ကရင်ပြည်နယ် မြိုင်ကြီးငူဒေသ အတွင်း ကရင် နယ်ခြားစောင့် တပ် (BGF) နှင့် တိုးတက်သော ဗုဒ္ဓ ဘာသာ ကရင် အမျိုးသား တပ်မတော် (DKBA) တို့ကြား ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေသဖြင့် ကျံုထော် ရေတံခွန် သို့ အပန်းဖြေသူများနှင့် အများပြည်သူများ မလာကြရန် ယာယီ တားမြစ်ထားသည်ဟု သတင်းရရှိသည်။
BGF နှင့် DKBA တို့သည် စက်တင်ဘာလ ၂ ရက်မှ စ၍ မြိုင်ကြီးငူရှိ မဲသဝေါ၊ ရှမ်းရွာသစ်၊ မဲ့ပေါ်ပလော ၊ မဲ့ဆိပ် ၊ မယ်လာယော့ ဒေသနှင့် ရင်းပိုင်းချောင်း အနီးတို့တွင် တိုက်ပွဲများ ဖြစ်ပွားလျက် ရှိသည်ဟု သိရသည်။ နှစ်ဖက် အသေ အပျောက်ကိုမူ တိတိကျကျ မသိရှိရသေးပေ။
BGF အကြမ်းဖက်နှိမ်နင်းရေး တပ်ဖွဲ့မှ ဗိုလ်မှူး နိုင်မောင်ဇော်က တိုက်ပွဲဖြစ်ပွားရာ နေရာများသည် အများ ပြည်သူများ လာရောက် အပန်းဖြေသည့် ကျံုထော်ရေတံခွန် နှင့် နီးသဖြင့် မိုင်းအန္တရာယ်နှင့် အခြား အန္တရာယ်များ မကြုံရစေရန် ကျံုထော် ရေတံခွန် အနီးသို့ မလာကြစေလိုကြောင်း၊ မြိုင်ကြီးငူ ဆရာတော် ကြီးကလည်း မလာကြရန် မိန့်ကြား ထား ကြောင်း ဧရာဝတီကို ပြောသည်။
“ဒီမနက် ၆ နာရီ ၁၅ မိနစ်မှာ မဲသဝေါ ၊ မဲ့ပေါ်ပလောမှာ သူတို့(DKBA) ဘက်က စပြီး လာပစ်တယ်။ ၈နာရီခွဲမှာ ကျနော်တို့ ဘက်က နယ်မြေ ပြန်ရှင်းတယ်။ ဒီတော့ ထိတွေ့မှုတော့ နည်းနည်း ဖြစ်သွားပါတယ်”ဟု ဗိုလ်မှူး နိုင်မောင်ဇော်က ပြော သည်။
မြိုင်ကြီးငူဒေသအတွင်း DKBA နှင့် BGF တို့ကြား တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် ကောင်းမှု ကျေးရွာအနီး နှင့် ကျံုထော် ရေတံခွန် အနီးသို့ မလာကြရန် သတိပေးသည့် သတင်း စကားများ ဒေသခံတို့ကြားတွင် ပျံ့နှံ့နေသည်ဟုလည်း ဒေသခံ များထံမှ စုံစမ်းသိရှိရသည်။
DKBA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်ကြီး စောရဲထက်ကလည်း “တိုက်ပွဲကတော့ နေ့တိုင်း ဖြစ်နေပါတယ်။ တိုက်ပွဲဖြစ်ပွားရတာက ကြေညာချက်ထဲကလိုပဲ သူတို့ဘက်က ထိုးစစ်သဏ္ဍာန် ဖြစ်လာလို့ပါ”ဟု ဧရာဝတီကို ပြောသည်။
တိုက်ပွဲမဖြစ်ပွားခင် သြဂုတ်လ ၃၀ ရက်တွင် DKBA ဘက်က ၎င်းတို့ တပ်ဖွဲ့များ ရှိနေသည့် ကော့ကရိတ် မြို့နယ်၊ ကောင်း မှု ကျေးရွာအနီး တပ်မတော်နှင့် BGF တို့က ထိုးစစ်ဆင်မှုများ လာရောက် ပြုလုပ်နေကြောင်း၊ ထိုသို့ ပြုလုပ်မှုများကို စက်တင်ဘာလ ၁ ရက်တွင် အားလုံး ရုပ်သိမ်း ပေးစေလိုကြောင်းနှင့် မရုပ်သိမ်းပါက DKBA က ၎င်းတို့ ထိန်းချုပ်ဒေသ၊ လှုပ်ရှားဒေသ အားလုံးတွင် တပြိုင်တည်း စစ်မျက်နှာများ ဖွင့်ကာ တို်က်ခိုက်သွားမည် ဖြစ်ကြောင်း ကြေညာချက် တစောင် ထုတ်ပြန် ထားသည်။
ထိုကြေညာချက် ထုတ်ပြန်ပြီး ၂ရက် အကြာတွင် BGF နှင့် DKBA တို့ကြား မြိုင်ကြီးငူရှိ မဲသဝေါဒေသတွင် တိုက်ပွဲများ ဖြစ်ပွားလာခြင်း ဖြစ်သည်။
ဗိုလ်ကြီး စောရဲထက်က ၎င်းတို့ တပ်ဖွဲ့များ ရှိရာ နေရာများသို့ BGF နှင့် တပ်မတော်က ထိုးစစ်များ ဆင်နေခြင်းကြောင့် ထိုကဲ့သို့ ကြေညာချက် ထုတ်ပြီး စစ်မျက်နှာ ဖွင့်ရခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။
စက်တင်ဘာလ ၂ ရက်မှ ယနေ့အထိ DKBA နှင့် BGF ကြား တိုက်ပွဲငယ် ၂၀ ခန့် ဖြစ်ပွားထားပြီဟုလည်း ဗိုလ်ကြီး စောရဲထက် က ပြောသည်။
DKBA ဘက်မှ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ဗိုလ်မှူး နိုင်မောင်ဇော်ကမူ ထုတ်ပြန်ချက်သည် မှားယွင်း နေကြောင်း၊ DKBA ၏ တပ်ဖွဲ့များ ရှိသည့် နေရာကို BGF က ထိုးစစ်ဆင်ခြင်း မပြုလုပ်ကြောင်း၊ DKBA ကသာ BGF ရှိရာသို့ မကြာခဏ လာရောက် ပစ်ခတ်နေခြင်းကြောင့် ပြန်လည် ပစ်ခတ်ရခြင်း ဖြစ်ကြောင်း ပြောသည်။
ဗိုလ်မှူး နိုင်မောင်ဇော်က “သက်သက်မဲ့ ခေါင်းစဉ်ရှာတဲ့ သဘောမျိုး ဖြစ်တယ်။ ကောင်းမှု ဧရိယာမှာ ထိုးစစ် ဆိုတာ မရှိ ဘူး။ သူတို့ လူ ၄၊ ၅၊ ၆ ယောက်ကိုလည်း ထိုးစစ်ဆင်စရာ အကြောင်း မရှိဘူး”ဟု ပြောဆိုသည်။
ထို့အပြင် ဗိုလ်မှူး နိုင်မောင်ဇော်က DKBA ဘက်မှ မြေမြှုပ်မိုင်း အများအပြား ထောင်လာသဖြင့် ဒေသခံများ ယခုလပိုင်း အတွင်း တောင်ယာများသို့ မသွားမလာရဲ ဖြစ်နေကြောင်း၊ လက်ရှိအချိန်အထိ DKBA ဘက်မှသာ ထိုးစစ်ဆင်နေခြင်း ဖြစ် နေသဖြင့် လွန်ကဲလာပါက BGF ဘက်ကလည်း တုံ့ပြန်မှု တစုံတရာ ပြုလုပ်မည် ဖြစ်ကြောင်းလည်း ဆိုသည်။
တိုက်ပွဲအခြေအနေ ပိုမိုပြင်းထန်လာပါက ဒေသခံများကို အန္တရာယ် ရှိသည့် နေရာများသို့ မသွားလာမိစေရန် ထုတ်ပြန်မှု များ ကို ပြုလုပ်သွားမည်ဟုလည်း သိရသည်။
ဖလုံ-စဝေါ် ဒီမိုကရက်တစ် ပါတီ ဒုဥက္ကဋ္ဌ ဦးမန်းအောင်ပြည်စိုးက ကော့ကရိတ်မြို့မှ မြဝတီမြို့သို့ သွားသည့် လမ်းမအနီးရှိ ကောင်းမှု ကျေးရွာအနီးတွင် စစ်ရေး အခြေအနေ မကောင်းဟု သတင်းကြားထားကြောင်း ဧရာဝတီကို ပြောသည်။
ဦးမန်းအောင်ပြည်စိုးက“အစိုးရဘက်ကတော့ ဘာမှ ထုတ်ပြန်တာမရှိပေမယ့် တိုက်ပွဲဖြစ်ထားတဲ့ နေရာတွေနား ပြည်သူ တွေ ကတော့ သူ့အလိုလို ရှောင်နေကြတယ်။ မသွားကြဘူး။ နောက် ကျံုထော် ရေတံခွန်ကိုတော့ မလာကြဖို့ သတိပေး ထား တာ ကြားတယ်”ဟုလည်း ပြောသည်။
DKBA ခွဲထွက်အဖွဲ့မှ ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်နားမကြား သေဆုံးပြီးနောက်တွင် DKBA နှင့် BGF စစ်ရေး အခြေအနေ တင်းမာ လာခြင်း ဖြစ်သည်ဟုလည်း ဦးမန်းအောင်ပြည်စိုးက ဆိုသည်။
ဗိုလ်နားမကြား သေဆုံးရခြင်းနှင့် ပတ်သက်၍ ဆင်ဦးစီး ၅ဦးကို ပြန်ပေးဆွဲရာ တဦးက ဓားဖြင့် လည်ပင်းကို ခုတ်လိုက်ရာမှ သေဆုံးခြင်း ဖြစ်သည်ဟု သိရပြီး DKBA နှင့် နီးစပ်သူများက ဗိုလ်နားမကြားကို တပ်မတော် နှင့် BGF တို့က ဖမ်းဆီး သတ်ဖြတ်လိုက်ခြင်း ဖြစ်သည်ဟုလည်း စွပ်စွဲပြောဆိုမှုများ ရှိနေသည်။
DKBA သည် လက်ရှိ ဗိုလ်ချုပ် စောမိုရှေး ဦးစီးသည့် ဒီမိုကရေစီ အကျိုးပြု ကရင့အမျိုးသား တပ်မတော် (DKBA) မှ တပ်ဖွဲ့ဝင် ဟောင်းများ ဖြစ်သည်။
၂၀၁၅ ခုနှစ် ဇူလိုင်လ အတွင်းက BGF ၊ တပ်မတော်တို့နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့သည့် အပေါ် တပ်တွင်း မကျေလည်မှုများ ဖြစ်ပြီး ဗိုလ်မှူးချုပ် စောကျော်သက် ဦးစီးသည့် တပ်ရင်း တခုလုံးကို DKBA ဗဟိုက ထုတ်ပယ်ခဲ့သည်။
ထို့အတူ ဗိုလ်မှူးချုပ် စောကျော်သက်တို့နှင့် ပူးပေါင်းခဲ့သည့် ကလို့ထူးဘော စစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး စောဆန်းအောင် နှင့် တပ်မဟာ ၂ခုကိုလည်း ထုတ်ပယ်ခဲ့သည်။
ထိုကဲ့သို့ ထုတ်ပယ်ခံခဲ့ရသည့် ဗိုလ်မှူးချုပ် စောကျော်သက်၊ ဗိုလ်မှူးကြီး စောဆန်းအောင်နှင့် တပ်ဖွဲ့များသည် DKBA ဗဟို က ၎င်းတို့ တပ်ဖွဲ့များအပေါ် တာဝန်ယူမှု မရှိသဖြင့် ခွဲထွက်မည် ဟု ထုတ်ပြန်ကြေညာကာ လက်ရှိ တိုးတက်သော ဗုဒ္ဓ ဘာသာ ကရင် အမျိုးသား တပ်မတော် (DKBA) အမည်ဖြင့် အဖွဲ့သစ် ထူထောင်ခဲ့ခြင်း ဖြစ်သည်။
ထို့နောက်ပိုင်းတွင် DKBA ခွဲထွက်အဖွဲ့သည် တပ်မတော်၊ BGF တို့နှင့် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့ပြီး DKBA ခွဲထွက် အဖွဲ့ ခေါင်းဆောင်များကိုလည်း အရှေ့တောင်ပိုင်းတိုင်း စစ်ဌာနချုပ်က ဖမ်းဝရမ်းများ ထုတ်ပြန်ထားသည်။
DKBA သည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ စုပေါင်းဖွဲ့စည်းထားသည့် ဖက်ဒရယ် ပြည်ထောင်စု တပ်မတော် (FUA) တွင် ပါဝင်မှုရှိနေပြီး ရခိုင်ပြည်နယ်အတွင် တပ်မတော် နှင့် ရက္ခိုင့်တပ်မတော် (AA) တို့ကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ တွင်လည်း ပါဝင်ကူညီမှုများ ရှိခဲ့ကြောင်း သိရသည်။