ကိုဖီအာနန် ရခိုင်ပြည်နယ် ရှေ့တပတ် ရောက်မည်
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးဟောင်း ကိုဖီအာနန်သည် လာမည့် တနင်္ဂနွေနေ့တွင် မြန်မာနိုင်ငံသို့ လာရောက်ပြီးနောက် အင်္ဂါနှင့် ဗုဒ္ဓဟူးနေ့များတွင် ရခိုင်ပြည်နယ်သို့ သွားရောက်ကာ ဒေသခံဗုဒ္ဓဘာသာနှင့် မွတ်စလင် များအား ၎င်းပါ၀င်ဆောင်ရွက်မည့် ရခိုင်ပြည်နယ် အကြံပေးကော်မရှင် ဥက္ကဋ္ဌ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး မိတ်ဆက်သွားမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရ အတွင်းရေးမှူး ဦးတင်မောင်ဆွေ၏ အဆိုအရ သိရသည်။
ကိုဖီအာနန်သည် ရခိုင်ပြည်နယ်တွင် အကြီးဆုံးပါတီဖြစ်သော ရခိုင်အမျိုးသားပါတီ Arakan National Party (ANP) နှင့် တွေ့ဆုံမည်ဟု မျှော်လင့်ရသည်။ ယင်းပါတီသည် လူများစု ဗုဒ္ဓဘာသာများ၏ အကျိုးစီးပွားကို ကိုယ်စားပြုပြီး များသောအားဖြင့် ရိုဟင်ဂျာဟု ကိုယ့်ကိုယ်ကိုယ်ခေါ်သော နိုင်ငံမဲ့ မွတ်စလင်များနှင့် တင်းမာသော သဘောထား ထားရှိသည်။ ရိုဟင်ဂျာများမှာ ၂၀၁၂-၂၀၁၃ ခုနှစ်များက မွတ်စလင် ဆန့်ကျင်ရေး ပဋိပက္ခများကြောင့် အများအားဖြင့် ရခိုင်ပြည်နယ်အတွင်း ဗုဒ္ဓဘာသာများနှင့် ခွဲခြားခံထားရကာ အသွားအလာများလည်း ကန့်သတ်ခံထားရဆဲ ဖြစ်သည်။
သို့ရာတွင် လတ်တလောတွင် နေပြည်တော်၌ ငြိမ်းချမ်းရေး ညီလာခံတက်ရောက်နေသော (ANP) အထွေထွေ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်ကမူ ပါတီအနေဖြင့် ကော်မရှင်သစ်နှင့် တွေ့ဆုံရန် တရားဝင်ဖိတ်ခေါ်မှုကို မရရှိသေးကြောင်း ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
ငြိမ်းချမ်းရေးအတွက် ဘာသာရေး (Religions for Peace) အဖွဲ့ကို ထူထောင်သူ ကော်မရှင်၏ မွတ်စလင်အဖွဲ့ဝင် ဟာဂျီဦးအေးလွင်ကမူ ကိုဖီအာနန် လာမည့် သီတင်းပတ် အစောပိုင်းတွင် မြန်မာနိုင်ငံသို့ ရောက်မည်ကို သိသော်လည်း အခြား အသေးစိတ် အစီအစဉ်များကို မသိရသေးကြေင်း ပြောသည်။
နိုင်ငံတော် အကြံပေးပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ရုံးမှ တလအတွင်း ကိုဖီအာနန်ဖောင်ဒေးရှင်းနှင့် နားလည်မှု စာချွန်လွှာ ရေးထိုးမည် ဖြစ်ကြောင်း ကြေညာခဲ့ပြီး ရခိုင်ပြည်နယ်အတွင်း လူမှုအသိုင်းအဝန်း နှစ်ခုကြား ပဋိပက္ခများ ဖြေရှင်းရာတွင် ကမ္ဘာ့ခေါင်းဆောင်များ ပါ၀င်နိုင်စေရန် လမ်းဖွင့်ပေးခဲ့သည်။
ဟာဂျီဦးအေးလွွင်က အကြံပေးကော်မရှင်သစ်၏ ရည်ရွယ်ချက်ဖြစ်သော ဒေသတွင်းမှ ပါဝင်ပတ်သက်သူများနှင့် နီးကပ်စွာ တိုင်ပင်ဆွေးနွေးရန် ဟူသော အချက်ကို ဝေဖန်ပြောကြားရာ၌ “ဒေသခံတွေနဲ့ မတွေ့ရင် အလုပ်ဖြစ်မှာ မဟုတ်ဘူး” ဟု ပြောသည်။
ကိုဖီအာနန်၏ ခရီးစဉ်နှင့် ပတ်သက်ပြီး ရပ်ရွာအကြီးအကဲများကို အာဏာပိုင်များက အင်္ဂါနေ့တွင် နှုတ်ဖြင့် အကြောင်း ကြားခဲ့သည် ဟု ဒေသခံ ဦးဇော်ဇော်က ဧရာဝတီသို့ ကြာသာပတေးနေ့က ပြောသည်။ ရခိုင်ပြည်နယ်၏ မြို့တော်စစ်တွေရှိ မွတ်စလင်ရပ်ကွက် ဖြစ်သော အောင်မင်္ဂလာ ရပ်ကွက်နေထိုင်သူ ၎င်းက ဒေသခံ မွတ်စလင်များသည် ယခုအခါ ကိုဖီအာနန်နှင့် တွေ့ဆုံရန်ပြင်ဆင်နေကြသည် ဟုလည်း ဆိုသည်။
၎င်းတို့အနေဖြင့် ရခိုင် ဗုဒ္ဓဘာသာဝင်များ၊ အစိုးရအစိတ်အပိုင်းတချို့နှင် ့မြန်မာပြည်သူ အများစုက ခေါ်သကဲ့သို့ ဘင်္ဂလားဒေ့ရှ်မှ ခိုးဝင်လာသူများ သိုမဟုတ် ဘင်္ဂလီများ မဟုတ်ကြောင်းနှင့် ၎င်းတို့အား နိုင်ငံသားဖြစ်မှု၊ လွတ်လပ်စွာ သွားလာခွင့်၊ ကျန်းမာရေးနှင့် ပညာရေးစောင့်ရှောက်မှုများ မည်သို့ ငြင်းပယ်ကန့်သတ်ခံနေရသည်ကို ကိုဖီအာနန်အား ရှင်းပြရန် ပြင်ဆင်နေကြသည်။
သို့သော် ဒေသခံ မွတ်စလင်အသိုင်းအဝန်း အတွင်း ၎င်းတို့ ရင်ဆိုင်နေရသော ပြဿနာကို ဖြေရှင်းရန် ကိုဖီအာနန်နှင့် ကော်မရှင်၏ လုပ်ဆောင်နိုင်စွမ်း အပေါ် အပြည့်အဝ မယုံကြည်နိုင်သေးကြောင်း ဦးဇော်ဇော်က ပြောသည်။
“ဒေသခံတွေက ဒီမှာ ဘာမှ ပြောင်းလဲလာမှာ မဟုတ်ဘူး။ သူတို့မှာ မျှော်လင့်ချက် မရှိဘူး” ဟု ၎င်း ဆိုသည်။
လွန်ခဲ့သော ၄ နှစ်တာ ကာလအတွင်း ဤဒေသသို့ လာရောက်ခဲ့ကြပြီး မည်သို့မျှ အရာမထင်ခဲ့သည့် များပြားလှစွာ သော ကမ္ဘာ့ကျော် ပုဂ္ဂိုလ်များ၊ နိုင်ငံခြား သံတမန်များနှင့် လူ့အခွင့်အရေး အဖွဲ့များ၏ ခြေလှမ်းများ နည်းတူ ကိုဖီအာနန်သည်လည်း အကြောင်းထူးလာမည် မဟုတ်ဟု ၎င်းက ပြောသည်။
ယခင်အစိုးရသည်လည်း ခရိုင်ပြည်နယ် ကော်မရှင်တခု ဖွဲ့စည်းဖူးပြီး အရာမရောက်ခဲ့သဖြင့် ယခုလည်း သံသယဖြစ်ရသည် ဟု ၎င်းက ပြောသည်။
“ဒီလို အခြေအနေနဲ့ပဲ နေလာရတာ ၄ နှစ် ရှိပြီ။ သံအမတ်တွေ အများကြီး လာပေမယ့် ဘာမှ မပြောင်းလဲဘူး။ ကော်မရှင်ကို ယုံသလား၊ မယုံသလား ပြောဖို့တောင် ခက်နေပြီ” ဟု ဦးဇော်ဇော်က ပြောသည်။
သြဂုတ်လ ၂၄ ရက်နေ့တွင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ဖွဲ့စည်းကြောင်း ကြေညာချိ်န်မှ စ၍ ANP နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီအပါ အဝင်နိုင်ငံရေးပါတီ အများအပြားတို့က ကော်မရှင်ကို ဖျက်သိမ်းရန် သို့မဟုတ် နိုင်ငံတကာ ကျွမ်းကျင်သူများ ရခိုင်ပြည်နယ် အခြေအနေကို နားလည်နိုင်မည် မဟုတ် သို့မဟုတ် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှု ဖြစ်သည် ဟူသော အကြောင်းပြချက်ဖြင့် ၎င်းတို့ ပါဝင်မှုက ပယ်ဖျက်ရန် တောင်းဆိုခဲ့ကြသည်။
ဤကော်မရှင်သည် ရခိုင်ပြည်နယ် မူလတိုင်းရင်းသားများ၏ အခွင့်အရေးကို ထိခိုက်စေလိမ့်မည်ဟု ANP ပါတီက ဗုဒ္ဓဘာသာရခိုင် အများစုကို ရည််ညွှန်း ပြောကြားသည်။ ANP မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်စန်းက နိုင်ငံခြားသားအဖွဲ့ဝင် ၃ ဦးကို ပြည်တွင်းပညာရှင်များနှင့် အစားထိုးရန် အရေးကြီး အဆိုကို လွှတ်တော်တွင် အင်္ဂါနေ့က တင်သွင်းသည်။
ကော်မရှင်၏ အခြားသော နိုင်ငံတကာအဖွဲ့ဝင်များမှာ ကိုဖီအာနန်၏ အကြံပေးဟောင်း လက်ဘနွန်မှ ပညာရှင် ဂါဆန်းဆလာမေး (Ghassan Salamé) နှင့် UNAIDS မှ အကြံပေးဟောင်းနှင့် နယ်သာလန်သံတမန်ဟောင်း လတ်တီးရှား ဗန်ဒင် အက်ဆမ် (Laetitia van den Assum) တို့ဖြစ်သည်။ အခြားအဖွဲ့ဝင် ၆ ဦးမှာ မြန်မာနိုင်ငံမှ ဖြစ်ပြီး ဗုဒ္ဓဘာသာ ရခိုင်အဖွဲ့ဝင် ၂ ဦး၊ (ရခိုင်ပြည်နယ်မှ မဟုတ် ရန်ကုန်မှ) မွတ်စလင်အဖွဲ့ဝင် ၂ ဦးနှင့် အစိုးရ ကိုယ်စားလှယ် ၂ ဦးတို့ ပါဝင်သည်။