ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ် ၁၄ ရပ်ကွက်နှင့် ဆက်စပ်နေသည့် ငမိုးရိပ်ချောင်းအတွင်း ပိုင် (Pile) ရိုက်ကာ ရေစီးကြောင်း ပြောင်းစေပြီး ကမ်းနံရံ ချဲ့ခြင်းကို လုပ်ဆောင်ခဲ့သည့် ဆာကူရာထရိတ် ကုမ္ပဏီကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက တရားစွဲဆိုရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
“ကုမ္ပဏီက ချောင်းထဲကို မြေဖို့ချင်တဲ့ပုံစံမျိုး လုပ်တာ။ အနီးအနားမှာက သူတို့ ဆောက်နေတဲ့ အိမ်ရာ စီမံကိန်းတွေ ရှိတယ်။ အခု အစိုးရ က မြစ်ချောင်း ဥပဒေနဲ့ အရေးယူမှာဆိုတော့ ဘယ်လို ဆက်လုပ်မလဲ စောင့်ကြည့်နေပါတယ်”ဟု တောင်ဥက္ကလာပမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ စောနိုင်က ဧရာဝတီသို့ ပြောသည်။
ယမန်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဒေါက်တာ စောနိုင်က တောင်ဥက္ကလာပမြို့နယ် ၁၄ ရပ်ကွက်နှင့် ဆက်စပ် နေသည့် ငမိုးရိပ်ချောင်းအတွင်း ဆာကူရာထရိတ် ကုမ္ပဏီက ချောင်း အတွင်း ပိုင်ရိုက်ကာ ရေစီးကြောင်း ပြောင်းစေပြီး ကမ်းနံရံ ချဲ့နေ ခြင်းကို သက်ဆိုင်ရာ ဌာနအနေဖြင့် ငမိုးရိပ်ချောင်း ရေရှည်ထိန်းသိမ်းခြင်းအတွက် မည်သို့ စီစဉ်ဆောင်ရွက်ထားကြောင်း သိရှိလိုကြောင်း အစိုးရသို့ မေးမြန်းခဲ့သည်။
“ဆာကူရာထရိတ် ကုမ္ပဏီရဲ့ ကမ်းထိန်းလုပ်ငန်းဆောင်ရွက်မှုဟာ ဥပဒေနဲ့ မညီညွှတ်တဲ့အတွက် ရေအရင်းအမြစ်နဲ့ မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေနဲ့ တရားစွဲဆိုဆောင်ရွက်သွားပါ့မယ်”ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဦးသန့်စင်မောင်က လွှတ်တော်တွင် ပြန်လည် ဖြေကြားခဲ့သည်။
တောင်ဥက္ကလာပမြို့နယ် ၁၄ ရပ်ကွက် ချယ်ရီဥယျာဉ် အိမ်ရာဝင်းအတွင်းရှိ အိမ်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေသော ဆာကူ ရာထရိတ် ကုမ္ပဏီမှ လုပ်ပိုင်ခွင့်ရရှိထားသော နေရာသည် မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် အကျိုးတူ ဆောင်ရွက်နေခြင်းဖြစ်ပြီး ငမိုးရိပ်ချောင်းမြစ်ကွေ့၏ အပြင်ဘက်တွင် တည်ရှိ၍ ရေတိုက်စားမှု အများဆုံး ခံရသည့် ကမ်းဘက်တွင် တည်ရှိနေကြောင်း သိရသည်။
ယင်းကုမ္ပဏီသည် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ညှိနှိုင်း တိုင်ပင်ခြင်း မရှိဘဲ ရေထဲပိုင်းတွင် Bore Pile များ ရိုက်ခြင်း၊ ကမ်းပါးနယ်ပယ်တွင် ကွန်ကရစ် Pile တိုင်များ ရိုက်ခြင်း၊ မျောတိုင်တန်း ရေကာများ ရိုက်ခြင်းနှင့် သဲအိပ်စီ၍ သဲမှုတ်ထည့်ခြင်းများ ဆောင်ရွက်ထားကြောင်း စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဝန်ကြီး ဦးသန့်စင်မောင်က ပြောသည်။
ဆာကူရာထရိတ်စင်တာ ကုမ္ပဏီသည် မြေ ၈.၉၉ ဧကပေါ်တွင် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနထံမှ အိမ်ရာဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ခွင့် ရရှိထားသော်လည်း ကမ်းပြိုကမ်းစားမှုကြောင့် လက်ရှိအချိန်တွင် ၈ ဒသမ ၃၃ ဧကသာ ကျန်တော့ကြောင်း၊ ကမ်းပြိုမှု ဖြစ်ပွားသည့် ကမ်းအရှည်သည် ပေ ၄၂၀ ခန့်ရှိကြောင်း သိရသည်။
ငမိုးရိပ်ချောင်းသည် ရန်ကုန်မြို့တော်၏ လူနေထူထပ်သည့် မြောက်ဥက္ကလာ၊ တောင်ဥက္ကလာ၊ သဃာၤကျွန်း၊ သာကေတ၊ ဒေါပုံနှင့် ပုဇွန် တောင်မြို့နယ်များကို ဖြတ်သန်းစီးဆင်းသွားသဖြင့် ဖွံဖြိုးပြီး နိုင်ငံများ နည်းတူ မြစ်ကမ်းသာယာ လှပရေး၊ အများပြည်သူ အပန်းဖြေ အနားယူနိုင်ရေး၊ မြစ်ကမ်းတလျှောက် မြို့နယ်ချင်းဆက် လမ်းများဖောက်လုပ်နိုင်ရေး၊ ကူးတို့ဆိပ်များ တည်ဆောက်နိုင်ရေးစသည့် မြို့ပြဖွံ့ဖြိုးမှုကို အထောက်အကူပြုမည့် ရှေရှည်အစီအမံများကို ရေးဆွဲဆောင်ရွက်နိုင်ရန် အစိုးရ စီစဉ်လျက်ရှိသည်။
“ ၅ နှစ် စီမံကိန်းအဖြစ် ၂၀၁၇ – ၂၀၁၈ ဘဏ္ဍာရေးနှစ်မှ စတင်ကာ ကမ်းပြိုကမ်းစားမှု ဖြစ်ပေါ်စေသော ငမိုးရိမ်ချောင်း မြစ်ကွေ့ ၂၅ ခု ပြုပြင်ရေး လုပ်ငန်းများကို ဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေ ရရှိမှုပေါ် မူတည်၍ ဆောင်ရွက်သွားရန် လျာထားပြီး ဖြစ်ပါတယ်”ဟု ဝန်ကြီးက ပြောသည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနသည် မြစ် ချောင်းများ ဖွံ့ဖြိုးရေး၊ မြို့ရွာများ ရေတိုက်စားမှုနှင့် ကမ်းပြိုမှုတို့မှ ကာကွယ်ရေး၊ ရေကြောင်း သွားလာမှု လုံခြုံ ချောမွေ့ရေး စသည့် ရည်မှန်းချက်များကို အကောင်အထည်ဖော်ရာတွင် ရေလမ်းထိန်း အဆောက်အအုံများ တည်ဆောက်ခြင်း၊ သောင်တူးခြင်း၊ ရေလမ်းသတ်မှတ်ခြင်းနှင့် ရေကြောင်းသွားလာမှုကို အဟန့်အတားဖြစ်စေသည့် အရာများ ဖယ်ရှားရှင်းလင်းခြင်းစသည့် လုပ်ငန်းတာဝန်များကို မြစ်ချောင်းများ ထိန်းသိမ်းရေး ဥပေဒနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။