သတင်း

ငြိမ်းချမ်းရေးအတွက် သတ္တိရှိရှိ ရင်ဆိုင်ကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး ရရှိရေးအတွက် သတ္တိရှိရှိ ရင်ဆိုင်ကြရန် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် က ယနေ့ ၂၁ရာစု ပင်လုံ ညီလာခံ အပိတ် မိန့်ခွန်းတွင် တိုက်တွန်း ပြောဆိုလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်က “အတိတ်ရဲ့ချည်နှောင်မှုကို ကျမတို့က ခံနေမှာလား။ အနာဂတ်ကို သတ္တိရှိရှိနဲ့ ရင်ဆိုင်ပြီး တည်ဆောက် သွားမှာလားဆိုတာကို ကျမတို့ တဦးချင်းဆုံးဖြတ်ရမယ့် ကိစ္စဖြစ်ပါတယ်”ဟု ပြောသည်။

၂၁ ရာစု ပင်လုံ ညီလာခံတွင် တပ်မတော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ၊ ပါဝင်သင့်ပါဝင်သူ ကိုယ်စားလှယ်များ အသီးသီး တို့က စာတမ်းများ ဖတ်ကြားခဲ့ကြပြီး တချို့သည် အတိတ်ကို ပြန်လှည့်ကြည့်သည့် နေရာတွင် အားသာကာ တချို့က အနာဂတ်ကို မျက်နှာမူသည့် နေရာတွင် အားသန်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

“အခုချိန်မှာ အတိတ်ကို လှည့်ကြည့်နေတဲ့ ပုဂ္ဂိုလ်များက နောင် တချိန်မှာ အနာဂတ်ဘက်ကို လှည့်သွား တာလည်း ဖြစ်နိုင်ပါတယ်။ ဖြစ်ဖို့လည်း မျှော်လင့်ပါတယ်”ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ညီလာခံတွင် ကိုယ်စားလှယ် ၇၂ ဦးတို့က သဘောထား များ၊ စာတမ်းများ တင်ပြသွားကြပြီး အဆိုပါ သဘော ထားများ၊ စာတမ်းများထဲတွင် ၁၉၄၇ ခုနှစ်၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် ချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ်ပါ ကိစ္စရပ်များ၊ တိုင်းရင်းသားလူမျိုးစုများ၏ နစ်နာချက်များနှင့် တချို့ တိုင်းရင်းသား လူမျိုးစု တို့ကလည်း ပုဂံခေတ်ကာလများမှ စ၍ ပိုင်ဆိုင်ခဲ့သည့် နယ်မြေများကို ပြန်လည် တောင်းဆိုခြင်းများလည်း ပါဝင်ကြောင်း သိရှိရသည်။

တချို့စာတမ်းများတွင်မူ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဖက်ဒရယ်ဖွဲ့စည်းပုံ စည်းမျဉ်းစည်းကမ်းများ၊ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းပြုလုပ်ရမည့် မူများ၊ ဒီမိုကရေစီ အပြည့်အဝ ရရှိသည့်နိုင်ငံဖြစ်စေရန် ပြင်ဆင်ရမည့်ဥပဒေများ၊ အနာဂတ် ဆွေးနွေးရမည့် နိုင်ငံရေးကိစ္စရပ်များနှင့် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး အတွက် မဖြစ်မနေ လုပ်ဆောင်ရမည့် ကိစ္စရပ်အသီးသီးတို့ ပါဝင်သည်။

လူမျိုးစုငယ် အသီးသီးတို့ကလည်း ၎င်းတို့ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများ ပေးရန်တောင်းဆိုခြင်းများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရရှိထားသည့် လူမျိုးစုတို့ကလည်း ပြည်နယ်အဆင့် အုပ်ချုပ်ခွင့် ပေးရန် စာတမ်းများအတွင်း ထည့်သွင်းပြောဆိုကြသည်။

ညီလာခံသို့ ပါဝင်သင့်ပါဝင်ထိုက်သူ ကဏ္ဍမှ တက်ရောက်လာသည့် နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမင်းဇင် က မြန်မာနိုင်ငံ၏ ပြဿာနာများမှာ တခုတည်း ကွက်ကြည့်၍ မရကြောင်း၊ ဒီမိုကရေစီ အသွင် ကူး ပြောင်းရေး၊ တိုင်းရင်းသား အရေးနှင့်ဖက်ဒရယ်ကိစ္စ ဖြေရှင်းနိုင်ရေး ကိစ္စရပ်များ၊ ဆင်းရဲမွဲတေမှု နှင့် စီးပွားရေး ပြဿနာ ၄ရက်ကလည်း ရှိနေသဖြင့် အားလုံးကို ဆက်စပ်စဉ်းစားဖြေရှင်းရန် လိုအပ်သည်ဟု ပြောသည်။

“ ဗိုလ်ချုပ်တို့ လက်ထက်တုန်းက လွတ်လပ်ရေးသည် ပထမ၊လွတ်လပ်ရေးသည် ဒုတိယ၊ လွတ်လပ်ရေးသည် တတိယဆိုပြီး လုပ်လို့ရတယ်။ အခုခေတ်ကျတော့ ဒီလေးခုစလုံးကို ဆက်စပ်ပြီး မစဉ်းစားနိုင်ဘူးဆိုရင် ဦးနင်းပဲ့ ထောင်တွေ အများကြီး ဖြစ်မယ်”ဟု ဦးမင်းဇင်က ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်က ၂၁ရာစုပင်လုံ အစည်းအဝေးများ ကျင်းပရခြင်းမှာ နိုင်ငံ၏ အနာဂတ် အတွက် လုပ်ဆောင် နေခြင်း ဖြစ်ကြောင်း၊ နိုင်ငံ၏ အနာဂတ်ဆိုသည်မှာ ရှည်ကြာသည့်ကာလဖြစ်ပြီး အနာဂတ်ကို ခိုလှုံမည့် ပြည်သူပြည်သား များ လည်း မရေမတွက်နိုင် ရှိသဖြင့် ထိုအနာဂတ်ပြည်သူပြည်သားတို့အား လုံခြုံ၊ ချမ်းသားဖို့ အရေး လုပ်ဆောင် နိုင်လျှင် လူဖြစ်ရကျိုးနပ်ပြီ ဖြစ်ကြောင်း ပြောဆိုသည်။

၂၁ရာစုပင်လုံ ညီလာခံ အကြိုပြင်ဆင်ရေး၊ ဆပ်ကော်မတီ ၁ ၏ ဥက္ကဌ ဒုဗိုလ်ချုပ်ကြီး ရာပြည့်ကလည်း ညီလာခံ တက်ရောက်လာသူ ကိုယ်စားလှယ်များအနေဖြင့် လိုအပ်ချက်များ၊ စိုးရိမ်ချက်များကို ထည့်သွင်းစဉ်းစား ရမှာ ဖြစ်သော်လည်း မိမိတို့ လိုချင်သည့်ကိစ္စရပ်များကိုသာ ဦးစားပေးနေလျှင် ပဋိပက္ခဖြေရှင်းရေးမှာ အလှမ်းဝေး နေမည်ဟု သတိပေး ပြောဆိုုသည်။

၂၁ရာစု ပင်လုံညီလာခံကို သြဂုတ်လ ၃၁ရက်မှ စက်တင်ဘာလ ၃ ရက်အထိ နေပြည်တော် ၊ မြန်မာကွန်ဗန်းရှင်း စင်တာ-၂ တွင် ကျင်းပခဲ့ပြီး ညီလာခံသို့ ကိုယ်စားလှယ် စုစုပေါင်း ၁၄၀၇ ဦး တက်ရောက်ခဲ့ကြောင်း၊ ၆ လတကြိမ် ညီလာခံများကို ထပ်မံကျင်းပသွားမည်ဖြစ်ပြီး နောက်တကြိမ် ညီလာခံမကျင်းပမီ ကာလအတွင်းတွင်လည်း ပြည်နယ်နှင့် ဒေသများအလိုက် အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရေး နှင့် အရပ်ဘက်လူမှု အဖွဲ့အစည်း ဖိုရမ်များ ကျင်းပနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

၂၁ ရာစုပင်လုံ ညီလာခံသို့ အစိုးရ၊ တပ်မတော်၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်တွင်းမှ တိုင်းရင်းသား လက်နက် ကိုင် ၂၁ဖွဲ့ ရှိသည့်အနက် ၁၇ ဖွဲ့ တက်ရောက်သာ တတ်ရာက်နိုင်ခဲ့ပြီး ယခုညီလာခံသည် ဆွေးနွေး ဆုံးဖြတ်ခြင်း ကိစ္စရပ်များ ပြုလုပ်ခြင်း မဟုတ်ဘဲ ကိုယ်စားလှယ် အသီးသီးတို့၏ သဘောထား အမြင်များကို နိုင်ငံရေး ဆွေးနွေးပွဲအတွက် စုဆောင်းခြင်းသာ ဖြစ်ကြောင်း သိရှိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading