ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်အတွင်းရှိ ကျူးကျော်နေထိုင်သူများ စာရင်းကို စက်တင်ဘာ ၂ ရက်က စတင်ကောက်ယူနေပြီဖြစ်ကြောင်း သိရသည်။
“ ဒဂုံတောင်မှာ ကောက်တာက ပြီးခဲ့တဲ့အပတ် သောကြာနေ့ကတည်းက စာရင်းက အတိအကျတော့ မသိသေးဘူး။ ကောက်တဲ့အဖွဲ့တွေ ပြန်မလာသေးဘူး” ဟု ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ဧရာဝတီကို ပြောသည်။
ကျူးကျော်နေထိုင်သူများ စာရင်းကောက်ယူရေး လုပ်ငန်းစီမံချက် အစည်းအဝေးကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဦးဆောင်၍ သြဂုတ် ၁၈ ရက်က တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး၌ ပြုလုပ်ခဲ့ပြီးနောက်ပိုင်း ထိုသို့ကွင်းဆင်း စာရင်းကောက်ယူခြင်း ဖြစ်သည်။
ကျူးကျော်နေထိုင်သူများစာရင်း စတင်ကောက်ယူနေပြီ ဖြစ်သော်လည်း နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်များကြောင့် လုပ်ငန်းနှောင့်နှေးမှုများ ရှိနေကြောင်းနှင့် နည်းပညာပိုင်းဆိုင်ရာ မှားယွင်းမှုများ ပြုပြင်ပြီးမှ စာရင်းပြန်လည် ကောက်ယူနိုင်မည့် အခြေအနေရှိကြောင်း ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးညီညီက ပြောသည်။
“စာရင်း ကောက်တယ်။ ဒါပေမယ့် ကောက်တဲ့ဟာက အဆင်ပြေတဲ့ဆီ မရောက်ဘူး။ နည်းပညာ မှားယွင်းမှုတွေ၊ လိုအပ်ချက်တွေ ရှိနေတော့ အဲဒါတွေကို ပြုပြင်ပြီးမှပဲ ပြန်လည်ကောက်ယူနိုင်မယ့် အနေအထား ဖြစ်နေပါတယ်” ဟု ၎င်းက ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ကျူးကျော်နေထိုင်သူများကို စာရင်းကောက်ယူရာ၌ အမှန်တကယ် ကျူးကျော်သူများ၊ ကျူးကျော်အချင်းချင်း ပြန်လည်ငှားရမ်းခြင်း၊ စီးပွားဖြစ် ကျူးကျော်ခြင်း၊ မင်းမဲ့စရိုက်ပုံစံ ကျူးကျော်ခြင်း၊ အသိအမှတ်ပြု ကျူးကျော်ခြင်း ဟူ၍ အမျိုးအစား ၅ မျိုးခွဲခြား၍ ကောက်ယူသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ကျူးကျော်နေထိုင်သူများ စာရင်းကောက်ယူရာတွင် ကွန်ပျူတာပညာရှင် ၁၈ ဦး၊ စာရင်းကောက်ယူမည့်သူ ၃၀ ဦး၊ ဝန်းရံစာရင်းကောက်ယူမည့်သူ ၃၀ ဦး၊ စုစုပေါင်း ၇၈ ဦး ပါဝင်သည့်အပြင် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်းအစိုးရ အဖွဲ့ဝင်များ၊ မီးသတ်၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများက ပူးပေါင်းပါဝင် ကောက်ယူကြကြောင်း ဦးညီညီက ဆက်ပြောသည်။
“ဒီလိုမျိုး ဆောင်ရွက်တဲ့အခါမှာ အင်မတန်စေတနာပါဖို့ အရေးကြီးတယ်။ အုပ်ချုပ်ရေးပိုင်းတွေအနေနဲ့ မိမိတို့ရပ်ကွက်မှာ ဘယ်သူကတော့ တကယ်ကျူးတာလဲ။ ဘယ်သူကတော့ အခွင့်အရေးသမားလဲ ဆိုတာကို စေတနာထားပြီး ဆောင်ရွက်မယ်ဆို တကယ်မြေယာမဲ့တဲ့ ပြည်သူတွေအနေနဲ့ နေစရာလေးရလာမယ်” ဟု ဦးညီညီက ဆိုသည်။
အစိုးရသစ်လက်ထက် ကျူးကျော်နေထိုင်သူများနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ကျူးကျော်များကို နေစရာနှင့် အလုပ်အကိုင်များ ဖန်တီးပေးကာ နောင်တချိန်တွင် ကျူးကျော်ဘဝမှ ပြောင်းလဲပေးသည့် အစိုးရခေတ်တခေတ် သမိုင်းတွင်ကျန်ရစ်ရန် ကြိုးပမ်းလုပ်ဆောင်မည်ဟု ပြီးခဲ့သည့်မေလ ၂၆ ရက်က ကတိပြု ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး ခရိုင်လေးခုတွင် ကျူးကျော်နေထိုင်သူများ ခန့်မှန်းစာရင်း၌ အရှေ့ပိုင်းခရိုင်တွင် လူဦးရေ ၁ သိန်း ၅ သောင်းကျော်၊ အနောက်ပိုင်းခရိုင်တွင် ၈ သောင်းကျော်နှင့် တောင်ပိုင်းခရိုင်တွင် ၉ သောင်းကျော်၊ မြောက်ပိုင်းခရိုင်၌ ၁ သိန်း ၇ သောင်းကျော် ရှိကြောင်း တိုင်းအစိုးရအဖွဲ့ရုံး၏ စာရင်းမှတ်တမ်းများအရ သိရသည်။