မန္တလေးခရိုင် အောင်မြေသာစံမြို့နယ် ပြည်လုံးချမ်းသာရပ်ကွက်ရှိ နေအိမ်တွင် အသက် ၅၅ အရွယ် အမျိုးသမီးကို ဓားဖြင့်ထိုး၍ ရွှေထည်ပစ္စည်းများ လုယူမှုဖြစ်ပွားခဲ့သူကို ဖမ်းမိပြီဖြစ်ကြောင်း သိရသည်။
ယနေ့ နေ့လယ် ၁၁ နာရီခွဲက ပြည်လုံးချမ်းသာ ရပ်ကွက်တွင် နေထိုင်သည့် အသက် ၅၅ နှစ် အရွယ်ရှိ ဒေါ်နီနီအောင် တဦးတည်း နေအိမ်တွင်း ရှိနေစဉ် ကျော်မင်းအောင် ခေါ် သူရိန် အပါအဝင် ၂ ဦးက နေအိမ်အတွင်းဝင်ရောက်ကာ ဓါးဖြင့် ထိုးခဲ့ကြောင်း၊ ထို့နောက် ၂ ကျပ်သားခန့်ရှိ ၁၆ သိန်းနီးပါး တန်ဖိုးရှိသည့် ရွှေဆွဲကြိုးတစ်ကုံး ၊ Samsung S5 အမျိုးအစား လက်ကိုင်ဖုန်းတို့ကို လုယူကာ ထွက်ပြေးသွားခြင်းဖြစ်ကြောင်း သိရသည်။
ဓားထိုးခံရသည့် ဒေါ်နီနီအောင်တွင် ဝဲဘက်ရင်အုံထိုးသွင်းဒဏ်ရာ ၁ ချက်l ဝဲဘက်မျက်လုံးဖူးယောင် ဒဏ်ရာ ၁ ချက်l ဝဲဘက်နားရွက်ပြတ်ရှဒဏ်ရာ ၁ ချက်ရရှိခဲ့ကာ မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ကုသနေရပြီး စိုးရိမ်ရသည့် အခြေအနေရှိနေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
“စက်ရုံမှာ အလုပ်လုပ်ခဲ့တဲ့ အလုပ်သမားဟောင်းပါ။ ကြိုတင်ငွေယူထားပြီး အလုပ်မလာတာကြောင့် ရန်ကင်းတောင်အုပ်ချုပ်ရေးမှူး ရှေ့မှာခံဝန်ထိုးထားတယ်။ ဒီနေ့ ပိုက်ဆံပေးမယ်ဆိုပြီး ဖုန်းဆက်တော့ အိမ်ရောက်နေတယ်လို့ပြောတယ်။ အမျိုးသမီးက တစ်ယောက်ထဲကျန်ခဲ့တာ။ အကြွေးဆပ်မယ်အထင်နဲ့တံခါးဖွင့်ပေးတာနေမှာ။ အဲဒီမှာ အခုလိုဖြစ်တာပါပဲ”ဟု ဒေါ်နီနီအောင်၏ ခင်ပွန်းဖြစ်သည့် ဦးကျော်ကျော်လွင်က ပြောသည်။
လုယက်မှု ကျုးလွန်သူ ကျော်မင်းအောင်သည် ဦးကျော်ကျော်လွင်တို့ ပိုင်ဆိုင်သည့် ပီနံနှင့် ကော်စေ့စက်ရုံတွင် အလုပ်သမား အဖြစ်လုပ်ကိုင်ခဲ့သူဖြစ်ကြောင်း၊ ရက် ၂၀ ခန့်သာ အလုပ်လုပ်ကိုင်ခဲ့သော်လည်း ကြိုတင်ငွေ ထုတ်ယူထားကြောင်း၊ အဆိုပါငွေကို ပြန်လည်ပေးဆပ်ရန် ၎င်း နေထိုင်ရာ ရန်ကင်းတောင် ကျေးရွာအုပ်ချုပ်ရေးမှူးထံတွင် ခံဝန်ထားရှိခဲ့ကြောင်း ရဲတပ်ဖွဲ့သတင်းအရ သိရသည်။
” ရဲတပ်ဖွဲ့က အဖွဲ့ခွဲပြီး တရားခံတွေ ထွက်ပြေးတဲ့နောက်ကို နယ်မြေခံရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးခဲ့သလို နယ်မြေလုံခြုံရေးအတွက် လှည့်ကင်းဆောင်ရွက်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကိုလည်း အကြောင်းကြားပြီး ဆောင်ရွက်ခဲ့ရာက အဓိကတရားခံကို နာရီပိုင်းအတွင်း ဖမ်းဆီးရမိခဲ့ပါတယ်”ဟု အမှတ် ၄ နယ်မြေ ရဲစခန်းမှ စခန်းမှူး ရဲအုပ် မြတ်ကျော်သူက ပြောသည်။
လုယက်မှုကို ကျူးလွန်သူ ကျော်မင်းအောင်သည် ပြစ်မှုကျုးလွန်ပြီးနောက် ထွက်ပြေးစဉ် လမ်း ၈၀- ၃၄ လမ်းထောင့် အရောက်တွင် မော်တော်ယာဉ်ဖြင့် တိုက်မိပြီး ဆေးရုံသို့ရောက်လာဖြင့် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ထွက်ပြေးသွားတဲ့သူတွေက မနက်ပိုင်းကတည်းက အရပ်ထဲကိုဆိုင်ကယ်နဲ့ရောက်နေကြတာ။ ပတ်ဝန်းကျင်ကလည်း အမတို့အိမ်မှာ အလုပ်သမားတွေအဝင်အထွက်ရှိနေတာကို သိတော့ ပုံမှန်အတိုင်းပဲနေတယ်။ စဖြစ်တာကို သူက ကယ်ကြပါ အနုကြမ်းစီးနေပါတယ်လို့ အော်တာနဲ့ ဘေးအိမ်ကမြင်တော့ ဆိုင်ကယ်နဲ့မောင်းပြီးထွက်ပြေးသွားတယ်” ဟု မောင်ဝမ်းကွဲဖြစ်သူ ဦးခင်မောင်ဇော်ကပြောသည်။
ပြစ်မှုကျူးလွန်သူ ကျော်မင်းအောင် ခေါ် သူရိန်ကို ပုဒ်မ ၃၉၄ ဖြင့် အမှတ် ၄ နယ်မြေရဲစခန်းက အမှုဖွင့်အရေးယူထားပြီး လွတ်မြောက်နေသည့် တဦးကိုလည်း အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေကြောင်း သိရသည်။