သတင်း

ရေကြီးနစ်မြုပ်မှုကြောင့် ဧရာဝတီတိုင်းရှိ လယ်ဧက ၂ သိန်းကျော်ပျက်စီးခဲ့

Want create site? Find Free WordPress Themes and plugins.

ဧရာဝတီတိုင်းဒေသကြီးအတွင်း သြဂုတ်လအတွင်းက စံချိန်တင် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပွားခဲ့သည့်အတွက် ပုသိမ်၊ မအူပင်၊ ဟင်္သာတ၊ မြောင်းမြနှင့် ဖျာပုံခရိုင်တို့ရှိ မြို့နယ် ၁၉ ခုက မိုးစပါးစိုက်ပျိုးဧက
၂၂၀၀၀၀ ကျော် ပျက်စီးဆုံးရှူံးခဲ့ကြောင်း ဧရာဝတီ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ထံက သိရသည်။

“ရေကြီးနစ်မြုပ်တဲ့အတွက် မိုးစပါးစိုက်ဧက ပျက်စီးမှုက ၂၂၀၀၀၀ ကျော် ရှိပါတယ်။ အများဆုံး ထိခိုက်ပျက်စီးတာတော့ ပုသိမ်ခရိုင် ဖြစ်ပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဌာနမှ ဦးစီးအရာရှိ ဦးမြင့်လွင်က ဧရာဝတီသို့ ပြောသည်။

မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေလျှံခြင်းများကြောင့် ဧရာဝတီတိုင်း အတွင်းရှိ ကျေးရွာအုပ်စုပေါင်း ၆၂၉ အုပ်စုမှ တောင်သူပေါင်း ၆၂၀၀၀ ကျော် စိုက်ပျိုးထားသည့် လယ်ဧက ၃၂၀၀၀၀ ကျော် ရေနစ်မြုပ်ခဲ့သည်။ တိုင်းစိုက်ပျိုးရေးဌာနမှ ရရှိသည့် စက်တင်ဘာလ ၂ ရက်နေ့ စာရင်းအရ လယ်ဧက ၃၀၅၀၀၀ ကျော်မှာ ရေပြန်ပေါ်ပြီဖြစ်ကြောင်း သိရသည်။

ရေပြန်ပေါ်သည့် ဧက ၃၀၅၀၀၀ အနက် မိုးစပါးစိုက်ပျိုးထားသည့် လယ် ၂၂၁၉၈၃ ဧက ပျက်စီးခဲ့ပြီး ပျက်စီးသွားသည့် လယ် ၁ ဧက၏ စိုက်ပျိုးမှု ကုန်ကျစရိတ် ကျပ် ၁ သိန်းနှုန်းဖြင့် တွက်ချက်ပါက ဒေသခံ တောင်သူ လယ်သမားတို့၏ ငွေကျပ် ၂၂ ဘီလီယံကျော် ထိခိုက်ဆုံးရှူံးခဲ့ခြင်း ဖြစ်သည်။

“စပါးခင်းတွေက ရေမြုပ်သွားတာ ၂၅ ရက်လောက်ဖြစ်သွားတော့ အကုန်လုံး ပုပ်ကုန်ပြီး ပျက်စီးသွားတာပေါ့။ ကျနော်တို့ ကျေးရွာအုပ်စု တခုတည်းမှာတင် ဧက ၂၀၀၀ လောက် ပျက်စီးသွားတယ်။ ကျနော့်ကိုယ်ပိုင်လယ် ဧက ၆၀ ရှိတာ အကုန်လုံးနီးပါး ပျက်စီးတယ်။ လယ်တွေပျက်တော့ အစိုးရဆီက ချေးထားတဲ့ ဘဏ်ချေး ငွေတွေ ပြန်ဆပ်ဖို့ကို ကျနော်တို့လယ်သမားတွေ စိတ်ပူနေရပြီ”ဟု ရေကြည်မြို့နယ်၊ မရင်းကူးကျေးရွာမှ လယ်သမား ကိုမျိုးဝင်းက ပြောသည်။

ရေလွှမ်းမိုးမှုကြောင့် ပုသိမ်ခရိုင်ရှိ မြို့နယ် ၆ ခုမှ လယ်ဧကပေါင်း ၁၂၀၀၀၀ ကျော် ပျက်စီးခဲ့ပြီး ရေကြည်နှင့် ကျောင်းကုန်းမြို့နယ်တို့မှာ ဧရာဝတီတိုင်းတခုလုံး၌ လယ်ပျက်စီးမှုအများဆုံး ရင်ဆိုင် နေရသည့်မြို့နယ်များ ဖြစ်သည်။

ဟင်္သာတခရိုင်ရှိ မြို့နယ် ၆ ခုမှ လယ်ဧကပေါင်း ၅ သောင်းကျော် ပျက်စီးခဲ့ပြီး မအူပင်ခရိုင်ရှိ မြို့နယ် ၄ ခုမှ လယ်ဧက ၃ သောင်းကျော် ပျက်စီးခဲ့သည်။ မြောင်းမြခရိုင်ရှိ ၀ါးခယ်မနှင့် အိမ်မဲ မြို့နယ်တို့တွင် လယ်ဧက ၆ ထောင်ကျော် ပျက်စီးခဲ့ပြီး ဖျာပုံမြို့နယ်တွင် လယ်ဧက ၅ ထောင်ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဧရာဝတီတိုင်း စိုက်ပျိုးရေးဌာန စာရင်းများအရ သိရသည်။

ဧရာဝတီတိုင်းအတွင်း ရေကြီးမှုကြောင့် ပျက်စီးသွားသည့် လယ်ဧက ၂၂၀၀၀၀ ကျော်တွင် လယ် ၄၄၄၇ ဧက သာ လယ်သမားများ ပြန်လည်စိုက်ပျိုးထားနိုင်ရာ ပျက်စီးမှု၏ ၂ ရာခိုင်နှုန်းသာ ပြန်လည်းစိုက်ပျိုး နိုင်သည့်အခြေအနေ ရှိနေသည်။

“လယ်ပျက်စီးတဲ့ လယ်သမား တော်တော်များများက ပြန်မစိုက်နိုင်ကြဘူး။ ဘာလို့ဆိုတော့ အစိုးရဆီက ချေးထားတဲ့ ဘဏ်ချေးငွေတွေကို အကုန်သုံးပြီး လယ်စိုက်ခဲ့တာဆိုတော့ အခုလို ပျက်သွားချိန်မှာ ပြန်စိုက်ဖို့ ငွေမရှိတော့ဘူး။ အဲတော့ အစိုးရပိုင်းက ကူညီထောက်ပံ့မှသာ လယ်သမားတွေ လယ်ပြန်စိုက်နိုင်လိမ့်မယ်”ဟု လယ်သမား ကိုမျိုးဝင်းက ပြောသည်။

ဧရာဝတီတိုင်း စိုက်ပျိုးရေးဌာနက သဘာဝဘေးအန္တရယ် ဖြစ်ပေါ်လာပါက အသုံးပြုရန် ၀ယ်ယူထားသည့် သက်တမ်းတို သီးထပ်ယဉ် အရန်မျိုး စပါး တင်း ၂ သောင်းကို လယ်သမားများထံ ဖြန့်ဝေပေးရန်စီစဉ်နေကြောင်း ဦးစီးအရာရှိ ဦးမြင့်လွင်က ပြောသည်။

“သဘာဝဘေးဖြစ်လာရင် သုံးဖို့ဆိုပြီး ပြည်ထောင်စုဘတ်ဂျက် ကနေ အရန်မျိုးစပါး တင်း ၂ သောင်း ၀ယ်ထားတာ ကျနော်တို့မှာ ရှိပါတယ်။ အဲဒီ မျိုးစပါးတွေကို တောင်သူတွေဆီ ဖြန့်ဝေပေးဖို့ စီစဉ်နေပါပြီ။ တောင်သူတွေအနေနဲ့ စိုက်ခင်းမဟုတ်ဘဲ ကြဲခင်းအနေနဲ့ ပြန်စိုက်မယ်ဆို အချိန်မီနိုင်ပါတယ်”ဟု သူက ပြောသည်။

စိုက်ပျိုးရေးဌာနအနေဖြင့် မျိုးစပါးများဖြန့်ဖြူးပေးမည်ဖြစ်သော်လည်း ပျက်စီးသည့်လယ်ပမာဏ များပြားနေသည့်အတွက် မျိုးစပါးလိုအပ်ချက်များစွာ ရှိနေကြောင်း ပုသိမ်ခရိုင် စိုက်ပျိုးရေးမန်နေဂျာ ဦးစိန်မောင်မြင့်က ဆိုသည်။

“ကျနော်တို့ဌာနမှာရှိတဲ့ မျိုးစပါးတင်း ၂ သောင်းက ၁ ဧကကို ၁ တင်းနှုန်း ဖြန့်ပေးမယ်ဆိုရင်တောင်
ဧက ၂ သောင်း လောက်ပဲ မျိုးစပါးထောက်ပံ့နိုင်တဲ့အခြေအနေ ရှိပါတယ်။ ပျက်စီးတာက ဧက ၂ သိန်းကျော် ဆိုတော့ မျိုးစပါးတွေလုံလောက်အောင် ဖြန့်ပေးဖို့ အများကြီးလိုနေပါတယ်။ ဒါကြောင့် ပြင်ပအလှူရှင်တွေထဲက မျိုးစပါးလှူဒါန်းနိုင်သူများရှိရင် ဧရာဝတီတိုင်းက လယ်သမားတွေအတွက် ကူညီပေးစေလိုပါတယ်” ဟု သူက ပြောသည်။

၂၀၁၅ ခုနှစ်အတွင်းကလည်း ဧရာဝတီတိုင်းတွင် ရေကြီးနစ်မြုပ်မှုများဖြစ်ပွားခဲ့သည့်အတွက် လယ်ဧက ၂၁၀၀၀၀ ကျော် ပျက်စီးခဲ့ရာ ဧက ၆ သောင်းကျော်သာ တောင်သူများ ပြန်လည်စိုက်ပျိုးနိုင်ခဲ့ကြောင်း တိုင်းစိုက်ပျိုးရေးရုံး စာရင်းများအရ သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading