သတင်း

သစ်တောဥပဒေဖြင့် လယ်သမား ၁၂ ဦး တရားစွဲဆိုခံရ

Want create site? Find Free WordPress Themes and plugins.

ဧရာဝတီ တိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ ကြာကန် – ကွင်းပေါက် သစ်တောကြိုးဝိုင်းအတွင်း ပုစွန်မွေးခြင်း၊ ငါးဖမ်းခြင်း၊ ရေငံတား တမံများပြုလုပ်ခြင်းနှင့် သစ်ပင်ခုတ်ခြင်းများ ပြုလုပ်သည်ဟုဆိုကာ လပွတ္တာမြို့နယ်သစ်တောရေးရာ ဦးစီးဌာနက လယ်သမား ၁၂ ဦး ကို တရားစွဲဆိုထားကြောင်းသတင်းရရှိသည်။

“ကျနော်တို့ရွာကို သစ်တောနဲ့ ရဲတပ်ဖွဲ့ရောက်လာပြီးတော့ လယ်ထဲကိုရေငန်မဝင်အောင် တာတမံ လုပ်နေတာကို သားငါး၊ ပုစွန်ထောင်စားပါတယ်ဆိုပြီးကျနော်တို့ လယ်သမား ၃ ဦးကို စက်လှေထဲခေါ်တင်ပြီး ဖမ်းခေါ်သွားတယ်။လပွတ္တာမြို့ရောက်တော့ သစ်တောရုံးမှာ စစ်ဆေးမေးမြန်းတာတွေလုပ်ပြီးမြို့မရဲစခန်းက အချုပ်ထဲကို ထည့်ထားတယ်။ ၁ ညနဲ့ နောက်တနေ့ ၁၂ နာရီကျမှပြန်လွှတ်ပေးတာ” ဟု လပွတ္တာမြို့နယ်၊ သပြေချောင်းအုပ်စု၊ ကန့်ဘလာကျေးရွာမှလယ်သမား ဦးစံသိန်းက ပြောသည်။

လယ်သမားများ တရားစွဲဆိုခံရမှုနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကိုလပွတ္တာမြို့ရှိ တောင်သူ လယ်သမားသမဂ္ဂ ရုံးခန်းတွင် သြဂုတ် ၁ ရက်နေ့နေ့လည်ပိုင်းက ပြုလုပ်ခဲ့ရာ တရားစွဲခံရသည့် လယ်သမားများ၊ ဒေသခံ
တောင်သူလယ်သမားများ၊ မြို့ခံလူမှုရေးအသင်းများနှင့် သစ်တောဌာနမှတာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

လပွတ္တာမြို့နယ်၊ သစ်တောဦးစီးဌာနက သြဂုတ်လ ၁၁ ရက်နှင့် ၁၂ ရက်နေ့တို့တွင် လပွတ္တာမြို့နယ် သပြေချောင်းအုပ်စု၊ ကန့်ဘလာ၊ အလံတစ်ရာနှင့်ဒရယ်ဖြူကျေးရွာတို့မှ ဦးစံသိန်း၊ ဦးမောင်တူး၊ ဦးဇော်ဦး၊
ဦးဖိုးထော်လေးတို့ အပါအဝင် လယ်သမား ၁၂ ဦးတို့ကိုမြို့နယ်သစ်တောရုံးသို့ ခေါ်ယူထိန်းသိမ်းကာ စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း တရားစွဲခံလယ်သမားများက ပြောသည်။

မြို့နယ်ဦးစီးမှူး ဦးချစ်သန်းထွန်းက တရားလိုပြုလုပ်ကာ လယ်သမားများကိုသစ်တောဥပဒေပုဒ်မ ၄၀ (က)၊ (ဂ)၊ (ဃ)၊ ၄၁ (က)၊ ၄၂ (က) နှင့် သစ်တောစိုက်ခင်ကျူးကျော်မှုတို့ဖြင့် လပွတ္တာမြို့နယ်တရားရုံးတွင်
တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

လပွတ္တာမြို့နယ်တွင် သစ်တောဖုံးလွှမ်း ဧရိယာများ တဖြည်းဖြည်းနည်းပါးလာနေသည့်အတွက် သစ်တော ကြိုးဝိုင်းများကိုကာကွယ်စောင့်ရှောက်သည့်အနေဖြင့် တရားစွဲဆိုခြင်းဖြစ်ကြောင်း၊နေပြည်တော်ရှိ သစ်တောဌာနရုံးချုပ်နှင့် ဧရာဝတီတိုင်း သစ်တောဌာနတို့၏ညွန်ကြားချက်အရ သစ်တောကြိုးဝိုင်းအတွင်း ကျူးကျော်သူများကိုတရားစွဲဆိုခြင်းဖြစ်ကြောင်း လပွတ္တာမြို့နယ်သစ်တောဌာနမှူး ဦးချစ်သန်းထွန်းက ပြောသည်။

“သစ်တောကြိုးဝိုင်းအတွင်းမှာ ကျူးကျော်ဝင်ရောက်ပြီး ပုစွန်ကန်လုပ်ခြင်း၊တာဖို့ခြင်း၊ သစ်ပင်ခုတ်ခြင်း လုပ်နေတာတွေကို လက်ပူးလက်ကြပဓာတ်ပုံမှတ်တမ်းနဲ့အတူ တွေ့ရှိရတဲ့သူများကိုသာ ဖမ်းဆီးပြီး တရားစွဲဆို
ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၁၀၊ ၂၀၁၁ ခုနှစ်က တည်ထောင်ခဲ့တဲ့သစ်တောစိုက်ခင်းဟောင်းထဲမှာ ကျူးကျော်ဝင်ရောက်သူတွေကိုစိုက်ခင်းကျူးမှုနဲ့ပါ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်” ဟု တရားလိုဖြစ်သူ
လပွတ္တာမြို့နယ်သစ်တောဌာနမှူး ဦးချစ်သန်းထွန်းက ဧရာဝတီကို ပြောသည်။

သစ်တောဥပဒေပုဒ်မ ၄၀၊ ၄၁ နှင့် ၄၂ တို့မှာ ရဲအရေးမပိုင်သည့်အာမခံပေးနိုင်သော အမှုများဖြစ်သော်လည်း ကန့်ဘလာကျေးရွာမှ လယ်သမား ဦးစံသိန်း၊ ဦးကျော်ကျော်၊ ဦးချစ်ခိုင်တို့ကို မြို့မရဲစခန်းအချုပ်ထဲ၌ ၁၂ နာရီ ကြာအောင်ချုပ်နှောင်ထိမ်းသိမ်းထားခြင်းက ဥပဒေနှင့် မညီကြောင်းပုသိမ်မြို့အခြေစိုက် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ ကွန်ရက်အဖွဲ့ခေါင်းဆောင် ဦးထွန်းထွန်းဦးက ပြောသည်။

“သစ်တောဌာနက လယ်သမားတွေကို တရားစွဲတဲ့ပုဒ်မတွေက အာမခံပေးလို့ရတယ်။ရဲအရေးမပိုင်တဲ့ ပုဒ်မတွေ ဖြစ်တယ်။ အဲဒါကို လယ်သမားတွေကိုခဏလိုက်ခဲ့ပါဆိုပြီး လပွတ္တာခေါ်လာပြီး မြို့ရောက်မှ အချုပ်ထဲဆွဲထည့်ထားတဲ့သစ်တောဌာနနဲ့ ရဲတပ်ဖွဲ့ရဲ့လုပ်ရပ်ဟာ ဥပဒေနဲ့ လုံးဝမညီပါဘူး။ ဒါဟာ ဥပဒေလက်တလုံးခြားလုပ်ပြီး လယ်သမားတွေကို နှိပ်စက်တဲ့လုပ်ရပ်လို့ပဲပြောချင်တယ်”ဟု သူက ပြောသည်။

သစ်တောဌာနက တရားစွဲဆိုသည့် အဆိုပါအမှုများကို လပွတ္တာမြို့နယ်တရားရုံးကလက်ခံခဲ့ပြီး သြဂုတ်လ ၂၉ ရက်နေ့တွင် ပထမဆုံးရုံးချိန်းအဖြစ်ကြားနာခဲ့သည်။ ဒုတိယမြောက်ရုံးချိန်းကို စက်တင်ဘာလ ၆ ရက်နှင့် ၈
ရက်နေ့များတွင် ထပ်မံကြားနာရန် ချိန်းဆိုထားသည်။

လပွတ္တာမြို့နယ် သစ်တောဌာနအနေဖြင့် ဒေသခံလယ်သမားများကို တရားစွဲဆိုမှုများဆက်လက်လုပ်ဆောင် လာပါက သစ်တောဌာနနှင့် ဒေသခံတောင်သူလယ်သမားများအကြားပဋိပက္ခများ ဖြစ်ပွားလာမည်ဖြစ်ကြောင်း
လပွတ္တာမြို့နယ် တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးအောင်မိုးဝင်းက ပြောသည်။

“သစ်တောကျူးကျော်က ဟိုးယခင်ကတည်းက ရှိခဲ့တယ်။ သစ်တောဥပဒေကလည်း ယခင်ကတည်းကရှိခဲ့တယ်။ အဲဒီဥပဒေတွေကို ဟိုတုန်းက မသုံးခဲ့ဘဲ အခုကျမှမြေပြင်အခြေအနေလည်း မလေ့လာဘဲနဲ့ အသုံးပြုတာတွေ အရေးယူတာတွေဆက်လုပ်မယ်ဆိုရင် သစ်တောဌာနနဲ့ လယ်သမားတွေ ကြားမှာ ပဋိပက္ခတွေဖြစ်လာပြီးဒေသတွင်းမှာ မတည်ငြိမ်မှုတွေ ဖြစ်လာလိမ့်မယ်။ သစ်တောတွေကို ဒီနည်းနဲ့ ထိမ်းသိမ်းမယ်ဆိုရင် မှားတယ်လို့ပဲ ပြောချင်တယ်”ဟု သူက ပြောသည်။

လယ်သမားများတရားစွဲဆိုခံရမှုများဖြစ်ပွားနေသည့် လပွတ္တာ မြို့နယ် ကြာကန် -ကွင်းပေါက် သစ်တောကြိုးဝိုင်းမှာ မူလက ၇၀၉၂၆ ဧက အကျယ်အဝန်းရှိခဲ့ပြီးသစ်တောကြိုးဝိုင်းအတွင်း နေထိုင်စိုက်ပျိုး လုပ်ကိုင်သူ များပြားလာသည့်အတွက် သစ်တောဌာနက ၂၀၁၃ ခုနှစ်တွင် ၂၅၆၅၀ ဧက ကို သစ်တောမြေအဖြစ်မှပယ်ဖျက်ခဲ့ပြီး ရွာမြေ၊ လယ်မြေ၊ ယာမြေနှင့် သာသနာ့ နယ်မြေများအဖြစ် ခွင့်ပြုခဲ့ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading