ထိုင်းနိုင်ငံ၌ MOU ဖြင့် တရားဝင်သွားရောက် အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား ၃၄ ဦး ဖမ်းဆီးခံရကြောင်း သိရသည်။
ဖမ်းဆီးခံထားရသည့် မြန်မာအလုပ်သမားများသည် ထိုင်းနိုင်ငံမြောက်ပိုင်း၊ လဘူရီခရိုင်၊ ဘန့်ခါနယ်မြေရှိ V&K နာနတ်သီးစက်ရုံမှ အလုပ်သမားများဖြစ်ပြီး၊ တရားဝင် နေထိုင်ခွင့်ကတ် မရှိဟုဆိုကာ ထိုင်းရဲက ဖမ်းဆီးသွားကြောင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ ( MAT ) ဒါရိုက်တာဦးကျော်သောင်းက ဧရာဝတီကို ပြောသည်။
ထိုအလုပ်သမားများသည် မြန်မာအလုပ်သမား အေဂျင်စီများနှင့် ချိတ်ဆက်၍ ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် တရားဝင် ရောက်လာသူများဖြစ်ကြောင်း၊ သို့သော် အလုပ်သမားတချို့၌ ၎င်းတို့၏ပတ်စ်ပို့များကို ထိုင်းအလုပ်ရှင်က သိမ်းယူထားသည့်အတွက် အလုပ်နေရာသစ်သို့ ထပ်မံရွှေ့ပြောင်းလုပ်ကိုင်စဉ် တရားမဝင် ဖြစ်သွားခြင်း၊ နေထိုင်ခွင့်လတ်မှတ် မရှိခြင်းတို့ကြောင့် အဖမ်းခံရခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
ပြဿနာများ ဖြေရှင်းပေးရန်အတွက် ထိုအလုပ်သမားများကို ထိုင်းနိုင်ငံသို့ ပို့ဆောင်ပေးခဲ့သည့် အေဂျင်စီကုမ္ပဏီများနှင့် ဘန်ကောက်ရှိ မြန်မာသံရုံးထံ အကူအညီ တောင်းခံထားသော်လည်း ဖြေရှင်းပေးမှုမရှိကြောင်း MAT အဖွဲ့က ပြောသည်။
ဦးကျော်သောင်းက “ ဒီလူတွေက ထောင်ထဲမှာရက်ပေါင်း ၄၈ ရက်နေခဲ့ရပြီး ပြန်လွတ်လို့ မကြာသေးဘူး၊ အခုတခါ ရဲစခန်းက ဖမ်းထားတာ ဒီနေ့ဆိုရင် တပတ်ရှိပြီ။ မကြာခင်မှာ နယ်စပ်ကတဆင့် မြန်မာနိုင်ငံဘက်ကို ပြန်ပို့ခံရဖို့ ရှိနေတယ်။ အများစုက မပြန်ချင်ကြဘူး။ သံရုံးက ကူညီရင်တော့ အဆင်ပြေနိုင်တယ်” ဟု ပြောသည်။
မြန်မာရွှေ့ပြောင်း အလုပ်သမားများသည် လဘူရီခရိုင်၌ ၂၀၁၆ ခုနှစ် ဇူလိုင်တွင် ဖမ်းဆီးခံခဲ့ရပြီးနောက် ထောင်ထဲ၌ ၄၈ ရက် နေခဲ့ရသည်။ လဘူခရိုင် အကျဉ်းထောင်မှတဆင့် ဘန်ခါရဲစခန်းသို့ ပို့ဆောင်ခံရပြီး၊ ထိုရဲစခန်းမှတဆင့် သက်ဆိုင်ရာ လ.ဝ.က သို့ လွှဲအပ်ပြီးနောက် နှစ်နိုင်ငံနယ်စပ်ဂိတ်သို့ ပြန်လည်ပို့ဆောင်မည် ဖြစ်သည်။
မြန်မာသံရုံးမှ အလုပ်သမားသံအရာရှိ ဦးမိုးအောင်ခိုင်က ဖမ်းဆီးခံထားရသည့် မြန်မာအလုပ်သမားများသည် မူလသတ်မှတ်ထားသည့်နေရာတွင် အလုပ်လုပ်ကိုင်နေခြင်း မဟုတ်ဘဲ တခြားနေရာများသို့ ပြောင်းရွှေ့လုပ်ကိုင် နေခြင်းကြောင့် ထိုင်းနိုင်ငံ၏ ဥပဒေအရ အရေးယူခံရသူများဖြစ်ကြောင်း ဧရာဝတီကို ပြောသည်။
“သူတို့တွေကို ဒီရက်ပိုင်း နယ်စပ်ကို ပို့ဖို့ရှိတယ်လို့ သိရတယ်။ နယ်စပ်မှာ မြန်မာ လ.ဝ.က ကို လွှဲပေးရမှာပေါ့၊ အဲဒီလိုလုပ်တာဟာ သူတို့နိုင်ငံရဲ့ဥပဒေအတိုင်း ဆောင်ရွက်တာဖြစ်လို့ ကျနော်တို့က ကယ်လို့မရပါဘူး” ဟု ဦးမိုးအောင်ခိုင်က ဆိုသည်။
ကုမ္ပဏီက သတ်မှတ်ပေးထားသည့်နေရာမှ တခြားနေရာများသို့ ပြောင်းရွှေ့လုပ်ကိုင်ခြင်းကြောင့် ယခင်ကလည်း ဖမ်းဆီးခံရပြီး နယ်စပ်သို့ ပြန်ပို့ခံရသည့် အလုပ်သမား အများအပြားရှိကြောင်းနှင့် MOU ဖြင့် တရားဝင်သွားရောက်သည့် မြန်မာအလုပ်သမားများ အနေဖြင့် သတ်မှတ်ထားသည့် နေရာများ၌သာ လုပ်ကိုင်ရန် လိုအပ်ကြောင်း ဦးမိုးအောင်ခိုင်က ဆက်ပြောသည်။
“တကယ်လို့ သူတို့သတ်မှတ်ပေးတဲ့ လုပ်ငန်းခွင်က အဆင်မပြေဘူး ဆိုရင်လည်း ပို့ပေးတဲ့ ကုမ္ပဏီကို ဆက်သွယ်သင့်တယ်။ ဒီလိုမှမဟုတ်ဘဲ ကိုယ့်အစီအစဉ်နဲ့ကိုယ် ပြောင်းရင်တော့ တရားဝင်ကနေ တရားမဝင် ဖြစ်သွားတာပေ့ါ” ဟု ၎င်းက ဆိုသည်။
ထိုင်းနိုင်ငံသို့ သွားရောက်ရန် ဝန်ဆောင်ခအဖြစ် အလုပ်သမားတယောက်လျှင် ကျပ်ငွေ ၄ သိန်းခွဲစီ ပေးဆောင်ရကြောင်း၊ ၎င်းတို့အား ဆောက်လုပ်ရေး လုပ်ငန်းခွင်၌ လုပ်ဆောင်ရမည်ဟု စာချုပ်ချုပ်ဆိုခဲ့သော်လည်း ထိုင်းနိုင်ငံသို့ရောက်ချိန်တွင် လုပ်ငန်းခွင်၌ နေထိုင်စရာ အခက်အခဲ ရှိသည်ဟုဆိုကာ လူစုခွဲလိုက်သဖြင့် အလုပ်သမားတချို့သည် နာနတ်သီးစက်ရုံသို့ ပြောင်းရွှေ့လုပ်ကိုင်ကြရကြောင်း ဦးကျော်သောင်းက ရှင်းပြသည်။
မြန်မာအလုပ်သမားများကို ထိုင်းနိုင်ငံသို့ ပို့ဆောင်ပေးသည့် အေဂျင်စီကုမ္ပဏီများမှာ စွမ်းတော်ဝင်၊ ရွှေနန်းရိပ်သာ၊ နှင်းပန်းဝါ၊ မိုးမိုးမိသားစု၊ မော်ဘိုင်းအေဂျင်စီ၊ မေဝင့် တို့ ပါဝင်ကြောင်း MTA က ပြောသည်။
ထိုင်းနိုင်ငံသို့ အလုပ်သမား စေလွှတ်သည့်ကုမ္ပဏီ အများစုသည် အလုပ်သမားများနှင့် စာချုပ်ချုပ်ဆိုစဉ်က လုပ်ငန်းအမျိုးအစားတမျိုး ပြောဆိုထားပြီး၊ ထိုင်းနိုင်ငံသို့ ရောက်ရှိစဉ် တခြားလုပ်ငန်းခွင်များကို ပို့ဆောင်လေ့ ရှိကြကြောင်း၊ အေဂျင်စီက ပို့ဆောင်သည့် လုပ်ငန်းခွင်၌ အဆင်မပြေ၍ ကုမ္ပဏီထံ ဆက်သွယ်ကြသော်လည်း ဖြေရှင်းပေးခြင်း မရှိ၍ ယခုကဲ့သို့ ပြဿနာများ ဖြစ်ပွားရသည်ဟု ဦးကျော်သောင်းက ပြောသည်။
မြန်မာသံရုံး တာဝန်ရှိသူများက ဥပဒေနှင့် မညီသည့် ကုမ္ပဏီများကို အရေးယူမည်ဖြစ်ကြောင်း၊ လက်ရှိတွင် စိစစ်နေသည့် ကုမ္ပဏီများ ရှိနေကြောင်း ဦးမိုးအောင်ခိုင်က ဧရာဝတီကို ပြောသည်။
“စိစစ်နေတဲ့ ကုမ္ပဏီတွေ ရှိပါတယ်။ အားလုံးပြီးသွားရင် ဘယ်ကုမ္ပဏီတွေဆိုတာ ထုတ်ပြန်ပေးသွားမှာပါ၊ လူမှုရေးအရ လောလောဆယ်တော့ ပြောလို့မရသေးပါဘူး” ဟု ၎င်းက ဆိုသည်။