမ်းပြည် တိုးတက်ရေး ပါတီ/ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSPP/SSA) ၊ မွန် ပြည်သစ် ပါတီ (NMSP) ၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) ၊ ‘ဝ’ အမျိုးသား အဖွဲ့အစည်း (WNO) ၊ ရခိုင်ပြည် အမျိုးသား ကောင်စီ (ANC) နှင့် လားဟူ အမျိုးသား ဒီမိုကရက်တစ် ပါတီ (LDU) တို့ ဖြစ်သည်။
အဆိုပါ UNFC အဖွဲ့ဝင်များသည် သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက် ကလည်း MNDAA ၊ TNLA နှင့် AA တို့ကို အစိုးရက ချန်လှပ်ထားခဲ့သဖြင့် NCA လက်မှတ် မထိုးခဲ့ကြပါ။
မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ ကို တပ်မတော်က “လက်နက်ကိုင် လမ်းစဉ်ကို အပြီးတိုင် စွန့်လွှတ်မည်”ဟူသည့် စာသား ပါ ကြေညာချက် ထုတ်ပြန်ပေးမှ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်ရမည်ဟု ပြောဆိုထားသဖြင့် ညှိနှိုင်းမရဘဲ မပါဝင် နိုင်ခြင်း ဖြစ်သည်။
နိုင်ငံရေး ဆွေးနွေးပွဲများတွင် NCA ပါအချက်အလက်များအရ အကောင်အထည် ဖော်နေခြင်း ဖြစ်သဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် NCA ရေးထိုးပြီးပါမှသာလျှင် နိုင်ငံရေးဆွေးနွေးပွဲများတွင် ပါဝင်ခွင့်ရမည် ဖြစ်သည်။
ထို့ကြောင့် NCA လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသား အဖွဲ့များသည် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပရေး၊ ပြင်ဆင် ရေးများတွင် ပါဝင် လုပ်ဆောင်နေပြီ ဖြစ်သော်လည်း နိုင်ငံရေးဆွေးနွေးပွဲ မတိုင်ခင် NCAကို လက်မှတ်ထိုးကြရမည် ဖြစ်သည်။
နိုင်ငံတောာ်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကလည်း သြဂုတ်လ ၃၁ရက်က ၂၁ ရာစု ပင်လုံ ညီလာခံ အဖွင့် မိန့်ခွန်းတွင် NCA ဆိုသည်မှာ ငြိမ်းချမ်းရေး အတွက်သာမက ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက် ရေးအတွက် ပထမခြေလှမ်း ဖြစ်ကြောင်း ပြောဆိုထားသည်။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်က “နိုင်ငံရေး ဆွေးနွေးပွဲတွေ ဆက်ပြီး ပြုလုပ်တဲ့အခါ NCA ကို အခြေခံပြီး ဆောင် ရွက် သွားရမှာဖြစ်တဲ့အတွက် ကျမတို့ အစိုးရသစ် လက်ထက်မှာ NCA လက်မှတ်ထိုးဖို့ ကျန်နေတဲ့ အဖွဲ့တွေ ပါဝင်လာ နိုင်အောင် အထူးအလေးထားပြီး ဆောင်ရွက်လျက်ရှိပါတယ်”ဟုလည်း ဆိုထားသည်။
လက်ရှိတွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြား နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရန် ပြင်ဆင် လျက်ရှိကြောင်း သိရသည်။
အဆိုပါ နိုင်ငံရေး ဆွေးနွေးပွဲအတွက် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ကိုလည်း ပြန်လည် သုံးသပ်နေဆဲ ဖြစ်သည် ဟု ဆိုသည်။
သြဂုတ်လ ၃၁ ရက်မှ စတင်ကျင်းပနေသည့် ၂၁ ရာစုပင်လုံ ညီလာခံသည် စက်တင်ဘာလ ၄ ရက်အထိ နေပြည်တော် ၌ ကျင်းပမည် ဖြစ်သည်။
၂၁ ရာစု ပင်လုံညီလာခံသည် ဆွေးနွေးအဖြေရှာမည် မဟုတ်ဘဲ သဘောထားများ တင်ပြမည့် ညီလာခံ သက်သက် သာ ဖြစ်ကြောင်း သိရသည်။
ညီလာခံတွင် အစိုးရဘက်မှ တိုင်းရင်းသား ကိုယ်စားလှယ်များကို နေရာထိုင်ခင်း ချထားပေးမှု နှင့် ပတ်သက်၍ ဝေဖန် မှု များလည်း ရှိနေသည်။
ယနေ့ နံနက်တွင် ‘ဝ’ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)မှ ကိုယ်စားလှယ်များကို ညီလာခံ ဝင်ခွင့် ကတ် ပေးရာတွင် တိုင်းရင်းသား ကိုယ်စားလှယ်ကတ်များ မပေးဘဲ လေ့လာသူကတ်သာ အစိုးရက ပေးခဲ့သဖြင့် UWSA ကိုယ်စားလှယ်များက ညီလာခံကို ဆက်မတက်ဘဲ နေရပ်သို့ ပြန်သွားကြသည်။