မြောက်ကိုရီးယားက KN-11 ရေငုပ်သင်္ဘောမှ ပဲ့ထိန်းဒုံးပျံ(SLBM)တစင်း အောင်မြင်စွာပစ်လွှတ် လိုက်ပြီး နောက် တောင်ကိုရီးယားက ဘိုးရင်းကုမ္ပဏီထုတ် P-8 (ပိုစီဒွန်) ရေငုပ် သင်္ဘောတိုက်ဖျက်ရေး ကင်းလှည့် လေယာဉ်များ ၀ယ်ယူရန် ဆုံးဖြတ်လိုက်ကြောင်း တောင်ကိုရီးယား အဆင့်မြင့် အရာရှိကြီးတဦး၏ ပြောဆိုချက် ကို ကိုးကားပြီး JoongAng Ilbo သတင်းစာကဆိုပါတယ်။
P-8 ပိုစီဒွန် ရေငုပ်သင်္ဘော တိုက်ဖျက်ရေး လေယာဉ်တစီးမှာ အမေရိကန်ဒေါ်လာ ၂၂၃ သန်း နှင့် ၂၆၈ သန်း အကြား တန်ဖိုးရှိပါတယ်။
မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့ တပတ်က ဂျပန်ပင်လယ် အရှေ့ဘက်ကမ်းခြေမှာရှိတဲ့ ရေငုပ်သင်္ဘော ကနေ ဒုံးပျံစမ်းသပ်ပစ်လွှတ်မှု ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ ရုရှားစစ်ရေးအကဲခတ်တွေကတော့ မြောက်ကိုရီးယားရဲ့ ရေငုပ် သင်္ဘောကနေ ဒုံးပျံပစ်ခတ်မှု စွမ်းရည်ဟာ တိုးတက်လာကြောင်း မှတ်ချက်ချခဲ့ပါတယ်။
တောင်ကိုရီးယားစစ်ဘက်အာဏာပိုင်တွေကတော့ မြောက်ကိုရီးယားဟာ ရေငုပ်သင်္ဘောကနေ ဒုံးပျံပစ်လွှတ် တဲ့ မဟာဗျူဟာကိုသုံးပြီး တောင်ကိုရီးယားကို တိုက်ခိုက်ဖို့ ကြံစည်နေတဲ့အတွက် ရေငုပ်သင်္ဘောတိုက်ဖျက် ရေး လေယာဉ်တွေ လိုအပ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။
“မြောက်ကိုရီးယားရဲ့ ရေအောက်ကနေ ရုတ်တရက်တိုက်ခိုက်မှုကို ကာကွယ်ဖို့ ကျနော်တို့ နောက်ဆုံးပေါ် ရေငုပ် သင်္ဘောတိုက်ဖျက်ရေးလေယာဉ်တွေ ၀ယ်ယူရေး ဆွေးနွေးနေကြတယ်၊ ဂျပန်ပင်လယ် ကနေ မြောက် ကိုရီးယား ဒုံးပျံပစ်လွှတ်ခဲ့တာကြောင့် တောင်ကိုရီးယားရေတပ်အနေနဲ့လည်း ပင်လယ် ပြင်ကို စောင့်ကြည့်ဖို့ စွမ်းရည်တိုးတက်ရေး လိုအပ်နေတယ်လို့ ခံစားရတယ်” လို့ဆိုပါတယ်။
တောင်ကိုရီးယားရေတပ်မှာ လက်ရှိသုံးနေတဲ့ P-3C ကင်းလှည့်လေယာဉ် ၁၆စီးဟာ ၁၉၆၀ ခုနှစ်ခန့် က ထုတ်လုပ်ထားတဲ့ ခေတ်မမီတော့တဲ့ ကင်းလှည့်လေယာဉ်တွေဖြစ်တာကြောင့် လွန်ခဲ့တဲ့ ၂၀၁၀ ခုနှစ်ကစပြီး ခေတ်မီရေငုပ်သင်္ဘောတိုက်ဖျက်ရေး ကင်းလှည့်လေယာဉ်တွေ ၀ယ်ယူဖို့ ရှာဖွေနေတာ ဖြစ်ပါတယ်။
၂၀၁၀ ခုနှစ် မတ်လအတွင်းက သင်္ဘောသား ၄၆ဦး သေဆုံးခဲ့ရတဲ့ တောင်ကိုရီးယားရေတပ် စစ်သင်္ဘော ချိုနန် နစ်မြုတ်မှုမှာ မြောက်ကိုရီးယား တိုပီဒိုရဲ့ လက်ချက်ဖြစ်တယ်လို့ တောင်ကိုရီးယားက ကောက်ချက်ချပါတယ်။
ချိုနန် စစ်သင်္ဘောကို မြောက်ကိုရီးယားတို့ ပစ်ခတ်ကြောင်း ထောက်လှမ်းရေး အစီရင်ခံစာများကို တောင်ကိုရီး ယား သမ္မတနှင့် ကာကွယ်ရေးဝန်ကြီးဌာနထံ တင်ပြခဲ့ပြီးနောက်မှာ တောင်ကိုရီးယား ရေပြင်ပိုင်နက်ကို စောင့် ကြည့်ဖို့ လော့ခ်ဟိဒ် ကုမ္ပဏီလုပ် S-3 ဗိုက်ကင်းဂျက်လေယာဉ် ၁၂ စီး ၀ယ်ယူ ခဲ့ပါသေးတယ်။
အခုဝယ်ယူဖို့ ပြုလုပ်နေတဲ့ P-8 ပိုစီဒွန် အမျိုးအစား ရေငုပ်သင်္ဘော တိုက်ဖျက်ရေး လေယာဉ်ဟာ အမြင့်ပေ ၄သောင်း ၁ထောင်မှ ပျံသန်းနိုင်သလို၊ မိုင် ၄၅၀၀ ကို မနားတမ်းပျံသန်းနိုင်တယ်လို့ သိရပြီး၊ လေယာဉ်မှနေ၍ ရေငုပ်သင်္ဘော ပစ်ခတ်နိုင်တဲ့ တိုပီဒိုတွေလည်း တပ်ဆင်ထားပါတယ်။ ရေအောက်မှထုတ်လွှတ်တဲ့ ရေဒီယို လှိုင်း၊ အသံလှိုင်းတွေကို ဖမ်းယူနိုင်တဲ့ စွမ်းရည်ရှိပါတယ်။
လက်ရှိမှာတော့ P-8 ပိုစီဒွန် အမျိုးအစား ရေငုပ်သင်္ဘော တိုက်ဖျက်ရေး လေယာဉ်တွေကို အမေရိကန်နဲ့ အိန္ဒိယ ရေတပ်မှာ အသုံးပြုလျှက်ရှိပြီး P-8 နက်ပ်ကျွန်း အမျိုးအစားကိုတော့ ဗြိတိန်လေတပ်နဲ့ သြစတြေးလျ လေတပ်မှာ အသုံးပြုပါတယ်။