မြန်မာနိုင်ငံတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်သော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်ကို ဆန့်ကျင်သောအားဖြင့် ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ရာပေါင်းများစွာသော လူများ စုဝေးခဲ့ကြသည်။ အဆိုပါကော်မရှင်အဖွဲ့သည် နိုင်ငံ၏ ဗုဒ္ဓဘာသာဝင်များနှင့် ရိုဟင်ဂျာ ဟု လူသိများသော မွတ်စလင် ဘာသာဝင်များ အကြား ပဋိပက္ခများကို ဖြေရှင်းရန် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
“ရိုဟင်ဂျာ” အကျပ်အတည်းက ဒေါ်အောင်ဆန်းစုကြည်၏ လူ့အခွင့်အရေး လေးစားလိုက်နာမှုအပေါ် မေးခွန်းထုတ်စရာဖြစ်ခဲ့ပြီး ပြီးခဲ့သည့်နှစ် ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရရှိခဲ့သော သူ၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အတွက် နိုင်ငံရေးအရ ထိရှလွယ်သော ပြဿနာဖြစ်သည်။
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် မိုးရွာသွန်းနေသော်လည်း ဆန္ဒပြပွဲကို ဒေသခံများနှင့် သံဃာတော်များ ပါဝင်ခဲ့ပြီး ဒါဇင်များစွာသော ရဲတပ်ဖွဲ့များက စောင့်ကြပ်ခဲ့သည်။ အဆိုပါ ကော်မတီ အဖွဲ့တွင် နိုင်ငံခြားသားများ ပြည်တွင်းရေးတွင် ဝင်စွက်ဖက်သည်ဟု ယူဆသောကြောင့် ၎င်းတို့က ဆန့်ကျင် ဆန္ဒပြခြင်းဖြစ်သည်။
ကိုဖီအာနန်၏ လေယာဉ်ဆိုက်ရောက်လာသောအခါ ဆန္ဒပြသူများက အော်ဟစ်ကြွေးကြော်၍ ဆန္ဒပြခဲ့ကြသည်။ စစ်တွေသို့ လာရောက်သည့် ကိုဖီအာနန်၏ ၂ ရက် ခရီးစဉ်အတွင်း မွတ်စလင်နှင့် ဗုဒ္ဓဘာသာဝင် ရခိုင်တိုင်းရင်းသားများ ၂ ဖက်အသိုင်းအဝိုင်းမှ အဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး မိန့်ခွန်းပြောကြားမည့် နေရာသို့ ၎င်းယဉ်တန်းနောက်မှ ဆန္ဒပြသူများက လိုက်လာခဲ့ကြသည်။
“ဒီကော်မရှင်မှာ နိုင်ငံခြားသားတွေ ပါဝင်တာ မတွေ့ချင်ပါဘူး။ ရခိုင်လူမျိုးတွေ ပါဝင်တဲ့ ကော်မရှင်တခုကိုပဲ တွေ့ချင်ပါတယ်”ဟု အသက် ၅၂ နှစ်အရွယ် လက်သမားတဦးဖြစ်သူ ဦးကျော်ဇင်ေ၀ Reuters သတင်းဌာနသို့ ပြောသည်။ ထို့ပြင် ၎င်းက ကော်မရှင်တွင် ပါဝင်သော ရခိုင်တိုင်းရင်းသား ၂ ဦးမှာလည်း ရခိုင်လူမျိုးများကို ကိုယ်စားမပြုကြောင်း ပြောသည်။
၂၀၁၂ ခုနှစ်တွင် ရခိုင်ပြည်နယ်၌ ဒေသခံ ရခိုင်တိုင်းရင်းသား ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင် ဘာသာဝင်များအကြား ပဋိပက္ခဖြစ်ပွားခဲ့ရာ လူပေါင်း ၁၀၀ ကျော် အသတ်ခံခဲ့ရပြီး အိမ်များမှာလည်း ဖျက်ဆီးခံခဲ့ရသည်။
လူဦးရေ ၁၂၅၀၀၀ ဦးမှာ ရွေ့ပြောင်းနေထိုင်ရဆဲဖြစ်ပြီး လွတ်လပ်စွာ သွားလာနေထိုင်ရန် တားဆီးခံထားရသော မွတ်စလင် အများစုမှာ အခြေခံဝန်ဆောင်မှုများ ရရှိရန် ကန့်သတ်ခံခဲ့ရပြီး မြန်မာနိုင်ငံသားအဖြစ် လက်ခံရန် ငြင်းပယ်ခံရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် စစ်အစိုးရလက်ထက်တွင် ရေးဆွဲခဲ့သော ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ သမ္မတဖြစ်ရန် တားဆီးခံခဲ့ရသော်လည်း တိုင်းပြည်တွင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ဦးဆောင်နေပြီး အဆိုပါ ပဋိပက္ခများကို ဖြေရှင်းရန် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်အဖွဲ့ကို ပြီးခဲ့သည့်လက ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ယခုလတွင် အမေရိကန်နိုင်ငံသို့ သွားရောက်ရန် စီစဉ်ထားရာ ၎င်းသည် မြန်မာနိုင်ငံအတွက် နောက်ထပ် အရေးယူပိတ်ဆို့မှုများ ဖြေလျော့ပေးရန် စဉ်းစားခဲ့သော်လည်း ရခိုင်အရေးကိစ္စ အခြေအနေများ တိုးတက်ရန် သူ၏ ကြိုးစားအားထုတ်မှုအပေါ် မေးခွန်းများနှင့် ရင်ဆိုင်ရဖွယ် ရှိသည်။
ထိုကော်မရှင်ကို ဝေဖန်ခဲ့သည့် ရခိုင်အမျိုးသားပါတီ (ANP)မှ ခေါင်းဆောင်အချို့က နိုင်ငံခြားသားများမှာ ရခိုင်ပြည်နယ်၏ သမိုင်းကြောင်းကို နားလည်နိုင်မည် မဟုတ်ကြောင်း ပြောသည်။
“ဒီနိုင်ငံမှာ ကိုယ်ပိုင် အချုပ်အခြာအာဏာ ရှိပါတယ်။ အဲဒါကြောင့် ပြည်တွင်းရေးမှာ နိုင်ငံခြားသား ဝင်ရောက်စွက်ဖက်တာကို ကျနော်တို့ လက်မခံနိုင်ပါဘူး”ဟု ရခိုင်အမျိုးသားပါတီ အတွင်းရေးမှူး ဦးအောင်သန်းေ၀ က ပြောသည်။
စက်တင်ဘာလ ၅ ရက်နေ့က ရန်ကုန်တွင် ပြုလုပ်ခဲ့သော တွေ့ဆုံဆွေးနွေးပွဲတွင် ထိုကော်မရှင်အဖွဲ့ဝင်များနှင့် ဒေါ်အောင်ဆန်းစုကြည်အား ကိုဖီအာနမ်က ရခိုင်ပြည်နယ်၏ ရှည်လျားသော ပဋိပက္ခနှင့် ပတ်သတ်၍ ဘက်လိုက်မှုမရှိဘဲ ချဉ်းကပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ပဋိပက္ခ၏ ဘက်ပေါင်းစုံမှ အသံများကိုနားထောင်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။