‘ဝ’ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသကို ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ ကျိုင်းတုံဒေသကိုပါ ထည့်သွင်းပြီး ပြည်ထောင်စု ‘ဝ’ပြည် နယ် အဖြစ် သတ်မှတ်ပေးရန် နိုင်ငံရေး ဆွေးနွေးပွဲများ၌ အစိုးရထံ တောင်းဆိုသွားရေး ‘ဝ’ တာဝန်ရှိသူများက ပြင်ဆင် နေကြောင်း သတင်းရရှိသည်။
‘ဝ’ ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) နှင့် ‘ဝ’ အမျိုးသား စည်းလုံး ညီညွတ်ရေး ပါတီ တို့က ပြင်ဆင် နေခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ သတင်း အချက်အလက်ကို ‘ဝ’ အမျိုးသား စည်းလုံးညီညွတ်ရေး ပါတီ အထွေထွေ အတွင်းရေးမှူး ဦးအိုက်ရုန်းက နေပြည်တော်တွင် ကျင်းပနေသည့် ၂၁ ရာစုပင်လုံ – ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် ဧရာဝတီကို ပြောဆိုခြင်း ဖြစ်သည်။
ဦးအိုက်ရုန်းက “ကျိုင်းတုံဒေသ တောင်းတယ်ဆိုတာက ကျနော်တို့ အချက်အလက် အထောက်အထားတွေနဲ့ တောင်းဆို မှာ ဖြစ်ပါတယ်။ သမ္မတ ဦးသိန်းစိန်တုန်းကလည်း စာတမ်း အထောက်အထားတွေနဲ့ တင်ပြတောင်းဆို ထားဖူးပါတယ်”ဟု ပြောသည်။
ကျိုင်းတုံမြို့ကို တောင်းဆိုရခြင်းသည် ကျိုင်းတုံကို ‘ဝ’ လူမျိုးတို့၏ ခေါင်းဆောင်များက တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး ကျိုင်းတုံ မြို့ရှိ နာမည်ကြီး နောင်တုံကန်သည်လည်း ‘ဝ’ လူမျိုးတို့ ဖော်ခဲ့သည့် ကန်ဖြစ်ကြောင်း၊ ကျိုင်းတုံမြို့တွင် ယနေ့အထိ ‘ဝ’ တို့ တည်ဆောက်ခဲ့သည့် မြို့ရိုးတံခါးများ တည်ရှိနေခြင်းတို့ကြောင့် ဖြစ်ကြောင်းလည်း ဦးအိုက်ရုန်း က ဆိုသည်။
ဦးအိုက်ရုန်းက ၎င်းတို့မှာ ကျိုင်းတုံဒေသ တောင်းဆိုရေးအပါအဝင် ‘ဝ’ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းမှ ပြည်နယ်အဆင့် တိုး ပေးရန် အစိုးရထံ တောင်းဆိုမှုနှင့် ပတ်သက်၍ UWSA နှင့်လည်း ဆွေးနွေးဖူးပြီး သဘောထားလည်း တူညီ ကြကြောင်း ဆက်လက် ပြောဆိုသည်။
‘ဝ’ အမျိုးသား စည်းလုံးညီညွတ်ရေး ပါတီမှ ယနေ့ ညီလာခံတွင်လည်း ၎င်းတို့ကို လက်ရှိ သတ်မှတ်ပေးထားသည့် မြို့နယ် ၆ မြို့နယ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသကို ကျိုင်းတုံဒေသရှိ ၄ မြို့နယ်ကို ထပ်တိုးပေးပြီး စုစုပေါင်း ၁၀ မြို့နယ်ကို ပြည်ထောင်စု ဝ ပြည်နယ် အဖြစ်် တိုးမြှင့် သတ်မှတ် ပေးပါဟု စာတမ်းဖတ်ရာတွင် ထည့်သွင်း ပြောဆိုသွားသည်။
UWSA ကလည်း သမ္မတဦးသိန်းစိန် လက်ထက်ကတည်းက ၎င်းတို့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသကို ပြည်နယ် အဆင့် တိုးမြှင့် သတ်မှတ်ပေးရန် အစဉ်တစို်က်တောင်းဆိုနေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တဖွဲ့ဖြစ်သည်။
၂၁ရာစုပင်လုံ ညီလာခံကို UWSA ကိုယ်စားလှယ်များ တက်ရောက်ခဲ့သော်လည်း ညီလာခံဝင်ခွင့်အဖြစ် တိုင်းရင်းသား ကိုယ်စားလှယ် ကတ်ပြားများ မပေးဘဲ လေ့လာသူကတ်ပြားများသာ မှားယွင်းပေးခဲ့သဖြင့် ခွဲခြား ဆက်ဆံသည်ဟု ခံယူကာ ညီလာခံ ဒုတိယရက်တွင် နေရပ်သို့ ပြန်သွားကြသည်။
UWSA ကိုယ်စားလှယ်များ ပြန်သွားသော်လည်း ၎င်းတို့ ညီလာခံတွင် တင်ပြရန် ယူလာသည့် စာတမ်းကိုမူ အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင်ထံသို့ ပေးသွားသည်ဟု သိရသည်။
အဆိုပါ စာတမ်းတွင် တိုင်းရင်းသားများ တန်းတူညီမျှရေး ရရှိရန်အတွက် ဥပဒေတချို့ ပြင်ဆင်ရန် လိုအပ်ကြောင်းနှင့် ‘ဝ’ပြည်နယ် ရရှိရေး ကိစ္စရပ်များ၊ တိုင်းရင်းသားပြည်နယ်တို့၏ တရားစီရင်ပိုင်ခွင့် ကိစ္စရပ်များ၊ စီးပွားရေး ကိစ္စရပ်များ၊ ဘဏ္ဍာအခွန်နှင့် ငွေကြေး ဆိုင်ရာ ကိစ္စများ၊ အိမ်နီးချင်းနိုင်ငံ နှင့် နယ်မြေ ဆက်စပ်နေသည့် တိုင်းရင်းသား ပြည်နယ် ဒေသတို့ ပြည်ပ ဆက်ဆံခွင့် ဆိုင်ရာကိစ္စ အစရှိသည်တို့ကို အသေးစိတ် ရေးသား တင်ပြထားသည်။
စာတမ်းတွင် UWSA က ‘ဝ’ ဒေသကို ပြည်နယ်အဆင့် တိုးမြှင့်ပေးရန် နှင့် ပလောင်(တအာင်း)၊ ဓနု ၊ ပအို့ဝ် ၊ လားဟူ၊ အခါ၊ ကိုးကန့် အစရှိသည့် လူမျိုးစုများကိုလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ ၊ တိုင်း၊ ပြည်နယ် ထူထောင်ခွင့်များ အစိုးရထံ လျှောက်ထားကြရန် UWSA က အကြွင်းမဲ့ ထောက်ခံသည်ဟုလည်း ဆိုထားသည်။
ယခုရှမ်းပြည်နယ် အရှေ့ပိုင်းရှိ ကျိုင်းတုံမြို့မှာ ဝ (ခေါ်) လဝ လူမျိုးတို့၏ ဘုရင့်နန်းတော်အဖြစ် ထွန်းကားခဲ့သည်ဟု UWSA ၏ ယဉ်ကျေးမှု အဖွဲ့က ရေးသားပြုစုထားသည့် ‘ဝ’ သမိုင်းစာအုပ်တွင် အခိုင်အမာ သမိုင်း အထောက်အထား၊ မှတ်တမ်းများဖြင့် ဖော်ပြထားသည်။
အဆိုပါ ‘ဝ’ သမိုင်းစာအုပ်တွင် မွန် သမိုင်းပညာရှင် နိုင်ပန်းလှ ၊ တိုင်းရင်းသားများ သမိုင်းနှင့် မြန်မာနိုင်ငံ သမိုင်းစာအုပ် များစု ပြုစုခဲ့သူ ဗိုလ်မှူး ဘရှင် တို့၏ စာတမ်း အထောက်အထားများကိုလည်း ကိုးကားထား သည်ကို တွေ့ရသည်။
အဆိုပါ စာအုပ်တွင် ဝ (ခေါ်) လဝ တိုင်းရင်းသားတို့သည် ပုဂံခေတ်၊ ပုဂံနန်းတွင်းများတွင်လည်း အမှုထမ်းခဲ့ပြီး နေထိုင်ခဲ့ ကြောင်း၊ ထို့နောက် စစ်မက်ဖြစ်ပွားရာ ပုဂံပြည်ကို စွန့်ခွာလာခဲ့ပြီး ကျိုင်းတုံမြို့ကို ၎င်းတို့ ဘုရင့်နန်းတော်အဖြစ် သီးသန့် ထူထောင်ခဲ့ကြောင်း၊ ကျိုင်းတုံတွင် နာမည်ကြီးသည့် နောင်တုံကန် သည် ‘ဝ’ ခေါင်းဆောင်များက ဖော်ခဲ့သည့် သမိုင်းဝင် ကန်ဖြစ်ကြောင်း ခေတ်ဟောင်း မှတ်တမ်းများဖြင့် ရေးသား ထားသည်ကို တွေ့ရှိရသည်။
ထို့နောက် အခြားလူမျိုးစုများနှင့် စစ်ဖြစ်ပွားပြီး အရေးနိမ့်ခဲ့ရသဖြင့် ကျိုင်းတုံမြို့ကို စွန့်ခွာ၍ လက်ရှိ ‘ဝ’ကိုယ်ပိုင် အုပ်ချုပ် ခွင့် ရထားသည့် ဒေသရှိ ‘ဝ’ တောင်တန်းများပေါ်တွင် ယနေ့အထိ စုပေါင်းနေထိုင်နေ ကြကြောင်းလည်း ရေးသား ထား သည်။
လက်ရှိအချိန်တွင် ကျိုင်းတုံမြို့သည် ရှမ်းတိုင်းရင်းသား အများစု နေထိုင်နေပြီး ရှမ်းလူမျိုးတို့၏ ကျိုင်းတုံ စော်ဘွားကြီး အစဉ် အဆက် နေထိုင်ခဲ့ရာ နယ်မြေဖြစ်သဖြင့် ရှမ်းတိုင်းရင်းသား လူမျိုးများနှင့် ဝ တိုင်းရင်းသား လူမျိုးများကြား အငြင်း ပွားဖွယ် ဖြစ်လာနိုင်သည်ဟုလည်း ဝေဖန်မှုများ ရှိသည်။
သို့သော် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) မှ နိုင်ငံရေးအကြံပေး ဦးစိုင်းရီက လူမျိုးစု တစုချင်းစီ၏ ရပိုင်ခွင့် တောင်းဆိုပိုင်ခွင့်များကို ကန့်ကွက်ချက် မရှိပါဟု ပြောသည်။
ဆက်လက်ပြီး ဦးစိုင်းရီက “ဘယ်နေရာမှ လူမျိုးတမျိုးတည်း ရှိတာ အမြဲမရှိပါဘူး။ သီးသန့် တောင်းဆိုတာကို ဘယ်လို လက်တွေ့ ကျကျ လုပ်မယ်ဆိုတာ အခက်အခဲရှိတာပေါ့။ ဒါပေမယ့် တန်းတူညီမျှရေးနဲ့ သွားမယ်ဆိုရင်တော့ အားလုံး ကျေနပ်မယ်လို့ မြင်ပါတယ်”ဟု ပြောဆိုသည်။
UWSA သည် ပြည်တွင်းရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့၂၁ ဖွဲ့အနက် အင်အားအကြီးဆုံး အဖွဲ့ဖြစ်ပြီး UWSA သည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီမှု စာချုပ် (NCA) ချုပ်ဆိုထားခြင်း မရှိပေ။
ယခင်စစ်အစုုိးရနှင့် “၀” အဖွဲ့သည် အပစ်အခတ်ရပ်စဲရေးစာချုပ်ကို ၁၉၈၉ ခုနှစ် မေလ ၉ ရက်က ချုပ်ဆိုထားသည်မှာ ၂၇ နှစ်ခန့် ရှိပြီဖြစ်ပြီး သမ္မတဟောင်း ဦးသိန်းစိန် လက်ထက် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်က ပြည်ထောင်စုအဆင့် ပဏာမ အပစ်ရပ် စာချုပ် ချုပ်ဆုုိခဲ့သည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ရှမ်းပြည်နယ် အတွင်းရှိ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်း၊ နားဖန် ၊ မက်မန်း၊ ပန်ဆန်း(ပန်ခမ်း) မြို့နယ်များကို ‘ဝ’ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း အဖြစ် သတ်မှတ် ပေးထားသည်။