ခန္တီးမြို့ရှိ အကျဉ်ထောင်းအတွင်း အရေးယူဖမ်းဆီးထားသည့် အကျဉ်သား ၁၀၀ ဦးလျှင် ၈၀ ဦးမှာ မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံထားရသူများဖြစ်ကြောင်း သိရသည်။
ခန္တီးခရိုင် အုပ်ချုပ်ရေးမှုး ဦးဇော်ဇော်က “မူးယစ်တပ်စုကလည်း ဟုမ္မလင်းမှာပဲ အခြေစိုက်တာကြောင့် ဖမ်းဆီးရေး အင်အားက အရမ်းနည်းတယ်။ ခန္တီးထောင်မှာဆို အကျဉ်းသားအယောက် ၁၀၀ မှာ ၈၀ လောက်က မူးယစ်မှုနဲ့ ကျတဲ့သူချည်းပဲ” ဟု ဧရာဝတီကို ပြောသည်။
ခန္တီးမြို့နယ်သည် အိန္ဒိယနယ်စပ်ဝင်ပေါက် တမူးမြို့နှင့် လည်းကောင်း၊ ကချင်ပြည်နယ်သို့ ဆက်သွယ်သွားလာသည့် လမ်းကြောင်းများဖြင့် ဆက်စပ်နေသည့်မြို့နယ်ဖြစ်ပြီး၊ ကုန်းလမ်း၊ရေလမ်းစသည့် လမ်းကြောင်းမျိုးစုံဖြင့် မူးယစ်ဆေးဝါးများ ၀င်ရောက်လျက်ရှိနေရာ စိစစ်ဖမ်းဆီးနိုင်ရန် အခက်အခဲရှိနေကြောင်း ဦးဇော်ဇော်က ဆက်ပြောသည်။
ထို့အပြင် လက်ရှိနယ်မြေ အခြေအနေအရ ခန္တီးမြို့နယ်တွင် မူးယစ်နှိမ်နှင်းရေးတပ်စု ထားရှိခြင်းမရှိဘဲ ဟုမ္မလင်းမြို့နယ်တွင်သာ အခြေစိုက်သဖြင့် မူးယစ်တားဆီးနှိမ်နင်းရေး အင်အားနည်းပါးနေသဖြင့် ယခင်ကထက် မူးယစ်ဆေးဝါးသုံးစွဲသူ ပိုမိုများလာပြီး မူးယစ်ဆေးဝါးအမှု ပိုမြင့်တက်လာကြောင်း ၎င်းက ဆက်ပြောသည်။
စစ်ဆေးတွေ့ရှိချက်များအရ ခန္တီးမြို့နယ်အတွင်း မူးယစ်ဆေးဝါး ရောင်းချသည့်ပုံစံသည် ယခင်က ကြုတ်တကြုတ်လျှင် ငွေကျပ် ၁ သောင်းနှုန်းဖြင့် ရောင်းချခဲ့ကြောင်းနှင့် ယခုနောက်ပိုင်း၌ ၅၀၀ ကျပ်ဖိုး၊ ၁၀၀၀ ကျပ်ဖိုး စသည့် လက်လီရောင်းချသည့် ပုံစံမျိုးဖြင့် ရောင်းဝယ်မှုပြုကြလာသဖြင့် လူငယ်များအကြား မူးယစ်ဆေးဝါးကို တွင်တွင်ကျယ်ကျယ် သုံးစွဲနေသည်ကို တွေ့ရကြောင်း ခန္တီးမြို့နယ်အခြေစိုက် “စေတနာဝန်ထမ်း” မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ခေါင်းဆောင် ဦးမင်းဆွေက ပြောသည်။
“မူးယစ်ဆေးဝါးသုံးစွဲတာ ၁၈ နှစ်အထက် လူငယ်တွေ များတယ်။ ငွေကြေးတတ်နိုင်တဲ့သူတွေရဲ့ သားသမီးတွေကို ပစ်မှတ်လုပ်ပြီး ရောင်းချလာတာကို တွေ့ရတယ်။ ဒါကြောင့် ရောင်းတဲ့သူကို အဓိကထားပြီး ဖမ်းဆီးတော့ မကျေနပ်တဲ့ အသိုင်းအဝိုင်းတွေ ရှိတယ်။ တချို့ဆို မိုက်မိုက်ကန်းကန်းနဲ့ ဓားနဲ့လာရမ်းတာတွေတောင် ရှိတယ်” ဟု ၄င်းက ဆိုသည်။
မူးယစ်လက်ကြီးဒိုင်များကို ဖမ်းဆီးရမိနိုင်ရန် ခက်ခဲနေပြီး၊ လက်လီရောင်းချသူများက ဖုန်းဖြင့်လည်းကောင်း၊ အသွားအလာကြဲသည့်လမ်းများ၌ပါ ရောင်းချနေကြသဖြင့် အဆက်အစပ်ဖြင့် ဖမ်းနိုင်ရန် ခက်ခဲနေကြောင်း ဦးမင်းဆွေက ပြောသည်။
ခန္တီးခရိုင်အတွင်း မူယစ်းဆေးဝါးအမှု များပြားမြင့်တက်နေခြင်းနှင့် ပတ်သက်ပြီး ခန္တီးခရိုင်ရဲစခန်းသို့ ဧရာဝတီက သွားရောက်မေးမြန်းခဲ့ရာတွင် ခရိုင်ရဲတပ်ဖွဲ့မှူးက ချက်ခြင်းဖြေကြားခြင်း မပြုနိုင်သေးကြောင်းနှင့် ပြန်လည် ဆက်သွယ်ရန်သာ ပြောဆိုခဲ့သဖြင့် ဖုန်းဖြင့်အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းသော်လည်း ဖြေကြားပေးနိုင်ခြင်း မရှိဟုသာ ပြောဆိုသည်။
ခန္တီးခရိုင်အတွင်းတွင် နမ်စီပွန်၊ မဂျန်ဂ၊ ဆင်သေ စသည့် ကျောက်စိမ်းထွက်ရှိသည့် မှော်ဒေသများလည်း ပါရှိရာ ထိုနယ်မြေ၌ မူးယစ်ဆေးဝါး ထိန်းချုပ်ရန် ပိုမိုခက်ခဲပြီး၊ မူးယစ်ဆေးဝါးသုံးစွဲသူအချို့က သေနတ်ကိုင်ဆောင်မှုများ ရှိနေသည့်အတွက် စစ်ဆေးဖမ်းဆီးသည့် အဖွဲ့များအတွက် လုံခြုံရေးအန္တရာယ် အချိန်မရွေး ကျရောက်နိုင်သဖြင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတွင် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့၊ မူးယစ်ရဲ၊ နယ်မြေရဲ သာမက ဒေသခံ လူမှုအဖွဲ့အစည်းများနှင့်ပါ ပူးပေါင်းဆောင်ရွက်ရသည်ဟု ဦးမင်းဆွေက ပြောသည်။
“စေတနာဝန်ထမ်း” မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ကို ၂၀၁၂ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ခြင်းပြီး အဖွဲ့ဝင်အင်အား ၆၀ ကျော်ဖြင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး လုပ်ငန်းများကို ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆိုသည်။
ခန္တီးခရိုင်သည် ၂၀၁၁ ခုနှစ်မှ စတင်ပြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ခွဲထွက်ခဲ့ကြောင်းနှင့် ယခင်ကတည်းက မူးယစ်ဆေးဝါး (ဘိန်း) ကို ရိုးရာဆေးဝါးတခုအဖြစ် သုံးစွဲခဲ့ခြင်း ရှိသော်လည်း ယခုအခါ ဆယ်ကျော်သက် လူငယ်များအကြား မူးယစ်ဆေးဝါးကို ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြခြင်းဖြစ်ကြောင်း သိရသည်။
ခန္တီးခရိုင်၌ ၂၀၁၂ ခုနှစ်မှ စတင်၍ ၄ နှစ်အတွင်း မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး အမှုပေါင်း ၁၄၀ ၊ တရားခံပေါင်း ၂၃၀ ကျော်နှင့် ဘိန်းဖြူ ၆၄၈ ဂရမ်၊ ဘိန်းမဲ ၁၈, ၅၀၀ ဂရမ်တို့ကို ဖမ်းဆီးရမိခဲ့ပြီး၊ ထိုမူးယစ်မှုများတွင် လက်နက်မှု ၂ မှု ပါ၀င်ပြီး သေနတ် ၅ လက်ပါ သိမ်းဆည်းရမိခဲ့ကြောင်း “စေတနာဝန်ထမ်း” မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ မှတ်တမ်းများအရ သိရသည်။
ခန္တီးမြို့နယ်ရှိ် ပေါမိုင်းရပ်ကွက်တွင် နေထိုင်သည့် အမျိုးသားတဦးက “ကိုယ့်သားသမီးက မူးယစ်ဆေးဝါးသုံးနေတယ် ဆိုတာကို သူများပြောမှ သိလိုက်ရတယ်။ ကျနော်လုံးဝ မထင်ထားဘူး။ အခုတော့ ကျနော့်သားက မက်သဒုန်း သောက်နေပြီ” ဟု ပြောသည်။
ခန္တီးမြို့နယ် ပြည်သူ့ဆေးရုံတွင် ၂၀၁၃ ခုနှစ်မှစ၍ မူးယစ်ဆေးဝါး အစားထိုးကုသသည့် မက်သဒုန်းဆေး တိုက်ကျွေးကုသမှု စတင်ခဲ့ပြီး လက်ရှိတွင် လူဦးရေ ၂၀၀ ကျော် မက်သဒုန်းဆေး သောက်လျက်ရှိသည်ဟု ခန္တီးခရိုင် အုပ်ချုပ်ရေးဦးစီးမုှူးက ဆိုသည်။