ဩဂုတ်လအတွင်း စစ်တပ်ဝင်းတခုအနီး အဝတ်အစားမပါဘဲ သတိလစ်နေစဉ် တွေ့ရှိပြီးနောက် သေဆုံးသွားခဲ့သော မွတ်စလင် အမျိုးသမီးငယ်တဦး သေဆုံးမှုကို စုံစမ်းစစ်ဆေးရန် မြန်မာနိုင်ငံအား လူ့အခွင့်အရေး ဆော်သြသူများက တောင်းဆိုလိုက်သည်။
ရေစူအာနာ ဟု အမည်ဖော်ထုတ် သိရှိရသည့် အသက် ၂၅ နှစ်အရွယ်ရှိ အဆိုပါ အမျိုးသမီးကို မြန်မာနိုင်ငံ အနောက်ပိုင်း ပဋိပက္ခဒဏ် ခံခဲ့ရသော ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေမြို့ အခြေစိုက် စစ်တပ်ဝင်းနှင့် ကပ်လျက် လမ်းဘေးတွင် တွေ့ခဲ့ရခြင်း ဖြစ်ကြောင်း ဒေသခံများနှင့် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International – AI က ပြောသည်။
၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့သော အသိုင်းအဝိုင်း နှစ်ခုကြား ပဋိပက္ခများကြောင့် စစ်တွေမြို့မှာ ဖျက်စီးခံခဲ့ရပြီး ရိုဟင်ဂျာဟု ကိုယ့်ကိုယ်ကိုယ်ခေါ်ကြသော မွတ်စလင် တသိန်းခန့်မှာ ယာယီစခန်းများတွင် နေထိုင်နေရကာ အဆိုပါ အမျိုးသမီးသည် ယင်းယာယီစခန်းများ အနီးတွင် လမ်းလျှောက်နေစဉ် ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်သည်ဟု AI က အင်္ဂါနေ့က ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။
နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ အများစုမှာ ရိုဟင်ဂျာ မွတ်စလင်များ ဖြစ်ပြီး ၎င်းတို့ကို ဗုဒ္ဓဘာသာဝင် မြန်မာတို့က ဘင်္ဂလားဒေ့ရှ်မှ တရားမဝင် ဝင်ရောက်လာသူများဟု ယူဆကြသည်။ နိုင်ငံမဲ့ ရိုဟင်ဂျာများသည် လွတ်လပ်စွာ သွားလာခြင်း တားဆီးပိတ်ပင်ခံထားရပြီး ၎င်းတို့၏ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေးမှာလည်း ကန်ု့သတ်ခံထားရသည်။
အုပ်ချုပ်ရေးမှူးတဦး ဖြစ်သူ ဦးလှမြင့်က သြဂုတ် ၁၈ ရက်နေ့ နံနက်စောစောတွင် သူ့အား အမြောက်တပ်ဖွဲ့မှ တပ်ကြပ်တဦးက ခေါ်ယူပြီး သတိမေ့နေသော ရေစူအာနာအား ခေါ်သွားခိုုင်းသည် ဟု ပြောသည်။
“ကျနော်သူ့ကို တွေ့တော့ အသက်ရှူနေသေးတယ်။ ဒါပေမယ့် မြေကြီးပေါ်မှာ လဲနေပြီ။ ဘရာစီယာက လွဲပြီး ဘာအဝတ်မှ မပါဘူး။ တယောက်ယောက်က သူ့ကို စောင်နဲ့ အုပ်ထားပေးတယ်” ဟု ဦးလှမြင့်က ပြောသည်။
ရေစူအာနာအား ကျေးရွာဆေးခန်းတခုသို့ ခေါ်သွားသောအခါ ပြုစုပေးသူက သူ၏ လည်ပင်းတွင် ဖူးရောင် ဒဏ်ရာတွေ ရှိနေပြီး အမျိုးသမီးအင်္ဂါကလည်း သွေးများ ထွက်နေသည်ကို တွေ့ရှိကြကြောင်းနှင့် ယင်းနေ့ ညနေတွင် အဆိုပါ အမျိုးသမီး သေဆုံး သွားခဲ့ကြောင်း ဦးလှမြင့်က ပြောသည်။
ပဋိပက္ခဒဏ် ခံနေရသော ဒေသများတွင်း နေထိုင်နေကြရသူများနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများက မြန်မာတပ်ဖွဲ့များ သည် အဓမ္မပြုကျင့်မှု အပါအဝင် ညှဉ်းပမ်းနှိပ်စက်မှုများ ပြုခဲ့သည်ဟု စွပ်စွဲခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်သည်။ မြန်မာစစ်တပ်ကမူ ထိုစွပ်စွဲချက်များကို အမြဲတမ်း ပယ်ချခဲ့သည်။
ယင်း ဖြစ်စဉ်နှင့် ပတ်သက်ပြီး အစိုးရနှင့် စစ်တပ်၏ ပြောခွင့်ရသူများကို ဝေဖန်ပြောကြားပေးရန် ဆက်သွယ်ခဲ့သော်လည်း လတ်တလော ဆက်သွယ်မှု မရခဲ့ပါ။ အခင်းဖြစ် ဒေသခံ ရဲအရာရှိတဦးက အဆိုပါအမျိုးသမီး သေဆုံးမှုမှာ သွေးရိုးသားရိုး သေဆုံးမှုသာ ဖြစ်သည်ဟု ဆိုသည်။
သံသယရှိသော အဓမ္မပြုကျင့်မှု
တင်းကြပ်မှုများနှင့် မြန်မာနိုင်ငံကို နှစ်ပေါင်း ၅၀ နီးပါး အုပ်ချုပ်ခဲ့သော စစ်တပ်အစိုးရသည် နိုင်ငံရေးမှ ၂၀၁၁ ခုနှစ်တွင် ဆုတ်ခွာခဲ့ပြီး အထွေထွေရွေးကောက်ပွဲ လမ်းကြောင်းကို ဦးတည်ကာ ယခင်နှစ် ၂၀၁၅ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည် တောင်ပြိုကမ်းပြို အနိုင်ရခဲ့သည်အထိ ပြောင်းလဲလာသည်။ ပြုပြင်ပြောင်းလဲရေးမှာ အရေးပါသည့် အခန်းကဏ္ဍမှ ပါ၀င်ရန်လည်း ဆုပ်ကိုင်ထားဆဲ ဖြစ်သည်။
ထိုဒေသမှ အမည်မဖော်လိုသော အကူအညီပေးရေး လုပ်သားတဦးက ရိုက်တာသတင်းဌာနသို့ ပြောကြားရာတွင် ရေစူအာနာအား ကိရိယာ မပြည့်စုံသည့် ဆေးခန်းငယ်တခုသို့ ခေါ်သွားသည်ကို တွေ့ခဲ့ရသည်ဟု ဆိုသည်။
“သူ အသက်ရှင်နေသေးတယ်၊ ဒါပေမယ့် စကားတော့ မပြောနိုင်တော့ဘူး” ဟု ထိုအကူအညီပေးရေး လုပ်သားက ပြောရင်း ရေစူအာနာအား မြင်ရသူ အမျိုးသမီးများက သူသည် အဓမ္မပြုကျင့်ခံထားရဖွယ် ရှိသည်ဟု သံသယရှိကြကြောင်း ပြောကြသည်ဟု ဖြည့်စွက်ပြောသည်။
မိသားစုက မြှုပ်နှံခဲ့သည့် အလောင်းကို သေမှုသေခင်း စစ်ဆေးခြင်း မလုပ်သကဲ့သို့ အာဏာပိုင်များ ကလည်း သေဆုံးမှုကို စုံစမ်းစစ်ဆေးခြင်း မရှိခဲ့ ဟု ဦးလှမြင့်နှင့် ထိုအကူအညီပေးရေး လုပ်သားက ပြောသည်။
“မြန်မာ အာဏာပိုင်များ အနေဖြင့် ရေစူအာနာ သေဆုံးမှုနှင့် အဓမ္မ ပြုကျင့်ခံရသည်ဟု သံသယရှိမှု အပေါ် စုံစမ်း စစ်ဆေးမှုတခု ချက်ချင်း စတင်ပြီး ထိုစုံစမ်းစစ်ဆေးမှုသည် လွတ်လပ်၍ ဘက်မလိုက်ဘဲ ထိရောက်မှုရှိရန် Amnesty International က တောင်းဆိုသည်” ဟု AI က ထုတ်ပြန်ကြေညာထားသည်။
စစ်တွေ ရဲတပ်ဖွဲ့မှ ရဲမှူးရန်နိုင်လတ်က လူသတ်မှု စုံစမ်းစစ်ဆေးရေး မစတင်ရသေးဟု ပြောသည်။
“ဒါဟာ သာမန် သေဆုံးမှုပဲ ဆိုတော့ ကျနော်တို့က လူသတ်မှု မဖွင့်ခဲ့ဘူး” ဟု သူက ပြောသော်လည်း ထိုအမျိုးသမီး သေဆုံးခဲ့ဖွယ်ရှိသည့် အကြောင်းရင်းကို ရှင်းမပြနိုင်ခဲ့ပေ။
တရားလက်မဲ့ ပြုမူမှုများကို အပြစ်ပေး အရေးယူခြင်း မရှိဟု ရှုတ်ချခံနေရသော မြန်မာ့တပ်မတော်သည် ဂုဏ်သိက္ခာကို ပြောင်းလဲရန် ကြိုးပမ်းမှုအနေဖြင့် လွန်ခဲ့သည့်လက ရှမ်းပြည်မြောက်ပိုင်းရှိ ရွာသား ၅ ဦးကို သတ်ဖြတ်ခဲ့သော တပ်ဖွဲ့ဝင်များအား စစ်ခုံရုံးတင် အရေးယူကြောင်း ကြေညာခဲ့သည်။