ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်တွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်နှင့် နိုင်ငံခြားသား တချို့ ပါ၀င်နေခြင်းသည် မိမိနိုင်ငံ၏ ပြည်တွင်းရေးကို နိုင်ငံတကာ ပြဿနာအဖြစ် ဖန်တီးရာရောက်သဖြင့် ကန့်ကွက်ကြောင်း အရေးကြီးအဆိုကို ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော်တွင် လက်ခံဆွေးနွေးခဲ့သော်လည်း မဲခွဲဆုံးဖြတ်ပြီးနောက် ပယ်ချခံခဲ့ရသည်။
ယင်းအဆိုကို မဲဲခွဲဆုံးဖြတ်ရာတွင် ကန့်ကွက်သူ ၂၅၀ ဦး၊ ထောက်ခံသူ ၁၄၈ ဦးနှင့် ကြားနေသူ တဦးရှိခဲ့သဖြင့် ပေါက်တောမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဇံ၏ အဆိုမှာ ရှုံးနိမ့်သွားခဲ့ရသည်။
အထက်ပါ အရေးကြီးအဆိုကို အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ လွှတ်တော် ကိုယ်စားလှယ် ၂၁ ဦး၊ အတိုက်အခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၅ ဦး၊ ရခိုင် အမျိုးသား ပါတီမှ ၄ ဦးနှင့် တပ်မတော်သား ကိုယ်စားလှယ် ၄ ဦး စုစုပေါင်း ၃၄ ဦးတို့က ၄င်းတို့၏ အမြင်များဖြင့် ဆွေးနွေးခဲ့ကြသည်။
နိုင်ငံတော် အတိုင်ပင်ခံရုံး ၀န်ကြီးဌာန၏ ၂၀၁၆ သြဂုတ်လ ၂၆ ရက်နေ့က ထုတ်ပြန်ခဲ့သည့် သတင်း ထုတ်ပြန်ချက်အရ ဖွဲ့စည်းခဲ့သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်တွင် နိုင်ငံခြားများ ပါ၀င်ပတ်သက်နေခြင်းသည် မိမိနိုင်ငံ၏ ပြည်တွင်းရေး ပြဿနာကို နိုင်ငံတကာ ပြဿနာအဖြစ် ဖန်တီးရာ ရောက်စေသဖြင့် အဆိုပါ ကော်မရှင်တွင် ပြည်တွင်းမှ တတ်သိ ပညာရှင်များဖြင့်သာ ပါ၀င် ဖွဲ့စည်း သင့်ပါကြောင်း နိုင်ငံတော် အစိုးရအား တိုက်တွန်းသည့် အရေးကြီးအဆို ဖြစ်သည်။
ထိုကဲ့သို့ တိုက်တွန်းသည့် အဆိုကို NLD ပါတီမှ လွှတ်တော် ကိုယ်စားလှယ် ၂၁ ဦးက ကန့်ကွက် ဆွေးနွေးခဲ့ကြပြီး USDP ၊ ANP နှင့် တပ်မတော်သား ကိုယ်စားလှယ်များက အပြင်းအထန် ကန့်ကွက်ခဲ့ကြသည်။
အဆိုကို ကန့်ကွက် ဆွေးနွေးသူများက ကိုဖီအာနန်သည် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း တဦး ဖြစ်သည့်အပြင် ငြိမ်းချမ်းရေး နိုဗဲလ်ဆုရှင်နှင့် နိုင်ငံတကာမှ လက်ခံယုံကြည်ရသူ တဦး ဖြစ်ခြင်း၊ ကိုဖီအာနန်အပါအဝင် အခြား ကော်မရှင်အဖွဲ့ဝင်များမှာ ဘက်လိုက်မှုကင်းခြင်း၊ လူအများ၏ လေးစားမှုကို ခံရခြင်း၊ အတွေ့အကြံု ရင့်ကျက်သူများ ဖြစ်ခြင်း၊ ထင်ပေါ်ကျော်ကြားခြင်းတို့ကြောင့် ယင်းကော်မရှင်၏ အကြံပြုချက်များကို လေ့လာသုံးသပ်ပြီးမှသာ ဆုံးဖြတ်ချက် ချသင့်ကြောင်း ဆွေးနွေးကြသည်။
ရခိုင်ပြည်နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နီနီမေမြင့်က “ရခိုင်အရေးက ပြည်တွင်းရေး သက်သက်လို့ ပြောရလောက်အောင် မရိုးရှင်းတော့ပါဘူး” ဟု လွှတ်တော်တွင် ဆွေးနွေးသည်။
အဆိုကို ထောက်ခံ ဆွေးနွေးသူများကမူ ပြည်တွင်းရေး ပြဿနာကို နိုင်ငံတကာ ပြဿနာ ဖြစ်အောင် မလုပ်သင့်ကြောင်း၊ ကော်မရှင်၏ အကြံပြုချက်များကြောင့် ပဋိပက္ခများ ပိုမိုပြင်းထန်လာနိုင်ကြောင်းနှင့် ကော်မရှင် ဖွဲ့စည်းပေးခဲ့သည့် နိုင်ငံတော် အတိုင်ပင်ခံရုံး ၀န်ကြီး ဌာန၏ လုပ်ပိုင်ခွင့်များနှင့် ပတ်သက်၍လည်း မေးခွန်းထုတ် ဆွေးနွေးခဲ့ကြသည်။
“အခုဖြစ်တဲ့ ပြဿနာက ဒီကော်မရှင်ဖွဲ့လိုက်တာက သူခိုးကို ဓားရိုးကမ်းလိုက်တာပါ။ အခုအစိုးရ ဦးဆောင်မှုအောက်မှာ လုပ်ရမယ့် အစား နိုင်ငံတကာက လူတွေကို ပညာရှင်ဆိုပြီး ခေါ်လိုက်တာဟာ ကျနော်တို့အတွက် သိက္ခာကျပါတယ်။ ပြည်ထောင်စု စိတ်ဓာတ် ကင်းမဲ့ရာ ကျပါတယ်”ဟု မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောက လွှတ်တော်တွင် ပြောကြားသည်။
ဦးဦးလှစော ဆွေးနွေးစဉ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ဆွေးနွေးစရာ ရှိသည်ကိုသာ ဆွေးနွေးရန်နှင့် ပါတီစွဲ၊ လူမျိုးစွဲများ ထည့်သွင်းပြောကြားခြင်း မပြုရန် သတိပေးခဲ့သည်။
တပ်မတော်သား ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မြဦးကလည်း နိုင်ငံတော် အတိုင်ပင်ခံဆိုင်ရာ ဥပဒေတွင် တာဝန်နှင့် လုပ်ပိုင် ခွင့်များ အခန်း၌ ကော်မရှင် ဖွဲ့စည်းဆောင်ရွက်ရန် အခွင့်အာဏာ ပေးအပ်ထားခြင်း မရှိကြောင်း ပြောဆိုသည်။
ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေတွင် နိုင်ငံတော် သမ္မတကသာ စာချုပ်များနှင့် သဘောတူညီချက်များကို ဆောင်ရွက် ခွင့်ရှိ သဖြင့် နိုုင်ငံတော် အတိုင်ပင်ခံရုံး ၀န်ကြီးဌာနနှင့် ကိုဖီအာနန် ဖောင်ဒေးရှင်းတို့ကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းသည် ၀န်ကြီးဌာန တခု၏ လုပ်ပိုင်ခွင့်အဖြစ် ခွင့်ပြုထားခြင်း ရှိ၊ မရှိ၊ ပြည်ထောင်စု အစိုးရကို တင်ပြခွင့်ပြုချက် တောင်းခံထားခြင်း ရှိ၊ မရှိတို့ကို တပ်မတော်သား ကိုယ်စားလှယ်များက မေးခွန်းထုတ်ကြသည်။
ကော်မရှင် ကုန်ကျစရိတ်သည် နိုင်ငံတော် ဘဏ္ဍာငွေမှ ကျခံသုံးစွဲမယ်ဆိုပါက နားလည်မှု စာချွန်လွှာကို နိုင်ငံတော် အတိုင်ပင်ခံရုံး ၀န်ကြီးဌာနအနေနှင့် လက်မှတ်ရေးထိုးနိုင်ခြင်း မရှိဘဲ ပြည်ထောင်စု လွှတ်တော်၏ ခွင့်ပြုချက်ရယူရန် လိုအပ်ကြောင်း၊ ကော်မရှင် ကုန်ကျစရိတ်ကို ပြည်ပအထောက်အပံ့နှင့် ဆောင်ရွက်မယ်ဆိုပါကလည်း မည်သည့်နိုင်ငံ၊ မည်သည့့် အဖွဲ့အစည်း၏ အထောက်အပံ့ ပွင့်လင်းမြင်သာမှု ရှိစွာ ချပြရမည်ဟုလည်း ပြောဆိုကြသည်။
“ကော်မရှင်ရဲ့ လူ့အခွင့်အရေးကို လွန်စွာ ဦးစားပေးမှုကို အခြေခံသော သုံးသပ်ချက်တခုခုကြောင့် နိုင်ငံတော်နှင့် နိုင်ငံသားများအကျိုး၊ ဒေသခံ တိုင်းရင်းသားတို့၏ မူလရပိုင်ခွင့်များအပေါ် မလိုလားအပ်သော ဆိုကျိုးများ ဖြစ်ပေါ်လာပါက လွှတ်တော်ကိုယ်စားလှယ်များမှာ သမိုင်းကြောင်းအရ တာဝန်ရှိမည်ဖြစ်ကြောင်း တင်ပြအပ်ပါတယ်” ဟုလည်း ဒုတိယ ဗိုလ်မှူးကြီး မြဦးက ပြောသည်။
USDP ပါတီမှ ရပ်စောက်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်မြင့်ကလည်း ကော်မရှင်၏ အဖြေသည် ရခိုင် တိုင်း ရင်းသားနှင့် မြန်မာပြည်သူများ၏ လိုလားချက်နှင့် ဆန့်ကျင်နေပါက နိုင်ငံအဝှမ်း ပဋိပက္ခများ ဖြစ် ပွားလာနိုင်ကြောင်း၊ ထို့ပြင် ၂၁ ရာစု ပင်လုံမှ မတူညီသည့် တောင်းဆိုချက်များ အပေါ် မူတည်ပြီး တိုင်းရင်းသား လက်နက်ကိုင်များသည် မိမိတို့ အကျိုးစီးပွားအတွက် ဆူပူမှုများ လုပ်ဆောင်နိုင်ကြောင်း ပြောဆိုသည်။
ယင်းဆွေးနွေးချက်များနှင့် ပတ်သက်၍ အဓိက တာဝန်ယူ ဖြေရှင်းရသည့် နိုင်ငံတော် အတိုင်ပင်ခံရုံး ၀န်ကြီးဌာနကမူ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကပင် နိုင်ငံတကာ ပြဿနာအဖြစ် ဖန်တီးထားခဲ့သည့် ကိစ္စရပ်တခုကို နိုင်ငံတကာနှင့် မြန်မာနိုင်ငံမှ ထင်ပေါ်ကျော်ကြားသည့် ရိုသေလေးစားမှု ခံရသည့် ပုဂ္ဂိုလ်များ ပါ၀င်သည့် အကြံပေးကော်မရှင် ဖွဲ့စည်းခြင်းသည် နိုင်ငံတော် လုံခြံုရေးနှင့် အမျိုးသား အကျိုးစီးပွားကို ကာကွယ်ရန်အတွက် စီစဉ်ဆောင်ရွက်ချက်ဖြစ်သဖြင့် ပေါက်တော မဲဆန္ဒနယ်က ဦးအောင်ကျော်ဇံတင်သွင်းတဲ့ အရေးကြီးအဆိုကို အတည်မပြုသင့်ကြောင်း ပြောသည်။
ယင်းဝန်ကြီးဌာန ဒုဝန်ကြီး ဦးခင်မောင်တင်က “မစ္စတာ ကိုဖီအာနန်အနေနဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုုဂ္ဂိုလ် တောင်းဆိုမှုကို လက်ခံခြင်းဟာ မိမိတို့ အစိုးရသစ်ရဲ့ ဒီမိုကရေစီ စံနှုန်းတွေကို လေးစားလို့ ဖြစ်ပြီး သူ့အနေနဲ့ အစိုးရရဲ့ ဆောင်ရွက်ချက်တွေကို နိုင်ငံတကာက နားလည်လက်ခံလာအောင် ပူးပေါင်းဆောင်ရွက်မှု ပြသလိုတာကြောင့် ဖြစ်ပါတယ်”ဟု လွှတ်တော်တွင် ပြောဆိုသွားခဲ့သည်။